OpenAI နဲ့လက်တွဲပြီး AI Feature တွေနဲ့အတူ မိတ်ဆက်လာတဲ့ Microsoft ရဲ့ Bing

“It’s a new day for search”

OpenAI ရဲ့ ChatGPT ဟာအတော်လေးခေတ်စားလာပြီးတဲ့နောက်မှာတော့ Microsoft အနေနဲ့ သူ့ရဲ့ Edge Browser မှာ Bing ဆိုတဲ့ Web search Engine အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Bing ကိုအရင်ကတည်းက Edge Browser မှာ အသုံးပြုနေတယ်ဆိုပေမယ့် အခုမိတ်ဆက်လိုက်တဲ့ Version အသစ်မှာတော့ next-gen OpenAI GPT Model နဲ့ Microsoft ရဲ့ Prometheus Model နှစ်မျိုးကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

Image: Microsoft

Microsoft အနေနဲ့ Google ထက်ခြေတစ်လှမ်းအသာနဲ့ ဒီလို Update ကိုချပြနိုင်ခဲ့ပြီး နောက်လအနည်းငယ်အတွင်း Google ဘက်ကဘယ်လို Update တွေ၊ Feature အသစ်တွေချပြလာနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

ဝါရှင်တန်မှာပြုလုပ်တဲ့ Event ကနေ Microsoft ဟာ OpenAI ရဲ့ GPT-4 Model ကို Bing နဲ့အသုံးပြုဖို့အတွက် ရေရှည်လက်တွဲလိုက်တဲ့အကြောင်းနဲ့ Chat GPT လို အတွေ့အကြုံတွေပေးစွမ်းလာမယ့် အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။ Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ကလည်း “It’s a new day for search” ဆိုပြီး  ပြောကြားခဲ့ပါသေးတယ်။

Image: Microsoft

Edge Browser Version အသစ်မှာတော့ AI Feature အသစ်တွေပါဝင်မှာဖြစ်ပြီး Sidebar တစ်ခုအနေနဲ့ ပါဝင်နေမှာပါ။ ChatGPT  လိုလုပ်ဆောင်ချက်မျိုးလို့ပြောကြားခဲ့တဲ့အတွက် Version အသစ်မှာ Toolbar ကတစ်ဆင့် စကားတွေပြောနိုင်မှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း ကိုယ်ရှာလိုက်တဲ့အကြောင်းအရာပေါ်မူတည်ပြီး GPT အခြေခံထားတဲ့ ရလာဒ်တွေကို ညာဘက်မှာရှိတဲ့ Box မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ChatGPT လိုမျိုးပဲ မေးခွန်းတွေအတွက် ပြန်လည်ဖြေလာတဲ့အချက်အလက်တွေဟာ တိတိကျကျမှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ချက်သိထားရမှာကတော့ Bing ဟာ အဖြေတွေကို သူကိုယ်တိုင်မေးခွန်းပြန်လည်ထုတ်ပြီး ဒီမေးခွန်းတွေအတွက် ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ OpenAI ရဲ့ Chat GPT bot ဟာ ၂၀၂၁ ခုနှစ်ကအချက်အလက်တွေပေါ်ကို အခြေခံပြီး လေ့ကျင့်ပေးထားတာ ဖြစ်တဲ့အတွက် Bing ရဲ့ GPT ဟာ ဒီထက်အမျိုးကြီးစွမ်းဆောင်နိုင်မှာ သေချာပါတယ်။

Image: Microsoft

Bing ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ Feature တစ်ခုကတော့ သူဖြေကြားလိုက်တဲ့အဖြေတွေရဲ့ Source တွေကို အဖြေတွေရဲ့နောက်ဆုံးမှာ “Learn More” ဆိုပြီးထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖြေတိုင်းအတွက်လည်း feedback option တွေပါဝင်နေဦးမှာပါ။

အခုလက်ရှိမှာတော့ AI Feature တွေပါဝင်တဲ့ Bing ရဲ့ Version အသစ်ကိုအသုံးပြုနိုင်ဦးမှာတော့ မဟုတ်ပါဘူး။ အသုံးပြုခွင့်ရတာတဲ့ ချက်ချင်း အသုံးပြုလိုသူတွေ အနေနဲ့ Waitlist မှာကြိုတင်စာရင်းပေးထား နိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးလိုသူတွေအနေနဲ့ ဒီနေရာ ကတစ်ဆင့် ဝင်ရောက်ပြီး Join the waitlist ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ Page မှာပဲ Bing ကိုစမ်းသပ်ပြထားတာတွေကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။