Myanmar Tech Press တည်ထောင်ရခြင်း ရည်ရွယ်ချက်

ကမ္ဘာကြီးအားနည်းပညာကဏ္ဍမှ ကြီးစိုးနေသော ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏နည်းပညာထုတ်ကုန်များမှာ လွန်စွာမှအားနည်းလျက်ရှိသည်။ လူထုကြားသို့ နည်းပညာဆိုင်ရာ အခြေခံအသိပညာဗဟုသုတ တိုး၀င်မှုမှာလည်း နိုင်ငံ့လူဦးရေ၏ ထက်၀က်ခန့်သို့သာ ရောက်ရှိနိုင်သေးသည်။ ဆက်လက်ပြီး များစွာခရီးဆက်ရဦးမည်။

ထိုကဲ့သို့ချို့တဲ့နေသော မြန်မာ့နည်းပညာကဏ္ဍအား အမြန်ဆုံးဖွံ့ဖြိုးစည်ပင်လာရေးအတွက် အဘက်ဘက်မှ ၀ိုင်း၀န်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံ၏ နည်းပညာအဆောက်အဦငယ်လေး အချိန်တိုအတွင်း ခိုင်ခံ့ကြီးမားလာစေရေးအတွက် အုတ်တစ်ချပ်သံတစ်ပွင့် ပါ၀င်လိုသည့်အနေဖြင့် Myanmar Tech Press ကိုထည်ထောင်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာအရပ်ရပ်မှ နည်းပညာဆိုင်ရာသတင်းများ၊ ပြည်တွင်းနည်းပညာကဏ္ဍမှ လိုအပ်ချက်များနှင့် ထုတ်ကုန်များအား အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားပါမည်။ ထို့ပြင်မြန်မာ့နည်းပညာကဏ္ဍမှ အကြောင်းအရာများကိုလည်း ကမ္ဘာမှသိစေရန်အတွက် English, Japan ဘာသာများဖြင့် Myanmar Tech Press ၀က်ဘ်ဆိုဒ်တွင် တင်ဆက်ပေးသွားပါဦးမည်။

ပြည်တွင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုကိုအလေးထားသောကြောင့် မြန်မာ့နည်းပညာသမားများ၏ Start-Up လုပ်ငန်းများ၊ ၀က်ဘ်ဆိုဒ်အသစ်များ၊ အပလီကေးရှင်းများ စသည့်စွန့်ဦးတီထွင်မှုများကိုလည်း ကျွန်ုပ်တို့ထံ လာရောက်မိတ်ဆက်နိုင်ပါသည်။ နည်းပညာဆိုင်ရာ သတင်းနှင့်ဆောင်းပါးများ ပေးပို့လိုပါကလည်း ဆက်သွယ်နိုင်ပြီး အကြံဉာဏ်များလည်းပေးစေလိုပါသည်။

 

“မြန်မာ့နည်းပညာကဏ္ဍဖွံ့ဖြိုးဖို့ အားလုံးပါ၀င်ကြပါစို့”