ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများ တိုးတက်စေရေး AYA PAY နှင့် KBZPay တို့၏ မိုဘိုင်းပိုက်ဆံအိတ် နည်းပညာကို အသုံးပြုမည်

AYA PAY နှင့် KBZPay တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) စီမံချက်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တစ်ဝန်းရှိ အကျိုးခံစားခွင့်ရသူများအား ထောက်ပံ့ကြေး လွှဲပြောင်းပေးအပ်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MCCT စီမံချက်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် စီမံချက်တစ်ခု ဖြစ်သည်။

Photo Source https://www.kbzpay.com

ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) စီမံချက်သည် ကလေးသူငယ်များ ပုညှက်မှုနှုန်း လျှော့ချပေးရေးအတွက် ရည်ရွယ်ခဲ့ပြီး အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများကို ပိုမို အကျိုးရှိစွာ အသုံးချတတ်ရန်၊ အာဟာရပြည့်ဝစွာ စားသုံးတတ်သည့် အခြေခံ အမူအကျင့်များကို ပိုမို လိုက်နာကျင့်သုံးတတ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ စီမံချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ ကလေးငယ်များ၏ ကနဦး ရက်(၁,၀၀၀) ကာလအတွင်း ငွေကြေးထောက်ပံ့သည့် အစီအစဉ်တစ်ခုကို ပြုလုပ်မည် ဖြစ်ပါသည်။ MCCT အကျိုးခံစားခွင့်ရသူများအား ၎င်းတို့၏ ကလေးငယ် သန္ဓေသားအရွယ်မှစ၍ နှစ်နှစ်မြောက်မွေးနေ့အထိ လစဉ် ငွေကျပ် (၁၅,၀၀၀) နှုန်းဖြင့် (၃) လ တစ်ကြိမ် ထောက်ပံ့ ငွေ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ကြေးငွေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးဖွားပြီး မိခင်များမှာ အာဟာရပြည့်ဝစေမည့် ဖြည့်စွက်အစားအစာများ ဝယ်ယူနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးချိန်တွင် လိုအပ်သော စောင့်ရှောက်မှုများ ရရှိနိုင်မည် ဖြစ်သည်။
၂၀၁၇ ခုနှစ်မှစ၍ MCCT စီမံချက်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အင်တိုက်အားတိုက် စီစဉ်ဆောင်ရွက်ခဲ့ပြီး အကျိုးခံစားခွင့်ရသူများကို ငွေသားဖြင့် ထောက်ပံ့ကြေးထုတ်ပေးသည့် နည်းလမ်းမှာ လိုအပ်ချက်များစွာ ဖြစ်စေခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ငွေသားဖြင့် ပေးအပ်ခြင်းကြောင့် ဖြစ်ပေါ်စေသည့် နှောင့်နှေးကြန့်ကြာမှုများမှ ကာကွယ်နိုင်ရန်နှင့် ငွေကြေးကဏ္ဍဦးဆောင် ဒစ်ဂျစ်တယ်မိုဘိုင်းပိုက်ဆံအိတ် နည်းပညာကို အသုံးချနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ အကျိုးခံစားခွင့်ရသူများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးအပ်ရာတွင် AYA PAY နှင့် KBZPay တို့အား တာဝန်ပေးခဲ့ခြင်း ဖြစ်ပါသည်။

Photo Source https://www.kbzpay.com

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် AYA Bank ၊ KBZ Bank တို့အကြား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ၊ ၁၃ ရက်၊ ကြာသပတေးနေ့တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
“MCCT အစီအစဉ်က ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ မွေးကင်းစအရွယ်နဲ့ အသက်နှစ်နှစ်အောက် ကလေးငယ်တွေ၊ သူတို့ရဲ့ မိသားစုတွေ အပါအဝင် အာဟာရအညွှန်းကိန်း နိမ့်ကျနေတဲ့ အရပ်ဒေသတွေမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် တကယ့်ကို အကျိုးရှိစေမှာပါ။ ကျွန်မတို့ အတွေ့အကြုံအရ MCCT အကျိုးခံစားခွင့်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဘဏ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာမျိုး မရှိသလို ငွေကြေးဝန်ဆောင်မှုတွေကိုလည်း ကောင်းကောင်းအသုံးမပြုနိုင်ကြပါဘူး။ ဒါ့ကြောင့် သူတို့တွေအတွက် လုံခြုံစိတ်ချရပြီး အကုန်အကျ သက်သာစေမယ့် ခေတ်မီနည်းပညာတစ်ခုနဲ့ ဒစ်ဂျစ်တယ်စနစ် ငွေလွှဲပြောင်းမှု ပြုလုပ်ပေးနိုင်ဖို့ AYA PAY နဲ့ KBZPay ကို ရွေးချယ်ခဲ့တာပါ။ အခုဆိုရင် အကျိုးခံစားခွင့်ရသူတွေဟာ မိုဘိုင်းပိုက်ဆံအိတ်တွေကနေတဆင့် ငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်တော့မှာဖြစ်လို့ ကျွန်မတို့ရဲ့ MCCT စီမံချက်ကို ပိုပြီး မြန်ဆန်၊ တိကျ၊ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်မယ့်အပြင် AYA PAY နဲ့ KBZPay အနေနဲ့လည်း အားလုံး ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖော်ဆောင်ပေးဖို့ ဆက်လက် ကြိုးပမ်းလုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်လာသော လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး က ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ် စတင်အကောင်အထည်ဖော်မည့် ကနဦး လေးနှစ်တာ စီမံချက်ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နေရာဒေသအားလုံးတွင် ဆောင်ရွက်နိုင်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီး၌ အကျုံးဝင်သည့် အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ (၄၈၃,၀၀၀) ခန့်နှင့် ရှမ်းပြည်နယ်၌ အကျုံးဝင်သည့် အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ (၄၈၇,၀၀၀) ခန့်မှာ ထောက်ပံ့ကြေး လက်ခံရယူရန် ငွေလွှဲပြောင်းမှု အနည်းဆုံး တစ်ကြိမ်စီ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အစီအစဉ်တွင် အကျုံးဝင်သည့် လူဦးရေ၏ အနည်းဆုံး (၈၀%) နှင့် ရှမ်းပြည်နယ်အတွင်း အစီအစဉ်တွင် အကျုံးဝင်သည့် လူဦးရေ၏ အနည်းဆုံး (၆၀%) မှာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးအပ်မှုကို ရယူနိုင်ကြမည်ဟု ခန့်မှန်းထားသည်။

Photo Source https://www.kbzpay.com

MCCT ထောက်ပံ့ကြေးငွေ ပေးအပ်သည့် အစီအစဉ်တွင် အကျိုးခံစားခွင့်ရယူရန် စာရင်းပေးသွင်းလိုပါက ဆေးရုံ၊ ဆေးခန်း တစ်ခုခုမှ ပေးအပ်သည့် ကိုယ်ဝန်ရှိကြောင်း အထောက်အထားကို တင်ပြရမည် ဖြစ်ပါသည်။ အဆိုပါ စာရင်းပေးသွင်းမှုများကို AYA PAY နှင့် KBZPay တို့ဖြင့် ချိတ်ဆက်ထားသော MCCT စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်အတွင်းသို့ ထောက်ပံ့ကြေးငွေပေးအပ်ရန် အကျိုးခံစားခွင့်ရှိသူအဖြစ် အချက်အလက်များ မထည့်သွင်းမီ လူမှုဝန်ထမ်းဦးစီးဌာနက စိစစ်အကဲဖြတ်ပေးမည် ဖြစ်သည်။