Wave Money သည် လူမှုဖူလုံရေးထောက်ပံ့ငွေများအတွက် လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်လာ

ဝန်ဆောင်မှုစတင်လုပ်ဆောင်ရာ၌ Wave Money သည် ယခုကာလတွင် ပြည်သူများအတွက် အလိုအပ်ဆုံး ဖြစ်သောဆေးကုသမှုနှင့် COVID-19 စောင့်ကြည့်ခံရသူများအတွက် ထောက်ပံ့ပေးသည့် လူမှုဖူလုံရေး ငွေကြေးအကျိုး ခံစားခွင့်များ၊ ကိုယ်ဝန်ဆောင်မိခင်များ မကျန်းမာမှုအကျိုးခံစားခွင့်နှင့် ဆေးဖိုးစိုက်ထုတ်ကုန်ကျငွေများအား ပြန်လည် ထုတ်ပေးခြင်းတို့ကို Pilot အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Wave Money သည် မြန်မာနိုင်ငံရှိ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူများ၏ အကျိုးခံစားခွင့်များအတွက် တရားဝင် လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှုပလက်ဖောင်းတစ်ခုအဖြစ် ၂၀၂၀ ခုနှစ် ဧပြီလ ၆ ရက် တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။ လူမှုဖူလုံရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ သက်ဆိုင်သည့် အစိုးရဝန်ထမ်းများ၊ အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ မှတ်ပုံတင်ပြီးသော အလုပ်သမားများ၊ ပုဂ္ဂလိကကဏ္ဍများမှ ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ငွေကြေးအကျိုးခံစားခွင့်များ၊ ထည့်ဝင်ကြေးများပေးသွင်း ခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ (Social Security Board – SSB) မှ တာဝန်ယူ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

Photo Source https://web.facebook.com/WaveMoney/

လူမှုဖူလုံရေးငွေကြေးအကျိုခံစားခွင့်ရရှိသူများအနေနှင့် ၎င်းတို့၏ အကျိုးခံစားခွင့်ထောက်ပံ့ငွေများကို Wave Money ဖြင့် ထုတ်ယူရရှိလိုပါက နီးစပ်ရာလူမှုဖူလုံရေးရုံးသို့ သွားရောက်ကာ လိုအပ်သော အချက်အလက် များကို ရုံးမှပေးသော ဖောင်တွင် ဖြည့်စွက်ရမည်ဖြစ်ပြီး WavePay အပ်ပလီကေးရှင်းကို ၎င်းတို့၏ ဖုန်းတွင် ထည့်သွင်းရန်လိုအပ်ပါသည်။ အကျိုးခံစားခွင့်ရရှိသူများအနေနှင့် လူမှုဖူလုံရေးရုံးမှပေးပို့သော ထုတ်ယူခွင့် စာတို(message) ရရှိပါကမည်သည့် Wave Money ဆိုင်တွင်မဆို အကျိုးခံစားခွင့်ထောက်ပံ့ငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
“အွန်လိုင်းငွေပေးချေမှုစနစ်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အရေးအကြီးဆုံး လိုအပ်ချက် တွေထဲက တစ်ခုဖြစ်ပါတယ်။ Wave Money အနေနဲ့ ဒီလိုအပ်ချက်ကို လွယ်ကူလျင်မြန်ပြီး ပိုမိုစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ ငွေသားမဲ့လူ့အဖွဲ့အစည်း တစ်ခုကို အကောင် အထည်ဖော်ဆောင်သွားဖို့ ဆိုတာက Wave Money အနေနဲ့လည်းကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံ လူမှုဖူလုံ ရေးအဖွဲ့အတွက် လုပ်ကိုင်ခွင့်ရအွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုအဖြစ် ဝန်ဆောင်မှုပေးခွင့်ရ တဲ့အတွက် ကျွန်တော်တို့ တကယ့်ကို အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု Wave Money ၏ အမှုဆောင် အရာရှိချုပ် Brad Jones က ပြောကြားသည်။
ဝန်ဆောင်မှုစတင်လုပ်ဆောင်ရာ၌ Wave Money သည် ယခုကာလတွင် ပြည်သူများအတွက် အလိုအပ်ဆုံး ဖြစ်သော ဆေးကုသမှုနှင့် COVID-19 စောင့်ကြည့်ခံရသူများအတွက် ထောက်ပံ့ပေးသည့် လူမှုဖူလုံရေး ငွေကြေးအကျိုးခံစားခွင့်များ၊ ကိုယ်ဝန်ဆောင်မိခင်များ မကျန်းမာမှုအကျိုးခံစားခွင့်နှင့် ဆေးဖိုးစိုက်ထုတ် ကုန်ကျငွေများအား ပြန်လည်ထုတ်ပေးခြင်းတို့ကို Pilot အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် ထပ်တိုးလုပ်ဆောင်မည့်ဝန်ဆောင်မှုများကို Wave Money မှ ထပ်မံကြေညာ ပေးသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/WaveMoney/

Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် အေးဂျင့်ဆိုင်ပေါင်း ၅၇၀၀၀ ကျော်နှင့် လည်ပတ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ရှေ့တန်းမှ ဦးဆောင်နေသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့အပြင် Wave Money သည် Telenor ၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Yoma Strategic Holdings တို့နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏အေးဂျင့်ကွန်ရက်များမှတစ်ဆင့် လွယ်ကူလျင်မြန်၍ အားထားရသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ကို ထောက်ပံ့ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ Wave Money သည် ငွေကြေး လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ တမူထူးခြားသည့် နည်းလမ်းတစ်ခုကို မြန်မာပြည်သူများသို့ မိတ်ဆက်ပေးခဲ့ပြီး သန်းချီသော မြန်မာပြည်သူများကို အွန်လိုင်းမှတဆင့် ငွေကြေးလွှဲပြောင်းသော ဝန်ဆောင်မှုကို ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ Wave Money ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှတဆင့် နေ့စဉ် မြန်မာပြည်သူ ထောင်နှင့်ချီ၍ မိမိတို့၏ ငွေကြေးများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ လွှဲပြောင်းလာနိုင်ကြသည်။ Wave Money ၏ Call Center များသည် တစ်ပတ် ၇ ရက်၊ တစ်ရက် ၂၄ နာရီ အချိန်ပြည့် လည်ပတ်လျက်ရှိပြီး သုံးစွဲသူများမှ သိရှိလို၍ မေးမြန်းချက်များကို အချိန်ပြည့်ပြန်လည်ဖြေကြားပေးလျက်ရှိကြောင်းသိရသည်။