မြန်မာနိုင်ငံရွေးကောက်ပွဲကို ကျင်းပနိုင်ရန် Facebook ၏ ဆောင်ရွက်ထားမှုများအကြောင်း

မြန်မာနိုင်ငံ ရွေးကောက်ပွဲကို သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် ကူညီပေးဖို့ဆိုတာ Facebook အနေနဲ့ ပြီးခဲ့တဲ့ လပေါင်း များစွာကတည်းက အချိန်ယူလုပ်ကိုင်ခဲ့တဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
Facebook ကနေ မိတ်ဆက်လိုက်တဲ့ မူဝါဒတွေ၊ နည်းပညာထုတ်ကုန်တွေနဲ့ အစီအစဉ်တွေဟာ အသုံးပြုသူတွေကို ရွေးကောက်ပွဲကာလအတွင်းမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးအပ်နိုင်ဖို့၊ စိတ်ချလုံခြုံမှုရှိစေဖို့နဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က အချက်အလက်တွေ ပြသပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကြော်ငြာတွေ အတွက် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပွင့်လင်းမြင်သာမှုစံနှုန်းအထိ ပြသပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

Photo Source https://bit.ly/3lFkxbc

အောက်ပါ အချက်အလက်တွေကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ Facebook ကနေ ပြင်ဆင်ဆောင်ရွက်နေတဲ့ အဓိက လုပ်ငန်းစဉ်တချို့ ဖြစ်ပါတယ်။
-ရွေးကောက်ပွဲအတွက် သီးသန့်တာဝန်ပေးထားသည့်အဖွဲ့ ဖွဲ့စည်းခြင်း
-နိုင်ငံရေးကြော်ငြာများ ပွင့်လင်းမြင်သာမှုရှိစေရေး မိတ်ဆက်ဆောင်ရွက်ခဲ့ခြင်း
-ကြားဝင်နှောင့်ယှက်မှုများကို တားဆီးကာကွယ်ခြင်း
-ခိုင်လုံသည့် ပင်မ သတင်းရင်းမြစ်မှ မဲပေးခြင်းဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်ရန် လမ်းညွှန်ပေးခြင်း
-သတင်းအချက်အလက်အမှားများ ဖယ်ရှားခြင်းနှင့် ပျံ့နှံ့မှုကို လျှော့ချခြင်း
-အမုန်းစကားများကို ရှင်းလင်းတိုက်ဖျက်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ မြန်မာနိုင်ငံရွေးကောက်ပွဲ သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် Facebook ပလက်ဖောင်းကနေ ကူညီဖို့ ဘာတွေ ကြိုးစားအားထုတ်ထားလဲဆိုတဲ့ နောက်ဆုံးရ အချက်အလက်တွေကို မျှဝေပေးချင်ပါတယ်။
Facebook ပလက်ဖောင်းကနေ မြန်မာနိုင်ငံရွေးကောက်ပွဲ သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် ကူညီဖို့ သတ်မှတ်ကာလ တစ်ခုအတွင်း မြန်မာနိုင်ငံအတွက် သီးသန့် အသုံးချနိုင်အောင် တိုးချဲ့သတ်မှတ်လိုက်တဲ့ မူဝါဒတွေနဲ့ မိတ်ဆက်ပေးခဲ့ပါ တယ်။
လက်ရှိအချိန်ကနေပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အတွင်း Facebook ပေါ်မှာတော့-
-အတည်ပြုစစ်ဆေးနိုင်တဲ့ သတင်းအချက်အလက်အမှားဖြစ်ဖြစ်၊ အတည်ပြုစစ်ဆေးဖို့ ခက်ခဲတဲ့ ကောလဟာလတွေဖြစ်ဖြစ် မဲဆန္ဒရှင်တွေကို တားဆီးနှောင့်ယှက်တဲ့ (ဒါမှမဟုတ်) ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ သမာသမတ်ရှိရှိ ဆောင်ရွက်မှုကို ပျက်ပြားစေတဲ့ အကြောင်းအရာမှန်သမျှကို ဖယ်ရှားနေပါပြီ။
-လူမျိုးရေးနဲ့ ဘာသာရေးအရ ယုံကြည်မှုတွေကို ခုတုံးလုပ်ပြီး တိုက်ခိုက်တဲ့ အကြောင်းအရာ တွေကိုလည်း ဖယ်ရှားနေပါတယ်။
-ရွေ့ပြောင်းအခြေချ နေထိုင်သူအုပ်စု ဒါမှမဟုတ် နိုင်ငံသားအခွင့်အရေး မရရှိတဲ့အုပ်စု (ဥပမာ – ရိုဟင်ဂျာ) တွေကို ကျုးကျော်ဝင်ရောက်သူတွေ ၊ တရားမဝင် နေထိုင်သူတွေ စတဲ့ အသုံးအနှုန်းတွေ၊ ဒီလို အဓိပ္ပါယ်မျိုးတွေနဲ့ နီးစပ်တဲ့ စကားလုံးတွေ အသုံးချပြီး တိုက်ခိုက်တဲ့ အကြောင်းအရာတွေကိုလည်း ဖယ်ရှားပါတယ်။
-Facebook ရဲ့ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း မူဝါဒအောက်မှာ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေ အပါအဝင် မြန်မာနိုင်ငံက အနိုင်ကျင့် တိုက်ခိုက်ခံရလွယ်ကူနိုင်တဲ့ ထင်ပေါ်ကျော်ကြားသူတွေအတွက် အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ ထပ်ပြီး တိုးချဲ့ပြင်ဆင်ပေးထားပါတယ်။

Photo Source https://bit.ly/3iSWnIF

သြဂုတ်လအတွင်းမှာ မြန်မာနိုင်ငံအတွက် အမုန်းစကားဆိုင်ရာ အချက်အလက်အသစ်တွေ ဝေမျှပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်းမှာ အမုန်းစကားတွေကို တားမြစ်ထားတဲ့ Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့အတွက် မြန်မာနိုင်ငံက အကြောင်းအရာပေါင်း (၂၈၀,၀၀၀) ကို အရေးယူနိုင်ခဲ့ပြီး (၉၇ ဒဿမ ၈ ရာခိုင်နှုန်း) သော အကြောင်းအရာတွေက အသုံးပြုသူတွေ မတိုင်ကြားမီ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်၊ ပထမသုံးလပတ်တုန်းက အရေအတွက်ထက် သိသိသာသာ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ အမုန်းစကား မူဝါဒချိုးဖောက်တဲ့ အကြောင်းအရာပေါင်း (၅၁,၀၀၀) ကို အရေးယူနိုင်ခဲ့ပြီး ဒီထဲမှာ (၈၃ ရာခိုင်နှုန်း) က အသုံးပြုသူတွေ မတိုင်ကြားမီ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။
Facebook ရဲ့ အက်ပလီကေးရှင်းတွေမှာ အများပြည်သူ အပြန်အလှန်ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားနေတဲ့ ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှုတွေ ကိုလည်း ဆက်တိုက် ရှာဖွေတားဆီးနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာတင် ကမ္ဘာတစ်ဝန်းမှာ ပုံမှန်မဟုတ်တဲ့ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှုအပြုအမူ (CIB) ပြုလုပ်နေကြတဲ့ ကွန်ရက်ပေါင်း (၅၀) ကျော်ကို အထူးသဖြင့် အရေးကြီးတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေမတိုင်မီ ဖယ်ရှားခဲ့ပြီးပါပြီ။ ၂၀၁၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှု အပြုအမူ (CIB) ကို လုပ်ဆောင်ခဲ့ကြတဲ့ ကွန်ရက် (၇) ခုကို ရှာဖွေဖော်ထုတ်ပြီး တားဆီးနိုင်ခဲ့ပါတယ်။