ChatGPT မှာ အသုံးပြုသူတွေအတွက် “Customized Instructions” လုပ်ဆောင်ချက် OpenAI မိတ်ဆက်

OpenAI အနေနဲ့ ChatGPT မှာ အသုံးပြုသူတွေ အသုံးပြုရပိုပြီး အဆင်ပြေစေဖို့အတွက် “Customized Instructions” ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းမယ့်အကြောင်း စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ ဒီလုပ်ဆောင်ချက်ဟာ AI Chatbot က ဖြေကြားသမျှကို ပိုပြီးထိန်းချုပ်နိုင်ဖို့အတွက် ပြုလုပ်ပေးတာလို့လည်း သိရပါတယ်။ ကိုယ်လိုချင်တဲ့ Preference တွေကို သတ်မှတ်ထားလိုက်တာနဲ့ နောက်ပိုင်း ChatGPT နဲ့စကားပြောသမျှ Conversation တွေမှာ ကိုယ်လိုချင်တဲ့ Preference အတွင်းကနေပဲ ဖြေကြားပေးလာမှာ ဖြစ်ပါတယ်။

Custom Instructions လုပ်ဆောင်ချက်ကို သတင်းထုတ်ပြန်ချက်ထုတ်ပြီး ကြေငြာလိုက်တဲ့ ဇူလိုင် ၂၀ ရက်နေ့ကစတင်ပြီး Plus Plan ကို ဝယ်ယူအသုံးပြုသူတွေက Beta Version စတင်အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်လာမယ့် ရက်သီတင်းပတ်တွေ အတွင်းမှာတော့ အသုံးပြုသူတွေ အားလုံးဆီ အသုံးပြုခွင့်ပေးသွားမယ်လို့လည်း သိရပါတယ်။

အခုအသစ်မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်ကို ChatGPT နဲ့စကားပြောသမျှ Conversation တိုင်းမှာ ထည့်သွင်းနိုင်မှာ ဖြစ်တဲ့အတွက် အခုလို Instruction တွေကို တစ်ကြိမ်ခိုင်းစေဖို့အတွက် တစ်ကြိမ်ပြန်ပို့နေရတဲ့ကိစ္စတွေကို ထပ်ခါတစ်လဲလဲလုပ်နေစရာမလိုတော့ပါဘူး။ အကြောင်းအရာတစ်ခုသီးသန့်ပြောနေတဲ့ Conversation တစ်ခုအတွက် Instruction ကို Conversation မှာ Custom ပြုလုပ်ထားနိုင်မှာ ဖြစ်တဲ့အတွက် စကားပြောတော့မယ့်အချိန်မှာ Instruction ထပ်ပြီးပေးစရာမလိုတာက အတော်လေးအဆင်ပြေတယ်လို့ ပြောရမှာပါ။ အသုံးပြုသူတွေအနေနဲ့လည်း Custom Instructions တွေကို Conversation အသစ်စတင်ဖို့အတွက် အချိန်မရွေး ပြင်ဆင်နိုင် ဖျက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ Instruction ကို Shared Link Viewers တွေအနေနဲ့လည်း မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ Third Party plug-in ကို အသုံးပြုနေတယ်ဆိုရင်တော့ Model အနေနဲ့ Instruction နဲ့ ကိုက်ညီတဲ့ plug-in developers ကို ဖော်ပြချိတ်ဆက်ပေးမယ် လို့လည်း သိရပါတယ်။

ChatGPT Custom Instructions Code Generation Example

အသုံးပြုသူတွေထည့်သွင်းနေတဲ့ Custom Instructions Information တွေကို ChatGPT Model ကို ဘယ်လိုဖြေကြားရမယ်ဆိုတာမျိုး သင်ကြားပေးဖို့အတွက်၊ လုပ်ဆောင်ချက်တွေကို တိုးတက်လာအောင် ပြုလုပ်ပေးမယ့် နေရာမျိုးမှာ ပြန်လည်အသုံးပြုမယ်လို့လည်း OpenAI ဘက်ကပြောကြားထားပါသေးတယ်။

ChatGPT အနေနဲ့ သူ့ရဲ့ Announcement မှာ ၃တန်းကလေးတွေကို သိပ္ပံသင်ပေးဖို့ Lesson Plan, Python မဟုတ်ဘဲ Language တစ်ခုနဲ့ Code လိုချင်တဲ့ Developer, ၆ယောက်စာ  မိသားစုအတွက် Grocery Shopping List စတာတွေကို ဥပမာအနေနဲ့ ပေးထားပါသေးတယ်။ “Custom Instructions” နဲ့ပက်သက်တဲ့ ကြေငြာချက် ဥပမာတွေကို OpenAI ရဲ့ Blog Post မှာ ဝင်ရောက်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Plus Plan အသုံးပြုသူတွေအနေနဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး အသစ်မိတ်ဆက်လိုက်တဲ့ Custom Instructions လုပ်ဆောင်ချက်ု Beta Version ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Website ကနေအသုံးပြုလိုသူတွေအနေနဲ့ Name >> Settings >> Beta Features >> Opt into Custom Instructions ဆိုပြီး ဝင်ရောက်လိုက်တာနဲ့ Custom Instructions တွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ iOS အသုံးပြုသူတွေအတွက်ကတော့ Settings >> New Features >> Turn on Custom Instructions ဆိုပြီး ဝင်ရောက် အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက် Beta အဆင့်ကို UK နဲ့ EU နိုင်ငံတွေမှာ အသုံးပြုလို့တော့မရသေးပါဘူး။