Facebook က မြန်မာနိုင်ငံတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် အသစ်တစ်ခု စတင်မိတ်ဆက်

Facebook ကနေ အသုံးပြုသူတွေရဲ့ ကိုယ်ရေးမှတ်တမ်းကို သူငယ်ချင်း မဟုတ်သူတွေ မမြင်နိုင်အောင် ပိတ်ထားလို့ရတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် အသစ်တစ်ခုကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက် ပါတယ်။ Facebook အနေနဲ့ လူအများအတွက် ဘေးကင်းလုံခြုံပြီး ပိုမို စိတ်ချလက်ချ အသုံးပြုနိုင်မယ့် နည်းလမ်းသစ် တွေကို အဆက်မပြတ် ရှာဖွေမိတ်ဆက်ပေးနေပြီး မိမိကိုယ်ကို ဖော်ပြနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေရယ်၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာတွေကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ အပါအဝင် နယ်ပယ်ပေါင်းစုံနဲ့ ပြောဆိုမှုတွေနဲ့အတူ အခုချိန်မှာတော့ ထပ်ဆောင်းဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေ လိုအပ်နေပြီဆိုတာ သိရှိခဲ့ပါတယ်။
အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေအတွက် ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ကိုယ့်ရဲ့ Facebook အသုံးပြုမှု အတွေ့အကြုံကို ပိုပြီး ထိန်းချုပ်လိုတဲ့သူတွေအတွက် ရည်ရွယ်ထားပါတယ်။ ကိုယ်ရေးလုံခြုံမှုဆက်တင်မှာ အရင်ရှိပြီးသား လုံခြုံရေး လုပ်ဆောင်ချက်တွေကို ဆက်ပြီး အသုံးပြုနိုင်တဲ့အပြင် အခုလို ကိုယ့်ရဲ့ Facebook ကိုယ်ရေးမှတ်တမ်း ကနေလည်း လုပ်ဆောင်ချက်အသစ်တွေ အများကြီးကို တစ်ဆင့်တည်းနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Source https://drive.google.com/drive/folders/1CzvWBQkXi2tJmki6a6hKxIVvsM_ZVsVs

ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားလိုက်ရင် Facebook မှာ သူငယ်ချင်းမဟုတ်သူတွေဟာ ဒါတွေကို မလုပ်နိုင်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းဓာတ်ပုံနဲ့ မျက်နှာဖုံးဓာတ်ပုံတွေကို အပြည့်မြင်ရအောင် ချဲ့ကြည့်တာ၊ တစ်ခြားနေရာကို ဝေမျှတာ ဒါမှမဟုတ် ဒေါင်းလုတ်လုပ်တာတွေ၊ ကိုယ့်ရဲ့တိုင်းမ်လိုင်းက ဓာတ်ပုံနဲ့ ပိုစ့်တွေကို ဝင်ကြည့်တာတွေ (အရင်ကတင်ခဲ့တာရော၊ အသစ်တင်တာတွေရော ပါပါတယ်)။ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားတယ်ဆိုတာ သတိပေးတဲ့အနေနဲ့ ကိုယ်ရေးမှတ်တမ်း စာမျက်နှာမှာ သတိပေးစာတစ်ခုကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
“Facebook အနေနဲ့ အသုံးပြုသူတွေအားလုံး ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေကို လုံခြုံစိတ်ချစွာနဲ့ ဖော်ပြနိုင်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အသုံးပြုသူတွေက သူတို့ရဲ့ အွန်လိုင်း ကိုယ်ရေးမှတ်တမ်းအတွက် ကာကွယ်ပေးမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ အသေအချာ သိရှိနားလည်ထားပါတယ်။ ဒီနေ့ မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် ပိုပြီး ထိန်းချုပ်နိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်းပေါ်မှာ ပိုပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ အာရှပစိဖိတ်ဒေသ၊ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာဖြစ်သူ Rafael Frankel က ဆိုပါတယ်။

Photo Source https://drive.google.com/drive/folders/1CzvWBQkXi2tJmki6a6hKxIVvsM_ZVsVs

ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကနေ ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီး ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားမယ်ဆိုရင် -ပရိုဖိုင်အမည်အောက်က ကိုယ်ရေးမှတ်တမ်းဆက်တင် အစက် (၃)စက် ကို နှိပ်ပါ
သင့်ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားရန် ကို နှိပ်ပါ။
သင့်ကိုယ်ရေးမှတ်တမ်းကို သင် ပိတ်ထားပါတယ်မှာ ထပ်ပြီး အတည်ပြုပေးပါ။
Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးမှတ်တမ်း ပိတ်ထားနိုင်တဲ့ လုပ်ဆောင်ချက် အလုပ်လုပ်ပုံ အဆင့်ဆင့် ပြသထားတဲ့ ဗီဒီယိုဖိုင် (13MB) ကို ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို အွန်လိုင်းမှာ (ဝက်ဘ်ဆိုက်မှာဖြစ်ဖြစ်၊ လူမှုကွန်ရက်မှာဖြစ်ဖြစ်) ရေးသားဖော်ပြတဲ့အခါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://drive.google.com/drive/folders/1CzvWBQkXi2tJmki6a6hKxIVvsM_ZVsVs