လူသုံးများတဲ့ မြန်မာကီးဘုတ်များ

အခုဆိုရင် မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်း အသုံးပြုနေကြပါပြီ။ ဒီလိုမိုဘိုင်းလ်ဖုန်း အသုံးပြုကြတဲ့ နေရာမှာလည်း ခေတ်နဲ့အညီ စမတ်ဖြစ်ဖို့ အလေးထားလာကြတာရယ်၊ အသုံး၀င်မှုကို ဦးစားပေးလာကြတာတွေကြောင့် Keypad ဖုန်းလေးတွေထက် Touch Screen ဖုန်းတွေကိုပဲ အသုံးများလာကြပါတယ်။ သေချာစိစစ်ပြီး သုတေသနလုပ်ထားတဲ့ သတင်းတွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူဦးရေရဲ့ (၈၀)ရာခိုင်နှုန်းလောက်က Touch Screen ဖုန်းတွေကိုပဲ အသုံးပြုကြပါတယ်။ တောရော၊မြို့ပါ လူကြီး၊လူငယ် ဆင်းရဲ၊ချမ်းသာမရွေးပါပဲ။ အောက်ခြေလူတန်းစားနဲ့ အဆင်ပြေတဲ့ တန်ဖိုးနည်း Touch Screen ဖုန်းတွေလည်း စမတ်ဖုန်းကုမ္ပဏီတိုင်းက တင်သွင်းပေးနေကြတာကြောင့် အခုလိုလူတိုင်း ပေါပေါသီသီနဲ့ အသုံးပြုနေနိုင်တာပဲ ဖြစ်ပါတယ်။
ဒီလို မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုလာကြပြီ ဆိုတာနဲ့ စကားပြောခြင်းအပြင် စာရေးပြီးမက်ဆေ့ချ် ပေးပို့ခြင်းတွေလည်း ဒွန်တွဲလာပါတော့တယ်။ Keypad ဖုန်းတွေမှာတော့ စာရေးတဲ့အခါ အဂ်လိပ်လိုပဲရပြီး မြန်မာစာမရပါဘူး။ Touch Screen ဖုန်းဆိုရင်တော့ မြန်မာစာလည်း ရေးလို့ရတာ အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလိုမြန်မာစာ ကီးဘုတ်တွေထဲကမှ လူသုံးအများဆုံး ကီးဘုတ်(၃) ခုရှိပါတယ်။ အဲဒါတွေကို အောက်မှာဖော်ပြပေးပါမယ်။
Bagan Keyboard
ပထမဆုံး ပြောမှာကတော့ ပုဂံကီးဘုတ်ပါ။ သူကလက်ရှိမှာတော့ လူသုံးအများဆုံးပါ။ မြန်မာပြည်က စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ ရေပန်းအစားဆုံး ကီးဘုတ်ပဲဖြစ်ပါတယ်။ i device တွေနဲ့ android device တွေအားလုံးမှာ သုံးလို့ရပါတယ်။ ဒါပေမယ့် i device သမားတွေကတော့ သိပ်မသုံးကြပါဘူး။ အသုံးနည်းပါတယ်။ android device သမားတွေပဲ အဓိကသုံးကြတာပါ။ အများစုဆိုတာထက်ကို ပိုပါတယ်။ ဒီကီးဘုတ်ရဲ့ Oringinal Font Style ကတော့ Zawgyi Font ပါ။ ဒါပေမယ့် Unicode Font Style လိုချင်တယ်ဆိုရင်လည်း အခက်အခဲတော့ သိပ်မရှိပါဘူး။ ကီးဘုတ်ထဲမှာပဲ Zawgyi Font နဲ့ရေးထားတဲ့စာကို Unicode Font Style သို့ တစ်ခါတည်း တန်းပြောင်းလိုက်လို့ရပါတယ်။ copy, paste လုပ်ပြီး ချိန်းလိုက်တာပါ။ တစ်ဘက်ကလာတဲ့ စာတွေကိုလဲ ဒီနည်းနဲ့ပဲ မိမိလိုချင်တဲ့ Font Style ရအောင် ပြောင်းယူလို့ရပါတယ်။ စတေကာတွေလည်း ခေတ်နဲ့အညီ တဖြည်းဖြည်းအဆင့်မြင့်အောင် ထုတ်လုပ်ပေးလာပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/mmkb-2.jpg

Image Source: https://bagan-keyboard.en.aptoide.com/

လူကြိုက်အများဆုံးဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကီးဘုတ်လက်ကွက်တွေ အော်တိုပြောင်းလဲပေးခြင်းနဲ့ စာလုံးတစ်လုံးကိုဖိထားရုံနဲ့ သူအောက်မှာရှိတဲ့ စာလုံးတွေပေါ်လာပြီး လိုသလိုရွေ့လျား၊ ရွေးသုံးလို့ရတာ မျိုးတွေကြောင့်ပဲဖြစ်ပါတယ်။ ကီးဘုတ်လက်ကွက်တွေ အော်တိုပြောင်းတယ်ဆိုတာက မူလစာမျက်နှာပြင်မှာ မရှိတဲ့စာလုံးကို ရိုက်တဲ့နေရာမှာ မျက်နှာပြင်အခြားတစ်ဘက်သို့ ၀င်ပြီးရိုက်ကြရပါတယ်။ ဒီလိုတစ်ဘက်မျက်နှာပြင်က စာလုံးကို ရိုက်ပြီးတဲ့အချိန်မှား မူလမျက်နှာပြင်သို့ အလိုအလျောက် ပြန်ပြောင်းသွားတာကို ဆိုလိုတာပါ။ အချို့ကီးဘုတ်တွေဆို ဒီလိုပြောင်းမသွားပါဘူး။ ကိုယ်တိုင်ပြောင်းပေးမှ ရတာပါ။ ပြီးတော့ စာလုံးဆင့်တွေအတွက်လည်း ရေးရတာလွယ်ကူပါတယ်။ ဘယ်လိုမြန်မာစာ အရေးအသား မျိုးကိုမဆို လွယ်လွယ်ကူကူ ရေးသားနိုင်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/bg1.jpghttps://mm.myanmartechpress.com/wp-content/uploads/2017/06/bg2.jpg

ပုဂံကီးဘုတ်ကို စပြီးအသုံးပြုတဲ့အခါ Activate လုပ်မလားလို့ မေးပါလိမ့်မယ်။ မလုပ်လည်း ဘာမှမဖြစ်ပါဘူး။ သုံးလို့ရပါတယ်။ Activate လုပ်မယ်ဆိုရင်တော့ တယ်လီဖုန်းအော်ပရေတာတွေဆီကနေ ဖုန်းဘေထဲက ကျပ်(၁၅၀၀) သုံးပြီး Activate အတွက် ကုဒ်နံပါတ်၀ယ်ရပါတယ်။ Activate လုပ်တာနဲ့၊ မလုပ်ပဲသုံးတာ ဘာကွာလဲဆိုတော့ Theme နေရာနဲ့ setting တွေကို စိတ်ကြိုက် ပြုလုပ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ကီးဘုတ်ကို ကာလာချိန်ခြင်း၊ background ပြောင်းခြင်း၊ wallpaper ထည့်ခြင်းများ၊ Dictionary ရဲ့ Short Cut Edit မှာလည်း မြန်မာစာလေးတွေ လွယ်လွယ်ရိုက်လို့ ရအောင် Edit လုပ်လို့ရပါတယ်။ History မှာ လည်း မိမိစိတ်ကြိုက် စာတွေရိုက်ထည်းထားလို့ ရပါတယ်။ ပြီးတော့ စာလုံးဆိုဒ်ကိုလည်း လိုသလို အသေး၊ အကြီး ထားလို့ရပါတယ်။ ဒါတွေကတော့ တကယ်မရှိမဖြစ် လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ မဓိကအရေးကြီးတာက မြန်မာစာကို အဆင်ပြေပြေ ရေးလို့ရဖို့ပဲလိုတာပါ။ စတေကာလေးတွေ သုံးမယ်ဆိုလည်း သုံးလို့ရနေတာပဲလေ။ အသုံးပြုသူအများစုကလည်း Activate မလုပ်ဘဲ သုံးနေကြတာပါ။ လုပ်ထားတဲ့လူကတော့ တော်တော်နည်းပါတယ်။

App Download (andriod)

Facebook Page

Frozen Keyboard
ဒီ Frozen Keyboard ကလည်း လူသုံးများတဲ့ မြန်မာစာကီးဘုတ် တစ်ခုပါပဲ။ သူကိုသုံးတဲ့သူလည်း မြန်မာပြည်မှာ တော်တော်များများ ရှိပါတယ်။ ဒါပေမယ် ရှေ့မှာပြောခဲ့တဲ့ ပုဂံကီးဘုတ်ထက်တော့ နည်းပါတယ်။ သူကဘာလို့ ပုဂံကီးဘုတ်ထက် လူသုံးနည်းနေရသလဲ ဆိုတာကို အောက်မှာရှင်းပြပေးပါမယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/mmkb-3.png

Image Source: https://play.google.com/store/apps

အရင်ဆုံးတော့ ဒီ Frozen Keyboard ရဲ့ အကြောင်းလေးကို နည်းနည်းပြောပါဦးမယ်။ သူကသုံးရတာ အရမ်းရိုရှင်းပါတယ်။ သူ့ရဲ့လက်ကွက်မျက်နှာပြင်ကို ကြည့်လိုက်ရင်း တော်တော်လေးကို ရှင်းရှင်းလင်းလင်း ဖြစ်နေပါတယ်။ လူကိုစိတ်မရှုပ်စေပါဘူး။ ဒါတွေက သူရဲ့အဓိက အားသာချက်လို့ ဆိုရပါလိမ့်မယ်။ လူကြီးပိုင်းတွေကတော့ ပုဂံကီးဘုတ်ထက် သူ့ကို ပိုကြိုက်ကြပါတယ်။ လူကြီးပိုင်းတွေက သိပ်ပြီးအထူးအဆန်းတွေကို မကြိုက်ကြပါဘူး။ သူတို့အတွက်က သုံးရလွယ်ကူဖို့နဲ ရိုးရှင်းတဲ့ အပြင်အဆင် ဖွဲ့စည်းပုံမျိုးပဲ ဖြစ်နေဖို့ လိုတာပါ။ ဒီကီးဘုတ်ကတော့ အခြားကီးဘုတ်တွေလို စတေကာတွေတော့ ထည့်မထားပါဘူး။ ဒါကပုဂံကီးဘုတ်ထက် လူကြက်နည်းသွားရတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။ ခုခေတ်မှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေအတွက်တော့ ကီးဘုတ်တွေမှာ စတေကာမပါလို့မဖြစ်တဲ့ သဘောပါ။

https://mm.myanmartechpress.com/wp-content/uploads/2017/06/f1.jpghttps://mm.myanmartechpress.com/wp-content/uploads/2017/06/f2.jpg

Frozen Keyboard ကီးဘုတ်မှာ Zawgyi ရော Unicode ပါ နှစ်မျိုးလုံးသုံးလို့ရပါတယ်။ အပလီကေးရှင်းကို Install တင်ပြီး ၀င်လိုက်တဲ့အချိန်မှာပဲ Help ဆိုတဲ့ နေရာလေးထဲကနေ Zawgyi နဲ့ Unicode နှစ်မျိုးထဲက လိုချင်တာကိုရွေးပြီး သုံးနိုင်ပါလိမ့်မယ်။ ဒီအချက်မှာတော့ သူက ပုဂံကီးဘုတ်ထက်သာသွားပါတယ်။ ပုဂံကီးဘုတ်မှာဆိုရင် ဖောင့်နှစ်မျိုးအတွက် ကီးဘုတ်လက်ကွက်ကနေပြီး ရေးလို့မရဘဲ စာသားကိုပဲ ပြန်ချိန်းပေးရတာဆိုတော့ ဒီနေရာမှာတော့ သူ့လောက်အဆင့်မြင့်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Frozen Keyboard မှာ စတေကာတွေ သုံးမရသေးတာကြောင့်ပဲ မြန်မာစာကီးဘုတ်လောကမှာ အနည်းငယ် သိမ်ငယ်စရာတော့ ဖြစ်နေပါတယ်။ ပြီးတော့သူက i Device တွေအတွက် သုံးလို့မရပါဘူး။ Andriod Device တွေအတွက်ပဲ သုံးလို့ရပါတယ်။

App Download (andriod)

Facebook Page

TTKeyboard
TTKeyboard ကတော့ i Device သမားတွေ အဓိကသုံးကြတဲ့ ကီးဘုတ်ဖြစ်ပါတယ်။ Andriod Device တွေအတွက်လည်း အဆင်ပြေပြေ သုံးလို့ရတယ်ဆိုပေမယ့် ခုချိန်ထိတော့ လူသုံးနည်းနေပါသေးတယ်။ သူကလည်း ပုဂံကီးဘုတ်နီးနီး အဆင့်မြင့်တဲ့ ကီးဘုတ် တစ်ခုပါပဲ။ Zawgyi ရော Unicode ပါ နှစ်မျိုးလုံးသုံးလို့ရပါတယ်။ ပြီးတော့ အဲဒီဖောင့်နှစ်မျိုးကိုလည်း ကီဘုတ်ထဲမှာတင် လိုသလိုပြောင်းရေးသွားလို့ ရပါတယ်။ လက်ကွက်မျက်နှာပြင် အပြောင်းအလဲတွေကလည်း အော်တိုစနစ်တွေပါ။ စာလုံးဆင့်တွေအတွက်လည်း အဆင်ပြေပါတယ်။ စတေကာတွေလည်း စုံစုံလင်လင်ပါတာဆိုတော့ ချို့ယွင်းချက်ရယ်လို့ ရှာဖို့တောင် ခက်နေပါတယ်။ ပြီးပြည့်စုံတဲ့ ကီးဘုတ်တစ်ခုလို့ ဆိုချင်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/mmkb-1.png

Image Source: https://itunes.apple.com/au/app

အရင်တုန်းကတော့ သူက i Device တွေအတွက်ပဲ သီးသန့်ထုတ်တဲ့ပုံပဲ။ ခုနောက်ပိုင်းမှ Andriod Device တွေအတွက်ပါ ထပ်ဖြည့်ပေးစမို့လို့ လူသိနည်းသေးတဲ့ သဘောဖြစ်နိုင်ပါတယ်။ Andriod Device တွေအတွက်လည်း ကောင်းမွန်တဲ့ကီးဘုတ်တွေ ရှိနေတော့ အပြောင်းအလဲ မလုပ်ဖြစ်တဲ့ သဘောမျိုးလဲ ဖြစ်နိုင်တာပဲလေ။ တကယ်လို့ သူ့ကိုစမ်းသုံးကြည့်မယ်ဆိုရင်လည်း အဆင်ပြေ၊မပြေဆိုတာကို တွေးပူနေစရာမလိုပါဘူး။ စိတ်ချလက်ချသာ သုံးကြည့်လိုက်ပါ။ ပြဿနာရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး။

https://mm.myanmartechpress.com/wp-content/uploads/2017/06/tt1.jpghttps://mm.myanmartechpress.com/wp-content/uploads/2017/06/tt2.jpg

အခုဖော်ပြပေးခဲ့တာတွေကတော့ လက်ရှိမြန်မာပြည် စမတ်ဖုန်းလောကရဲ့ လူကြိုက်အများဆုံးသော ကီးဘုတ်သုံးမျိုးအကြောင်းပဲ ဖြစ်ပါတယ်။ နောက်နောင်လည်း အခါအခွင့်သင့်တိုင်း ဒီလိုအိုင်တီနယ်ပယ်ထဲက ရေပန်းစားနေတဲ့ အကြောင်းအရာလေးတွေကို စာဖတ်သူတွေ ဗဟုသုတတိုးပွားစေဖို့ သဘောရိုးသက်သက်နဲ့ ရေးသားတင်ဆက်ပေးပါဦးမယ်။

App Download (andriod)

Facebook Page