Facebook နှင့် MPT တို့မှ Discover Mobile Web နှင့် Android App ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Facebook နှင့် (MPT) တို့မှ အင်တာနက်ပေါ်တွင် မည်သည့်ဝက်ဘ်ဆိုက်ကိုမဆို MPT မှ နေ့စဉ် အကန့်အသတ်ဖြင့် ပေးအပ်သွားမည့် အခမဲ့ ဒေတာပမာဏကို အသုံးပြုပြီး ရှာဖွေလေ့လာနိုင်မည့် Discover mobile web နှင့် Android app အသစ်ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ဖြေလျှော့မှုများကြောင့် မိုဘိုင်းလ်ကွန်ရက် ဖြန့်ကျက်မှုနှင့် အင်တာနက် အသုံးပြုနိုင် မှုတို့မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး အင်တာနက် အသုံးပြုသူအများစုမှာ အင်တာနက်ကို အမြဲလိုချိတ်ဆက် အသုံးပြုနေကြသော်လည်း ၎င်းတို့အနေဖြင့် ဒေတာကုန်ဆုံးသွားချိန်တွင် အင်တာနက် ချိတ်ဆက်မှု ပြတ်တောက် သွားလေ့ရှိကြပါသည်။ Discover ကို အသုံးပြုခြင်းဖြင့် MPT သုံးစွဲသူများသည် ဒေတာနောက်တစ်ကြိမ် ထပ်မံမဝယ်ယူ သေးမီကာလအထိ အင်တာနက်ကို စဉ်ဆက်မပြတ် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://connectivity.fb.com/discover/

ကိုဗစ်-၁၉ ကျန်းမာရေး အခက်အခဲကာလမှသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူများအား အင်တာနက်ပေါ်တွင် အမြဲရှိနေပြီး မိတ်ဆွေများ၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ် မပြတ်စေရန်၊ အင်တာနက်ပေါ်တွင် ကျန်းမာရေး သတင်းအချက်အလက်များ အပါအဝင် အခြားလိုအပ်သည့် အချက်အလက်များကို ပုံမှန် ရယူသိရှိနိုင်ရန် နည်းလမ်းများ ရှာဖွေပံ့ပိုး ပေးနိုင်ရေးမှာ အလွန် အရေးကြီးပါသည်။ ပြည်သူများအတွက် တိကျမှန်ကန်သော ကျန်းမာရေး သတင်းအချက်အလက်များ ရရှိနိုင်ရန် ကူညီသည့်အနေဖြင့် Discover ၏ ပင်မစာမျက်နှာတွင် ကိုဗစ်-၁၉ ကျန်းမာရေးသတင်း အချက်အလက်များကို ဦးစားပေး ဖော်ပြသွားမည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တိုက်တွန်းနှိုးဆော်ချက်အရ ကိုဗစ်-၁၉ ကျန်းမာရေးအခက်အခဲ ကာလ အတွင်း ဒစ်ဂျစ်တယ်နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများ ရယူအသုံးပြုနိုင်ရေးမှာ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင် လာခဲ့သည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ မိုဘိုင်းလ်အော်ပရေတာများထံသို့ ဆက်သွယ်ရေး ဝန်ဆောင်မှုနှုန်းထားများကို ဖြေလျော့ပေးရေးအတွက် ဆောင်ရွက်ပေးနေသည့်ကာလ အတွင်းတွင် လိုအပ်သော ချိတ်ဆက်ရယူမှုများ ပြုလုပ်နိုင်ရန် ပံ့ပိုးကူညီသည့် အနေဖြင့် Discover ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။
“ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ပြည်တွင်းမှာရှိတဲ့ မိုဘိုင်းလ်အော်ပရေတာတွေကို ပြည်သူတွေအတွက် ကုန်ကျစရိတ် ပိုပြီး သက်သာစေမယ့် ဝန်ဆောင်မှုမျိုးတွေပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုလို မိုဘိုင်းလ်အော်ပရေတာဆီက နေ့စဉ် ပမာဏတစ်ခုအထိ ရနိုင်တဲ့ အခမဲ့ ဒေတာကို အသုံးပြုပြီး အင်တာနက်မှာ ရှာဖွေလေ့လာလို့ရမယ့် Discover ကို Facebook နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ကနေ ဦးဆောင်ပြီး မိတ်ဆက်ပေးခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အခုလို အင်တာနက်ကို ပုံမှန် အသုံးပြုနိုင်တဲ့အတွက် တိကျမှန်ကန်တဲ့ ကျန်းမာရေးသတင်း အချက်အလက်တွေ အပါအဝင် အခြား လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုပါ ပိုပြီး အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ရယူနိုင်လာတော့မှာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း က ပြောသည်။

Photo Source https://connectivity.fb.com/discover/

“ဒီနေ့ Facebook Connectivity နဲ့ MPT တို့ကနေ မြန်မာနိုင်ငံမှာ Discover ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ စတင်မိတ်ဆက်လိုက်ပါပြီ။ အခုလို အချိန်ကာလမှာ ပြည်သူတွေကို အင်တာနက်ပေါ်မှာ အဆက်အသွယ်မပြတ် ရှိနေအောင် ကူညီပေးနိုင်ဖို့ အထူးအရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီး Discover ဆိုတာ ဒီကြိုးပမ်းအားထုတ်မှုတွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ Discover ဆိုတာ လူတွေကို အင်တာနက်ကို စဉ်ဆက်မပြတ် ချိတ်ဆက်မှုရှိနေအောင် ကူညီပေးဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု တိုးတက်လာအောင် Discover ကနေတစ်ဆင့် ဘယ်လို ပံ့ပိုးကူညီပေးနိုင် မလဲဆိုတာကိုလည်း လေ့လာဆန်းစစ်သွားမှာပါ” ဟု Facebook ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tom Chottayil Varghese က ပြောသည်။
“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက MPT ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံက ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်အောင် ဆောင်ရွက်ပေးနိုင်ဖို့ပါပဲ။ Facebook နဲ့ ပူးပေါင်းပြီး Discover ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်နိုင်တဲ့အတွက် MPT သုံးစွဲသူတွေအနေနဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့ ပိုပြီး ပုံမှန် ထိတွေ့ဆက်သွယ်နိုင်မယ့်အပြင် အွန်လိုင်းပေါ်မှာ တိကျမှန်ကန်တဲ့ အရေးကြီး ကျန်းမာရေး သတင်းအချက် အလက်တွေ ပိုပြီး ရယူနိုင်တော့မှာပါ။ Discover ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအပြင် မြန်မာနိုင်ငံတစ်ဝန်းက လူမှုအသိုက်အဝန်းအတွက် အများကြီး အကျိုးရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Tetsunori Nagashima က ပြောသည်။
Discover ဆိုသည်မှာ MPT မှ နေ့စဉ် ပမာဏ အကန့်အသတ်ဖြင့် ပေးအပ်သွားမည့် အခမဲ့ဒေတာ အသုံးပြုပြီး အင်တာနက် ပေါ်တွင် မည်သည့်ဝက်ဘ်ဆိုက်ကိုမဆို MPT မိုဘိုင်းလ်ကွန်ရက်မှတစ်ဆင့် ရှာဖွေလေ့လာနိုင်မည့် mobile web နှင့် Android app တစ်ခု ဖြစ်သည်။ အခမဲ့ ဒေတာဖြင့် အသုံးပြုချိန်တွင် Discover သည် ဒေတာပမာဏ အနည်းငယ်သာ အသုံးပြုရသော လုပ်ဆောင်ချက်များကိုသာ ပြသပေးမည် ဖြစ်ပါသည်။ ဗွီဒီယို၊ အသံဖိုင်နှင့် ဒေတာပမာဏ များများဖြင့် ကြည့်ရှုရသည့် အကြောင်းအရာ အမျိုးအစားများကို အခမဲ့ဒေတာဖြင့် အသုံးပြုချိန်တွင် ပြသသွားမည်မဟုတ်ပါ။ ထိုပုံစံ အတိုင်း ဝက်ဘ်ဆိုက်အားလုံးကို တပြေးညီ ပြသပေးမည် ဖြစ်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် ပုံမှန် အလုပ်လုပ်သည့် မည်သည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားမဆို နှစ်သက်ရာ mobile web browser ဖြင့် 0.discoverapp.com ကို ဝင်ရောက်ပြီး Discover အား ရယူအသုံးပြုနိုင်ပါသည်။ ထိုနည်းတူ Discover app ကို Google Play Store တွင် ဒေါင်းလုတ်ရယူပြီး အသုံးပြုနိုင်ပါသည်။ Discover အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://connectivity.fb.com/discover/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။