ဂြိုလ်သားများရှိနိုင်ခြေ သဲလွန်စအချို့ ရှာတွေ့ထား

Image Source : http://maxpixel.freegreatpicture.com

အာကာသထဲမှာ ဂြိုလ်သားတွေရှိတယ်၊ မရှိဘူးဆိုတာကတော့ ခေတ်အဆက်ဆက် သိပ္ပံပညာရှင်တွေကြား ပဟေဠိဆန်ဆန်ရှိနေခဲ့တာ ယနေ့ထိအောင်ပါပဲ။ ဂြိုလ်သားတွေကို ဟိုနားတွေ့လိုက်တယ်၊ ဒီနားတွေ့လိုက်တယ်ဆိုတဲ့ လူတွေရဲ့ ကောလာဟလစကားတွေ၊ ထူးဆန်းတဲ့အရာ၀ထ္ထုတွေ တွေ့လိုက်တိုင်း ဒါတွေကဂြိုလ်သားတွေရဲ့  ခြေရာလက်ရာတွေပါလို့  မှတ်ချက်ပေးကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ အမြင်တွေသာမက ရုပ်ရှင်ဗီဒီယိုတွေရဲ့  ဂြိုသားဇာတ်ကားတွေကလည်း ဂြိုလ်သားတကယ်ရှိ၊ မရှိဆိုတဲ့ လူတွေရဲ့သိလိုစိတ်ကို အမြဲလှုပ်နိုးလို့နေပါတယ်။ သိပ္ပံပညာရှင်တွေကလည်း ဂြိုလ်သားရှာဖွေရေးလုပ်ငန်းတွေကို အမြဲလုပ်ဆောင်နေကြပါတယ်။

Breakthrough Listen လို့အမည်ပေးထားတဲ့ ဂြိုလ်သားရှာဖွေရေးအဖွဲရဲ့  တစ်နှစ်တာလုပ်ငန်းစဥ် ရလဒ်များအား အစီရင်ခံရာမှာ အာကာသအတွင်း ဂြိုလ်သားများရှိနိုင်ခြေ ဖြစ်ရပ်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီအဖွဲ့ဟာ ရုရှားနိုင်ငံက စူးစမ်းလေ့လာရေးသမားသူဌေးကြီးတစ်ဦး အပိုင်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကစတင်ဖွဲ့စည်းပြီး ၂၀၁၆ ခုနှစ်မှာ စူးစမ်းလေ့လာမှုတွေ စတင်ခဲ့တဲ့ ဆယ်နှစ်တာ ဒီပရောဂျက်အတွက် ဒေါ်လာသန်းတစ်ရာ လျာထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အာကာသအတွင်းက ဂြိုလ်ပေါင်းများစွာကို ကမ္ဘာပေါ်ကနေ Green Bank Radio Telescope များနဲ့ စောင့်ကြည့်ပြီး စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့တာပါ။ Breakthrough Listen အဖွဲ့ရဲ့ဂြိုလ်သားရှာဖွေရေး လုပ်ငန်းစဥ်များနဲ့ ပက်သက်ပြီး ဒီလင့်ခ် ထဲမှာဖော်ပြထားတဲ့ အချက်အလက် အပြည့်အစုံကို အောက်မှာ ဆက်လက်တင်ပြပေးလိုက်ပါတယ်။

ရုရှားမှ စွန့်ဦးတီထွင်လုပ်ငန်းရှင် Yuri Milner က ဂြိုဟ်သားများ ရှာဖွေဖို့အတွက် Breakthrough Initiatives အမည်ရအဖွဲ့အစည်းကို တည်ထောင်ထားပါတယ်။ အဲဒီအဖွဲ့အစည်းက ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ Breakthrough Listen စီမံကိန်းကို ကြေညာလိုက်ပါတယ်။ အဲဒီစီမံကိန်းဟာ ကမ္ဘာမြေနဲ့  အနီးဆုံးကြယ်ပေါင်း တစ်သန်းနဲ့  ကြယ်စင်စုတစ်ရာမှ ဂြိုဟ်သားများရဲ့  ဆက်သွယ်ရေးစနစ်ကို ခြေရာခံမှာဖြစ်ပါတယ်။ ဆယ်နှစ် စီမံကိန်းဖြစ်ပြီး ဒေါ်လာသန်းတစ်ရာ ကုန်ကျမှာဖြစ်ပါတယ်။ စီမံကိန်းမှာ နောက်ဆုံးပေါ်ကိရိယာနဲ့  ဆော့ဖ်ဝဲများကို အသုံးပြုထားပါတယ်။
ဧပြီလ 20 ရက်နေ့မှာ Breakthrough Discuss Conference ကို ကျင်းပခဲ့ပြီး Breakthrough Listen ရဲ့ ပထမဆုံးတစ်နှစ် စူးစမ်းလေ့လာမှုရလဒ်များကို မျှဝေခဲ့ပါတယ်။

Green Bank Radio Telescope ကနေ ကြယ် 692 လုံးကို စောင့်ကြည့်လေ့လာခဲ့ပြီး သက်ရှိများရှိနိုင်ခြေရှိတဲ့ ဖြစ်ရပ် 11 ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ရလဒ်များကို စီမံကိန်းဝက်ဘ်ဆိုက်မှာ ပြသထားပြီး မကြာခင်မှာ Astrophysical Journal မှာ တင်ဆက်မှာဖြစ်ပါတယ်။ 2016 ခုနှစ် ကတည်းက Breakthrough Listen က West Virginia မှာ Green Bank Radio Telescope ဖြင့် အာကာသမှ ဒေတာများကို ကောက်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လီဖိုးနီးယားရှိ Mt. Hamilton မှ Lick Observatory’s Automated Planet Finder နဲ့ သြစတြေးလျရှိ Parkes Radio Teles­cope များဖြင့် အာကာသမှာ ထောက်လှမ်းမှုများ ပြုလုပ်နေပါတယ်။ ရရှိတဲ့ဒေတာများကို Berkely SETI Research Center (BSRC) မှ Listen သိပ္ပံပညာရှင်အဖွဲ့က ခွဲခြမ်းစိတ်ဖြာမှာ ဖြစ်ပါတယ်။