ဖုန်းအပလီကေးရှင်းတွေ Download ဆွဲဖို့ Ooredoo ရဲ့ App Zone

Image Source: https://zone.ooredoo.com.mm/mm/appzone.aspx

Ooredoo ဆင်းကဒ် အသုံးပြုသူတွေအတွက် ရည်ရွယ်ပြီး လိုအပ်တဲ့ ဖုန်းအပလီကေးရှင်းတွေ အခမဲ့ Download ရယူနိုင်မယ့် App Zone ဆိုတဲ့ ဖုန်းအပလီကေးရှင်းလေးကို Ooredoo Myanmar က စီစဉ်ထုတ်လုပ် လိုက်ပါတယ်။ ဒီအပလီကေးရှင်းက Andriod ဖုန်းတွေအတွက်ပါ။ ဒီ App Zone ဆိုတဲ့ အပလီကေးရှင်းထဲမှာ ဖုန်းအပလီကေးရှင်း စုစုပေါင်း တစ်သိန်းကျော် ပါ၀င်တယ်လို့ သိရပါတယ်။
ဒီလောက်အရေအတွက်က သန်းနဲ့ချီပြီးရှိတဲ့ ကမ္ဘာကျော် Google Play Store  ကိုမယှဉ်နိုင်ပေမယ့် Ooredoo အနေနဲ့ သူတို့၀န်ဆောင်မှုတွေရှိတဲ့ နိုင်ငံတွေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် အပလီကေးရှင်းတွေကို အထူးစုစည်းပေးထားမှာတော့ သေချာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အသုံးများတဲ့ အပလီကေးရှင်းတွေလည်း အစုံအလင် ပါ၀င်နေပါလိမ့်မယ်။

ဒါ့အပြင် တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြီး လူကြိုက်များ၊ ရေပန်းစားတဲ့ အပလီကေးရှင်းတွေကိုလည်း စိတ်ကြိုက် Download ရယူနိုင်ပါတယ်။ တကယ်လို့ နောက်ဆုံးဗားရှင်းကို Download ရယူပြီး မိမိဖုန်းနဲ့ သုံးရတာ အဆင်မပြေဘူး ဆိုရင်လည်း နဂိုမူလဗားရှင်းကို အလွယ်တကူ ပြန်ယူလို့ရတဲ့ Downgrade Function ဆိုတာလည်း ပါ၀င်တယ်လို့ သိရပါတယ်။ ဒါကတော့ ယခုလက်ရှိအချိန်မှာ ဘယ် App Store တွေမှာမှ မပါသေးတဲ့ စနစ်တစ်ခုပါ။ ဒီ Function က ဘယ်လိုနေရာတွေမှာ အသုံး၀င်လဲဆိုတော့ တစ်ချို့လူတွေက ဖုန်းထဲမှာ အပလီကေးရှင်းတွေကို Install လုပ်ပြီးတာနဲ့ Package File ကို ဖျက်ပစ်တတ်ကြပါတယ်။ ဒီလို Package File ကို မထားဘဲ Install လုပ်၊ Run ပြီးသုံးတဲ့လူတွေအနေနဲ့ နောက်ထပ် Update ပြုလုပ်တဲ့အခါ မူလဗားရှင်းက Uninstall ဖြစ်သွားပြှီး မတော်လို့ Update Version ကို သုံးရတာ အဆင်မပြေဘူး ဆိုရင်တော့ နဂိုမူလဗားရှင်းရဲ့ Package File ကလည်း မရှိတော့တာကြောင့် အလွယ်တကူ မရနိုင်တော့ပါဘူး။ တကူးတက လိုက်ရှာပြီး Download လုပ်ရပါတော့မယ်။ App Zone ကတော့ ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းပေးထားပါတယ်။

ဒီအပလီကေးရှင်းမှာ နောက်ထပ်ထူးခြားမှု တစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ Google Play Store နဲ့ အခြား App Store တွေမှာ အပလီကေးရှင်းတစ်ခုကို နေရာဒေသအလိုက် Download ရယူခွင့် မပေးထားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ App Zone ကတော့ ဒီကန့်သတ်ချက်ကို ချိုးဖျက်ထားပါတယ်။ မြန်မာနိုင်ငံက လူတွေအနေနဲ့ နေရာဒေသကြောင့် Download ရယူခွင့် မရတဲ့အခြေအနေမျိုး လုံး၀မရှိစေရဘူးလို့ အာမခံထားပါတယ်။ ဒါကိုလည်း ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

Ooredoo Myanmar က ဒီအပလီကေးရှင်းအတွက် အထူးအစီအစဉ် တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ကံထူးရှင်အယောက်(၃၀) ရွေးချယ်ပြီး ဖုန်းဘေတစ်သောင်းစီ ချီးမြှင့်ပေးခဲ့တဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်မှာ ပါ၀င်ဖို့အတွက် Facebook Account ရှိဖို့လိုပါတယ်။ မိမိအကောင့်မှာ “ App Zone ကနေ ______ ကို ဒေါင်းလုတ်လုပ်ချင်ပါတယ်။ #App Zone” ဆိုပြီး Status တစ်ခုကို Public Post အနေနဲ့ တင်ရပါမယ်။ ပေးထာတဲ့ စာကြောင်းရဲ့ ကွက်လပ်နေရာမှာတော့ မိမိစိတ်ကြိုက် အပလီကေးရှင်းတစ်ခုရဲ့ အမည်ကို ထည့်ရေးပေးရင် ရပါပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ပြီးတော့ အဲဒီ Status ကို Screen Shoot ရိုက်ပြီး #App Zone ဆိုတဲ့ စာသားနဲ့အတူ မိမိဖုန်းနံပါတ်ပါ ထည့်ရေးပြီး Ooredoo Myanmar Facebook Page သို့ ဇွန်လ(၁၈)ရက်နေ့ ည(၁၂)နာရီ မတိုင်မီ အရောက်ပေးပို့ ရပါတယ်။ Facebook အကောင့်တစ်ခု အနေနဲ့ တစ်ကြိမ်ပဲ ပေးခွင့်ရှိပါတယ်။ သတ်မှတ်စည်းကမ်းတွေနဲ့အညီ ပေးပို့လာသူတွေကို မဲနှိုက်ပြီး ကံထူးရှင်အယောက် (၃၀)ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။

ဒီ App Zone အပလီကေးရှင်းကတော့ Ooredoo Myanmar အနေနဲ့  သူတို့ရဲ့ Customer တွေအတွက် သီးသန့်ပြုလုပ်ပေးထားတာဖြစ်လို့ Ooredoo ဆင်းမ်ကဒ်အသုံးမပြုသူတွေ ဆိုရင်တော့ ဒီအပလီကေးရှင်းကို အသုံးပြုခွင့် မရှိပါဘူး။ ဒါကိုခွဲခြားမှုတစ်ခုလို့ မြင်ဖို့ခက်ပါတယ်။ ခုခေတ်မှာက တယ်လီဖုန်းအော်ပရေတာတွေ အနေနဲ့ စျေးကွက်နေရာအတွက် အပြိုင်အဆိုင်တွေ များနေတော့ ဒီလိုသီးသန့် ၀န်ဆောင်မှုတွေကလည်း ရှိနေကြမှာပါပဲ။ ဘာပဲဖြစ်ဖြစ် Ooredoo ဆင်းမ်ကဒ်သုံးသူတွေ အတွက်တော့ ဒီApp Zone အပလီကေးရှင်းလေးကတော့ အခြား App Store တွေထက် ထူးခြားမှုလေးတွေ ပေးမှာတော့အမှန်ပါပဲလို့ ယုံကြည်ပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။

App Download