မြန်မာနိုင်ငံ ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook ၏ နောက်ထပ် ခြေလှမ်းသစ်များအကြောင်း

မြန်မာနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲအတွက် Facebook က ဘာတွေ ပြင်ဆင်နေ လဲဆိုတဲ့ အရေးကြီး နောက်ဆုံးရ အချက်အလက်တွေကို သြဂုတ်လတုန်းက ဝေမျှပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ Facebook ပလက်ဖောင်းပေါ်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ရည်ရွယ် ထားတဲ့ တာဝန်အတွက် ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ နောက်ထပ် ခြေလှမ်းသစ်တွေကို မိတ်ဆက်တင်ပြပေးချင် ပါတယ်။
စီးပွားရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍတွေအတွက် ကုလသမဂ္ဂရဲ့ လမ်းညွှန်မူဝါဒတွေနဲ့အညီ ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုပြီး ၂၀၁၉ ခုနှစ်၊ မေလတုန်းက ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ကတိကဝတ်တွေအတိုင်း နိုင်ငံတစ်ခုချင်းစီမှာ အမုန်းစကားကြောင့် ဖြစ်ပွားနေတဲ့ ဒါမှမဟုတ် ဖြစ်ပွားဖို့ အလားအလာရှိတဲ့ ပဋိပက္ခဖြစ်စဉ်တွေကို တားဆီးနိုင်ဖို့ Facebook ကနေ ထပ်မံတိုးချဲ့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ၊ ဥပမာပြောရရင် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲ ကာလအတွင်း အကြမ်းဖက်မှု ဒါမှမဟုတ် မုန်းတီးမှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ အကြောင်းအရာတွေ တမဟုတ်ချင်း ပျံ့နှံ့သွားနိုင်တဲ့ ဖြစ်စဉ်တွေကို လျှော့ချဖို့ ကျွန်တော်တို့ရဲ့ ကြိုတင်စစ်ဆေး ဖယ်ထုတ်တဲ့ နည်းပညာနဲ့ အကြောင်းအရာတစ်ခုဟာ Facebook ရဲ့ အမုန်းစကား မူဝါဒကို ချိုးဖောက်ထားနိုင်ခြေရှိတယ်လို့ စစ်ဆေးတွေ့ရှိပြီး ပလက်ဖောင်းကနေ ဖယ်ရှားပစ်ဖို့ အလားအလာရှိနေပြီ ဆိုရင် ဒီအကြောင်းအရာတွေရဲ့ ပြသမှုနှုန်းကိုပါ လျှော့ချလိုက်ပါတယ်။

Photo Source https://about.fb.com/news/2020/09/additional-steps-to-protect-myanmars-2020-election/

Facebook က လက်ရှိကျင့်သုံးနေတဲ့ လူမှုစံနှုန်းအရ အမုန်းစကားလို့ သတ်မှတ်ထားတဲ့ ကြမ်းတမ်းရိုင်းပြတဲ့ စကား အချို့ကိုလည်း ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ ဖယ်ရှားပေးနေပါတယ်။ မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ ဆက်နွယ်နေတဲ့ စကားလုံးနဲ့ စာစုအသစ်တွေကို ဖော်ထုတ်သတ်မှတ်တာအပြင် ဒီအသုံးအနှုန်းတွေ ပါဝင်တဲ့ ပို့စ်တွေကို ဖယ်ရှားတာ၊ ပြသမှုနှုန်း လျှော့ချတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ နည်းပညာ အကူအညီကို ရယူအသုံးချနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် သီးသန့် စုစည်းပြုစုထားတဲ့ တားမြစ်ထားသော ကြမ်းတမ်းရိုင်းပြတဲ့ စကားများစာရင်း (စာလုံးနှင့် စာစုများ) ကိုလည်း အချိန်နဲ့တပြေးညီ အမြဲ ပြင်ဆင်မွမ်းမံ နေပါတယ်။
အက်ပလီကေးရှင်းနဲ့ ဝန်ဆောင်မှုတွေကနေ အကောင့်တွေကို ဖယ်ရှားရာမှာ လက်ရှိ လိုက်နာဆောင်ရွက်နေကျ စံလုပ်ထုံးလုပ်နည်းတွေအတိုင်း စဉ်ဆက်မပြတ် လုပ်ဆောင်နေရာကနေ Facebook ရဲ့ ပေါ်လစီတွေကို မကြာခဏဆိုသလို ထပ်ခါတလဲလဲ ချိုးဖောက်နေတဲ့ အကောင့်တွေကတင်တဲ့ အကြောင်းအရာတွေရဲ့ ပြသမှုနှုန်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ယာယီလျှော့ချဖို့ လုပ်ဆောင်ရာမှာ အရင်ကထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ ဒီအထဲမှာ ပြသမှုနှုန်းလျှော့ချခံခဲ့ရတဲ့ အကောင့်တွေကို ထပ်ဆောင်း သတင်းအချက်အလက်တွေ ပြသပေးတဲ့ လုပ်ဆောင်ချက်လည်း အပါအဝင်ပါပဲ။
Facebook ရဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ကန့်သတ်နိုင်ဖို့ဆိုတဲ့ လုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူ တွေနဲ့ ပူးပေါင်းလုပ် ကိုင်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ မိတ်ဖက်အဖွဲ့အစည်း (၃) ခုနဲ့ လက်တွဲလုပ်ကိုင်နေပြီး Facebook ပေါ်မှာ အသုံးပြုသူတွေ မြင်နေရတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ နောက်ခံ အသေးစိတ် အချက်အလက်တွေကို ထပ်ဆောင်း ပြသနိုင်ဖို့ ဆောင်ရွက်ပေး နေပါတယ်။ အခုအချိန်မှာ အဲ့ဒီ့သတိပေးစာတွေကို မြန်မာ ဘာသာနဲ့ ပြသပေးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေပါတယ်။

Photo Source https://about.fb.com/news/2020/09/additional-steps-to-protect-myanmars-2020-election/

Facebook အနေနဲ့ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းထောက်တွေကို စာနယ်ဇင်းသမားများ ဘေးကင်းလုံခြုံရေး၊ မီဒီယာနှင့် ဒစ်ဂျစ်တယ် နည်းပညာ သိနားလည်မှု စတဲ့ ပညာပေး အစီအစဉ်တွေအပြင် Facebook လူမှုစံနှုန်းအကြောင်း၊ ကြားခံပြင်ပ အချက်အလက်စစ်ဆေးရေး လုပ်ငန်းစဉ် အကြောင်း စတာတွေကို သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ Facebook ကနေ ဒစ်ဂျစ်တယ်အသိပညာပေး ရုပ်သံစကားဝိုင်းတစ်ခုဖြစ်တဲ့ လက်ဖက်ရည်စကားဝိုင်း (Tea Talks) တွေကို လစဉ် ထုတ်လွှင့်ပေးပြီး အွန်လိုင်းပေါ်မှာ အနိုင်ကျင့်နှောင့်ယှက်တဲ့ ကိစ္စတွေ၊ အကောင့်လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးပို့ချနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက သတင်းခန်းတွေအတွက် CrowdTangle လို့ခေါ်တဲ့ အများအမြင် ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နည်းပညာကိရိယာတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ လက်ရှိ ဘာတွေဖြစ်နေလဲဆိုတာ အလွယ်တကူ သိရှိ၊ စစ်ဆေး၊ အစီရင်ခံနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ပြီးတော့ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသား မီဒီယာတွေ အပါအဝင် သတင်းအဖွဲ့အစည်းပေါင်း (၁၃) ခုက လူပေါင်း (၅၀) အတွက် ရွေးကောက်ပွဲဆိုင်ရာ အကောင်းဆုံး အလေ့အထတွေ ဝေမျှပေးနိုင်အောင် အင်တာနက် တွေ့ဆုံဆွေးနွေးပွဲ Webinars တွေကို ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။