(၂၄)နာရီပတ်လုံး ဆရာ၀န်နဲ့တိုက်ရိုက် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးနိုင်တဲ့ Doctor On Call App

နည်းပညာတွေတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဆိုသလိုပဲ တစ်ချို့သေားအရာတွေကလည်း လုပ်ရကိုင်ရတာ အရမ်းလွယ်ကူ လို့လာနေပါပြီ။ အခုရန်ကုန်မြို့မှာ ခေတ်စားနေတဲ့ Taxi ငှားဖို့ လမ်းထွက်စရာမလိုဘဲ အိမ်ကနေဖုန်းဆက်လိုက်ရုံနဲ့ သင့်တင့်လိုအပ်တဲ့ အာမခံချက်တွေနဲ့ ၀န်ဆောင်မှုပေးနေကြတဲ့ Taxi Service တွေလိုပဲ ကျန်းမာရေးအတွက် နေရာ၊ အချိန် ကိုထည့်တွက်စရာ လုံး၀မလိုဘဲ ဆရာ၀န်တွေကိုယ်တိုင် တိုက်ရိုက်၀န်ဆောင်မှုပေးနေတဲ့ Doctor On Call ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီအပလီကေးရှင်းလေးမှာ ၀န်ဆောင်မှုတွေကို နည်းလမ်း(၂)မျိုးနဲ့ ရရှိနိုင်ပါတယ်။ အင်တာနက်လိုင်းဖွင့်ပြီး သိလိုတဲ့အကြောင်းအရာတွေ မေးမြန်းဆွေးနွေးနိုင်သလို Hotline နံပါတ်တွေကို တိုက်ရိုက်ဖုန်းဆက်ပြီး မေးမြန်းနိုင်တာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး၀န်ဆောင်မှု ဆိုတာနဲ့အညီ ပိတ်ရက်လုံး၀မရှိပဲ (၂၄)နာရီပတ်လုံး ၀န်ဆောင်မှုပေးနေတာကတော့ ကျန်းမာရေးလုပ်သားတွေရဲ့ အဓိကကျင့်၀တ်နဲ့ စေတနာကို ဦးထိပ်ပန်ဆင်ရာရောက်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/16806694_1906762879610386_6576142413350275953_n.jpg

Image Source: https://www.facebook.com/droncall/

Doctor On Call app ရဲ့၀န်ဆောင်မှုတွေကို အောက်မှာအသေးစိတ် ဖေါ်ပြပေးပါမယ်။

ယေဘုလျအနေနဲ့ ပြောရရင်တော့ ဒီအပလေးကေးရှင်းလေးဟာ အိမ်တိုင်း၊ လူတိုင်းမှာ ရှိသင့်တယ်လို့မြင်ပါတယ်။ အရေးပေါ်အခြေအနေတွေ၊ ဆေးရုံဆေးခန်း၊ ကျန်းမာရေးလုပ်သားတွေနဲ့ အလှမ်း​ကွာတဲ့ အခြေအနေတွေ၊ အချိန်နဲ့နေရာ အကန့်အအသတ် ဖြစ်နေတာမျိုးတွေ၊ ဆေးရုံဆေးခန်း သွားပြစရာထိမလိုအပ်တဲ့ အသေးစား ရောဂါလက္ခဏာမျိုးတွေ၊ ရာသီဉတုအေပြာင်းအလဲအတွက် ကြိုတင်ဆောင်ရန်၊ရှောင်ရန်များ မေးမြန်းဆွေးနွေးလိုတာတွေ၊ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတို့ရဲ့ လူသိမခံလိုကြတဲ့ တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာတွေ စတဲ့သိလိုသမျှတွေကို ဆရာ၀န်တွေနဲ့ ဖုန်းနဲ့တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ပါတယ်။

အင်တာနက်ကနေတစ်ဆင့် မေးမြန်းဆွေးနွေးလို့လည်း ရပါတယ်။ အရေးပေါ်အခြေအနေ မဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်တွေကို သိလိုရုံမျှဆိုရင်တော့ စာရေးသားပေးပို့ပြီး မေးမြန်းနိုင်ပါတယ်။ ဒီအမေးအဖြေကဏ္ဍကလည်း အပလီကေးရှင်းထဲမှာ မိမိရဲ့ Timeline အနေနဲ့ ရှိနေတာကြောင့် တဖြည်းဖြည်း အကြောင်းအရာတွေ များလာရာကနေ ဆရာ၀န်ပေါင်းစုံရဲ့ အသိ၊အတတ်ပညာတွေ စုပေါင်းထားတဲ့ ကျန်းမာရေးအကြံပေး ဘဏ္ဍာတိုက်သဖွယ် ဖြစ်လို့လာပါလိမ့်မယ်။

နာမည်ကြီးဆရာ၀န်တွေ၊ ဆေးရုံ၊ဆေးခန်းနဲ့ အချိန်တွေကိုလည်း ဖော်ပြပေးထားပါတယ်။ ဒါ့ကြောင့် မိမိကုသလိုတဲ့ ဆရာ၀န်(သို့) ဆေးရုံဆေးခန်းတွေကို အချိန်နဲ့တကွ အလွယ်တကူ သိရှိနိုင်ပါလိမ့်မယ်။ ထိုပြင် မိမိစိတ်ကြိုက်ရွေးချယ်ပြီး ကြိုတင် Booking  လုပ်ပေးဖို့ မှာထားလို့လည်းရပါတယ်။ ဒီ့အတွက် အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုတော့ဘဲ တစ်နေရာတည်းနဲ့ ပြီးမြောက်စေနိုင်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/Capture-5.png
Image Source: https://play.google.com/store/apps

ဒီအပလီကေးရှင်း အသုံးပြုပုံတွေနဲ့ ၀န်ဆောင်ခကောက်ခံမှုတွေကို ဆက်လက်ဖော်ပြပေးပါ့မယ်။

ပထမဆုံးအနေနဲ့ ကိုယ်ပိုင်အကောင့်တစ်ခုအဖြစ် မှတ်ပုံတင်ရပါတယ်။ ဒီနေရာမှာ မိမိရဲ့ဖုန်းန့ပါတ်က အရေးအပါဆုံးပါ။ မှန်ကန်ဖို့လိုပါတယ်။ ကျန်တဲ့လိုအပ်ချက် အပိုင်းတွေကတော့ အမည်၊ ပုံ၊ နေရပ်လိပ်စာ စတာတွေပါ။ ဒါတွေကတော့ အဖြစ်သဘောလောက်ပါပဲ။ မှန်တာ၊ လွဲတာ အရေးမပါပါဘူး။ အကောင့်ပွင့်သွားပြီ ဆိုရင်တော့ ၀န်ဆောင်မှုတွေ စသုံးလို့ရပါပြီ။

Hotline- 1877 နဲ့ 01−2399877 တွေကို ပိတ်ရက်မရှိဘဲ (၂၄)နာရီပတ်လုံး အရေးပေါ်အခြေအနေတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ သိလိုသမျှကို ဆက်သွယ်မေးမြန်း နိုင်မှာပဲဖြစ်ပါတယ်။ 1877 ကိုဆက်သွယ်မယ်ဆိုရင်တော့ ၀န်ဆောင်ခနေနဲ့ တစ်မိနစ်ကို (၂၀၀)ကျပ် ပေးဆောင်ရပါလိမ့်မယ်။ ဒီတော့ Doctor On Call ရဲ့၀န်ဆောင်ခ(၂၀၀)နဲ့ ဖုန်းပြောဆိုခအတွက် (၂၅)ကျပ်နဲ့ပါဆိုရင် တစ်မိနစ်စာအတွက် ဖုန်းဘေထဲကနေ စုစုပေါင်း (၂၂၅)ကျပ် ဖြတ်တောက်ခံရမှာပဲ ဖြစ်ပါတယ်။

01−2399877 ကတော့ ၀န်ဆောင်ခအနေနဲ့ အကြိမ်အရေအတွက် ဘယ်လောက်ပဲခေါ်ခေါ် တစ်ရက်လုံးအတွက်(၈၀)ကျပ်ပဲ ကျသင့်မှာပါ။ အွန်လိုင်းကတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်အောင်လည်း မကြာခင်လုပ်ဆောင်သွားမယ်လို့ သိရပါသေးတယ်။ အဲလိုအွန်လိုင်းကဖုန်းခေါ်ဆို နိုင်မယ်ဆိုရင်တော့ ၀န်ဆောင်ခတွေ ယခုထက်ပိုမိုသက်သာ သွားနိုင်ပါတယ်။ ဒါပေမယ့် Internet Conetion ကြောင့်တော့ အပြန်အလှန်ဆွေးနွေးတဲ့ နေရာမှာ သိပ်တော့ချောမွေ့ဖို့ မလွယ်ကူပါဘူး။ အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/14711529_1833746680245340_365668041304413967_o.jpg

Image Source: https://www.facebook.com/droncall

နောက်ထပ်ပြောချင်တာကတော့ Doctor On Call ၀န်ဆောင်မှုတွေအတွက် သီးသန့်လုပ်ထားတဲ့ Blue Health Card ဆိုတဲ့ အကြောင်းလေးပါပဲ။ ဒီ Blue Health Card ကို Register လုပ်ထားမယ်ဆိုရင် Doctor On Call ကတစ်ဆင့် ကျန်းမာရေးဆွေးနွေး မေးမြန်းမှုတွေလုပ်တဲ့အခါ ၀န်ဆောင်ခတွေ မပေးဆောင်ရတော့ပါဘူး။ ဒါ့အပြင် Doctor On Call နဲ့ချိတ်ဆက်ထားတဲ့ ဆေးရုံဆေးခန်းတွေသို့ သွားရောက်ကုသမှု ခံယူတဲ့အခါမျိုးတွေမှာလည်း သတ်မှတ်ထားတဲ့ Discount တွေရရှိပါလိမ့်မယ်။ ပြီးတော့ တစ်လကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိ Doctor On Call ဆရာ၀န်တွေက ဆက်သွယ်ပြီး ကျန်းမာရေးဆိုင်ရာတွေ မေးမြန်းအကြံပြုပေး မှာဖြစ်ပါတယ်။

Blue Health Card ကို Register ပြုလုပ်လိုပါက တစ်လကို (၂၅၀၀)ကျပ် ကျသင့်မှာဖြစ်ပြီး မိမိစိတ်ကြိုက် (၁)လ၊ (၃)လ၊ (၆)လ တစ်နှစ် ဆိုသလို ရွေးချယ်လို့ရပါတယ်။ ပရိုးမိုးရှင်းကာလတွေနဲ့ တိုက်ဆိုင်ရင်တော့ လျှော့စျေးတွေ ရရှိပါလိမ့်မယ်။ တစ်ဦးတစ်ယောက် ပြုလုပ်ထားရုံနဲ့ မိသားစု(သို့) မိတ်ဆွေအပေါင်းသင်း စုစုပေါင်း (၅)ဦးထိ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Blue Health Card ကို Register ပြုလုပ်လိုပါက ဖုန်းနံပါတ် 09962021877 သို့  ရုံးချိန်အတွင်း Facebook Messenger ကဆက်သွယ်ပြီး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

အခုလောက်ဆိုရင်တော့ Doctor On Call မိုဘိုင်းအပလီကေးရှင်းရဲ့ ကျန်းမာရေးအတွက် အသုံး၀င်၊ အထောက်အကူပြုပုံတွေကို ရေရေလည်လည်း ရှိသွားပြီလို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီအပလီကေးရှင်းလေးကို ဆောင်ထားပြီး စာဖတ်သူကိုယ်တိုင်နဲ့  မိသားစုတွေရဲ့ ကျန်းမာရေးကို တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ စေတနာရှေ့ထားပြီး ရှာဖွေတင်ဆက် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

 

App Download (andriod)

Doctor On Call Facebook Page