လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မည့် Directory ပုံစံဝက်ဘ်ဆိုက် အသစ်ကို မိတ်ဆက်
လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မည့် Directory ပုံစံဝက်ဘ်ဆိုက် အင်တာနက်ဂျာနယ်မှ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ယခုအခါတွင် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများနှင့် ကျန်းမာရေး၊ ပညာရေး အစရှိသည့် လူမှုစီးပွားကဏ္ဍ အသီးသီးသည် အရှိန်အဟုန်ဖြင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးသို့ ဦးတည်ရွေ့လျားလျက် ရှိပါသည်။ အဆိုပါ ဒီဂျစ်တယ်တော်လှန်ရေးတွင် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ (အိုင်စီတီ) များကို မလွှဲမသွေ အသုံးပြုရ မည့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်း အသီးသီးနှင့် မိဘပြည်သူများအတွက် အိုင်စီတီ၊ မိုဘိုင်း၊ ပညာရေးဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တစ်စုတစ်စည်းတည်း အလွယ်တကူ ရှာဖွေရယူနိုင်ရန်လိုအပ်လာရာ ထိုလိုအပ်ချက်ကို ဖြည့်တင်းရန် အင်တာနက်ဂျာနယ်မှ အိုင်စီတီ၊ မိုဘိုင်းနှင့် ပညာရေးလုပ်ငန်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပါဝင်သည့် လမ်းညွှန်တစ်ရပ်ကို မိတ်ဖက် အသင်းအဖွဲ့များ၊ အိုင်စီတီလုပ်ငန်းများနှင့်ပူးပေါင်း၍ IJ Marketplace ပလက်ဖောင်းသစ် (https://ijmarketplace.com) ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

Photo Source https://ijmarketplace.com
လုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည့် အကြောင်းအရာများ၊ ပစ္စည်းများကို တစ်နေရာတည်းမှ အလွယ်တကူ သိရှိနိုင်စေရန်နှင့် မှန်ကန်တိကျသော အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အသုံးပြူသူထံ ထိထိရောက်ရောက်ဖြင့် အချိန်တိုအတွင်း ပေးပို့နိုင်မည်လည်းဖြစ်သည်။
“IJ Marketplace ဝန်ဆောင်မှုဆိုတာကတော့ အင်တာနက်ဂျာနယ်ကနေ အသစ်တင်ဆက်လိုက်တဲ့ directory ပုံစံဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ IJ Marketplace မှာ ဆော့ဖ်ဝဲကုမ္ပဏီတွေ၊ ဝက်ဘ်ဆိုက်ရေးသားမှုကို ဝန်ဆောင်မှု ပေးလျက်ရှိတဲ့ ကုမ္ပဏီတွေ၊ သင်တန်းကျောင်းတွေ၊ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းအရောင်းဆိုင်တွေ၊ ပြည်တွင်းမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ တက္ကသိုလ်တွေ၊ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆားဗစ်စင်တာတွေ အပြင် အခြားအခြားသော သက်ဆိုင်ရာကဏ္ဍတွေနဲ့ ပတ်သက်တဲ့ လိပ်စာ၊ ဝန်ဆောင်မှု၊ တင်သွင်းရောင်းချနေတဲ့ပစ္စည်းတွေ၊ ဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းအကြောင်းအရာတွေ အပြင် အခြားသော အချက်အလက်တွေကို ဝင်ရောက်အသုံးပြုသူတွေ အလွယ်ကူဆုံးဖြစ်အောင် လုပ်ဆောင်ထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်” ဟု Information Matrix Co., Ltd ၏ CEO ဦးသောင်းစုငြိမ်းက ပြောကြားသည်။
IJ Marketplace တွင် Free service, Premium service နှင့် Branded service ဟူ၍ ကဏ္ဍ (၃) မျိုး ခွဲခြားထားပြီး Free service မှာ မည်သည့် ဝန်ဆောင်ခမှပေးရန် မလိုအပ်သည့် ဝန်ဆောင်မှုဖြစ်ကာ Premium service နှင့် Branded service ရယူမှသာလျှင် လစဉ်ကြေးပေးသွင်းရမည်ဖြစ်သည်။
“IJ Marketplace မှာပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့ မိမိတို့လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊အချက်အလက်တွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပုံစံ တစ်ခုကဲ့သို့ ဖော်ပြခွင့်ရရှိမှာ ဖြစ်သလို IJ Marketplace ဘက်မှ ထပ်ဆောင်းရယူလိုက်တဲ့ ဝန်ဆောင်မှုများမှတစ်ဆင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ လုပ်ကိုင်လျက်ရှိတဲ့ CEO,CIO,HR Manager, Sales and Marketing Manager နဲ့ Decision Maker တွေထံကိုလည်း မိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပေးပို့နိုင်မှာလည်း ဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့လည်း ထည့်သွင်းမယ့် အချက်အလက်တွေကို ပေးပို့ပေးရန် မလိုအပ်ဘဲ ကိုယ်တိုင်ဝင်ရောက်ပြီး အချက်အလက် ဖြင့်သွင်းခြင်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့ ပြင်ဆင်လိုတဲ့အချိန်မှာ စောင့်ဆိုင်းစရာမလိုဘဲ လွယ်ကူ လျင်မြန်စွာနဲ့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသောင်းစုငြိမ်းက ထပ်မံ ပြောကြားသည်။

Photo Source https://ijmarketplace.com
အသစ်တင်ဆက်လိုက်သည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို ဖုန်း ၀၉-၄၄၃၀ ၃၂၉၂၈ နဲ့ ၀၉ -၄၂၀၁၀၅၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်ပါသည်။
အင်တာနက်ဂျာနယ်မှာ အိုင်တီနှင့်မိုဘိုင်းဂျာနယ်ဖြစ်ပြီး ထုတ်ဝေဖြန့်ချိခဲ့သည်မှာ နှစ်ပေါင်း (၂၀) ရှိပြီ ဖြစ်သည်။ အင်တာ နက်ဂျာနယ်အနေဖြင့် နောက်ဆုံးပေါ်နိုင်ငံတကာနှင့် ပြည်တွင်းမှ နည်းပညာ၊ ပညာရေး၊မိုဘိုင်းနှင့် အခြားသော စိတ်ဝင်စား ဖွယ်ရာ သတင်းများ၊ ဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲသုံးသပ်ချက်များ အပြင် အခြားအခြားသော စိတ်ဝင်စားဖွယ်ရာအကြောင်း အရာများကို ဂျာနယ်အပြင် ဒီဂျစ်တယ် ပလက်ဖောင်းများဖြစ်သည့် YouTube , Facebook, Instagram, Viber စသည့် Channel များတွင်ပါ တင်ဆက်ပေးလျက်ရှိသည်။ ထို့အပြင် IJ Daily Newsletter နှင့် Mini Newspaper ကိုလည်း နေ့စဉ်တင်ဆက်ပေးလျက်ရှိသည်။



