အရေးပေါ်အခြေအနေနဲ့ မိမိပတ်၀န်းကျင်အကြောင်း Report လုပ်နိုင်တဲ့ Safe Cities Mobile App

Actionaid Myanmar ကနေ စီစဉ်ဖန်တီးလိုက်တဲ့ Safe Cities Mobile App ရဲ့ လူထုပတ်၀န်းကျင်ကို ထိန်းသိမ်းပြင်ဆင်ရေးတွေမှာ အသုံး၀င်ပုံတွေကို တင်ပြပေးလိုပါတယ်။ ဒီအပလီကေးရှင်းကို ယခုလဆန်းပိုင်းကမှ Actionaid Myanmar ကနေပြီး မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီမိတ်ဆက်ပွဲမှာ တာ၀န်ရှိသူတွေ ပြောကြားခဲ့တဲ့ ဒီအပလီကေးရှင်းရဲ့ အဓိကရည်ရွယ်ချက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ပတ်၀န်းကျင်လုံခြုံရေးကို စောက်ရှောက်ပေးရေးကို ဦးစားပေးထားတယ်လို့ သိခဲ့ရပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/safe-cities-app-1.png

Image Source: https://play.google.com/store/apps

ဒါပေမယ့် ဒီအပလီကေးရှင်းကို လက်တွေ့သုံးကြည့်လိုက်တဲ့ အခါမှာတော့ သူတို့ပြောထားတဲ့အတိုင်း အမျိုးသမီးတွေရဲ့ နေ့စဉ်ဘ၀ သွားလာလှုပ်ရှားရေးတွေကို ထူးထူးခြားခြား ကာကွယ်စောင့်ရှောက်ပေးနိုင်တာမျိုးတော့ မတွေ့ရပါဘူး။ တကယ်တမ်း လက်တွေ့ကျကျ တွေးကြည့်မယ်ဆိုရင် ဒီလိုအမျိုးသမီးတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို အထူးကာကွယ်ပေးနိုင်ဖို့ ဆိုတာက လွယ်လွယ်နဲ့တော့ ထင်သလောက်အာမခံချက် မရှိနိုင်ပါဘူး။ ဒီနေရာမှာ အခြေခံအကျဆုံး လိုအပ်ချက်က တရားဉပဒေစိုးမိုးဖို့ တိတိကျကျ တရားစီရင်ရေး၊ ရဲတပ်ဖွဲ၀င်အင်အား လုံလုံလောက်လောက်နဲ့ စနစ်တကျ လှည့်ပတ်ပြီး အချိန်ပြည့် လုံခြုံရေးဆောင်ရွက်နိုင်မှုတွေလို့ပဲ မြင်ပါတယ်။ ဒါတွေကတော့ ခုချိန်မှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတာ အားလုံးအသိပါပဲ။

 

အပေါ်မှာပြောခဲ့သလိုပဲ အမျိုးသမီးတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ပတ်၀န်းကျင်ကို ထူးထူးခြားခြား ကာကွယ်စောင့်ရှောက်ပေးနိုင်တာမျိုး မပါ၀င်ဘူးဆိုပေမယ့် ဒီအပလီကေးရှင်းမှာ တန်ဖိုးရှိတဲ့ ဉီးတည်ချက်တစ်ခုတော့ ပါတယ်ဗျ။ ဒါကဘာလဲဆိုတော့ မိမိပတ်၀န်းကျင်ကို ထိန်းသိမ်းဖို့နဲ့ တဖြည်းဖြည်း အဆင့်မြှင့်တင်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို Report လုပ်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ အရေးပေါ်အခြေအနေတွေနဲ့ သာရေးနာရေးကိစ္စတွေအတွက် အကူညီတောင်းဖို့ ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပတ်တွေလည်းနေရာ၊ မြို့နယ်အလိုက် ထည့်ပေးထားပါတယ်။ ရဲ၊ မီးသတ် တို့လို အစိုးရအဖွဲ့အစည်းတွေအပြင် လူမှုအဖွဲ့အစည်းတွေ၊ ဒေသအလိုက် ပရဟိတအဖွဲ့တွေလည်း စုံစုံလင်လင်ပါ၀င်ပါတယ်။

ဒါကြောင့် မိမိရပ်ကွက်၊ ပတ်၀န်းကျင်အတွင်း မူးယစ်ဆဲဆိုရမ်းကားမှုတွေနဲ့ အမြင်၊အကြား မသင့်တော်တဲ့ ဘယ်လိုကိစ္စရပ်မျိုးကိုမဆို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး (သို့မဟုတ်) သက်ဆိုင်ရာအစိုးရဌာနတွေသို့ အလွယ်တကူ တိုက်ရိုက်တိုင်ကြား နိုင်မှာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနတွေဘက်ကသာ တရားဉပဒေစိုးမိုးရေးနဲ့ ပြည်သူ့၀န်ထမ်းကောင်းတစ်ယောက်ရဲ့ နိုင်ငံတော်တာ၀န်ကို ဉီးထိပ်ပန်ဆင်ပြီး လုပ်သင့်လုပ်ထိုက်တာကို အချိန်နဲ့တပြေးညီ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ပဲ လိုပါလိမ့်မယ်။

ဒီအပလီကေးရှင်းရဲ့ အဓိကဉီးတည်ချက်ဆိုတာကို ဆက်လက်ဖော်ပြပေးပါဉီးမယ်။ ဒါကဘာလဲဆိုတော့ မိမိတို့ပတ်၀န်းကျင်ရဲ့ အရေးယူဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ လို့တဲ့အကြောင်းအရာတွေကို အကြောင်းကြား၊ တိုင်တန်းနိုင်တာပဲဖြစ်ပါတယ်။ ဒီအပလီကေးရှင်းကိုဖန်တီးခဲ့တဲ့ Actionaid Myanmar ဆိုတာလည်း အမျိုးသမီးရေးရာတွေနဲ့ ပက်သက်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့ NGO တစ်ခုဆိုတော့ တက်လာတဲ့ Report တွေကို သက်ဆိုင်ရာဌာနတွေဘက်က အလေးထားဆောင်ရွက်ပေးဖို့ သူတို့ရဲ့အားနဲ့ တွန်းအားပေးနိုင်မယ်လို့တော့ ထင်ပါတယ်။ အဲဒီလိုအဆင်ပြေပြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ်ကို တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက်တစ်ရပ် အနေနဲ့ ဒီအပလီကေးရှင်းကို သတ်မှတ်နိုင်ပါလိမ့်မယ်။ လူထုဘက်ကလည်း အကောင်းဘက်သို့ ရည်စူးပြီး လိုအပ်တာတွေ ပြုပြင်လိုတဲ့စိတ်နဲ့ အင်တိုက်အားတိုက် ပါ၀င်ပေးကြဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် မိမိတို့ပတ်၀န်းကျင်က လမ်း၊ ရေမြောင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနေမှုတွေ၊ လူတစ်ချို့ကြောင့် ပတ်၀န်းကျင်းကို ထိခိုက်၊ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဆူပူသောင်းကျန်းမှုတွေ၊ အန္တရာယ်ဖြစ်စေမှုတွေကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စော်ကားတိုက်ခိုက်မှုတွေကို ဒီ Safe Cities အပလီကေးရှင်းထဲကနေ အကြောင်းအရာ အစုံအလင်ရေးသားပြီး တိုင်ကြားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှလည်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပတ်၀န်းကျင်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒီအပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင်တော့ Facebook (သို့မဟုတ်) Google Plus အကောင့်တစ်ခုနဲ့ ၀င်ရပါတယ်။ သူမှာအပိုင်း(၄) ပိုင်းရှိပါတယ်။
(၁) နယ်မြေအခြေအနေ သတင်းပို့ရန်
(၂) အရေးပေါ် ဆက်သွယ်ရန်
(၃) သိထားသင့်သည့် အချက်များ
(၄) အဖွဲ့အစည်းများအား အဆင့်သတ်မှတ်ပေးရန် စတာတွေပဲ ဖြစ်ပါတယ်။
(၁) နယ်မြေအခြေအနေ သတင်းပို့ရန် ဆိုတာကတော့ မိမိတို့ပတ်၀န်းကျင်က ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အပိုင်းတွေ၊ အသစ်ဖြည့်စွက်ဖို့ အရေးတကြီးလိုအပ်တဲ့ အရာတွေ၊ ဉပဒေပိုင်းကနေပြီး အရေးယူဖို့လိုအပ်တဲ့ ကိစ္စတွေကို Report ရေးသားတိုင်ကြားတဲ့ ကဏ္ဍပါ။
(၂) အရေးပေါ် ဆက်သွယ်ရန် ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ချင်း အတွက်ဖြစ်စေ၊ ပတ်၀န်းကျင်တစ်ခုလုံး အတွက်ဖြစ်စေ အန္တရာယ်တစ်ခုခု ကြုံလာတဲ့အခါ သက်ဆိုင်တဲ့ဌာန(သို့မဟုတ်) လူမှုအဖွဲ့အစည်းတွေဆီသို့ တိုက်ရိုက်ဖုန်းခေါ်ပြီး အကြောင်းကြား အသိပေးတဲ့ ကဏ္ဍပါ။
(၃) သိထားသင့်တဲ့ အချက်များ ဆိုတာကတော့ အထူးသဖြင့် ရာဇ၀တ်မှုနဲ့ ဆိုင်တဲ့ ဉပဒေတွေ၊ အသိပညာပေး စာပေ၊ ရုပ်ပြ၊ အသံ၊ ဗီဒီယို တွေကို ဖော်ပြပေးထားတဲ့ ကဏ္ဍပါ။
နောက်ဆုံးတစ်ခုဖြစ်တဲ့ (၄) အဖွဲ့အစည်းများအား အဆင်သတ်မှတ်ပေးရန် ဆိုတာကတော့ မိမိတို့ရဲ့ အရေးပေါ်လိုအပ်ချက်တွေအတွက် အားကိုးတကြီးနဲ့ အကူအညီးတောင်းဆိုမှုတွေအပေါ် သက်ဆိုင်ရာဌာန (သို့မဟုတ်) လူမှုအဖွဲ့အစည်းတွေရဲ့ ပြန်လည်တုံ့ပြန်မှုတွေကို အဆင့်သတ်မှတ်ပေးတဲ့ သဘောပါပဲ။
ဒီအပလီကေးရှင်းက အခုအချိန်မှာ Andriod Davice တွေအတွက်ပဲ ရပါသေးတယ်။ သိပ်မကြာခင်မှာတော့ i Device တွေအတွက်လည်း ထွက်လာမှာပါ။ သူ့ကို Google Play Store မှာ Download လုပ်တဲ့အခါတော့ Safe Cities ဆိုပြီး safe နဲ့ cities ကြာကို space ခြားပြီးစာရိုက်ရှာရင်တော့ တွေ့မှာမဟုတ်ပါဘူး။ space မခြားဘဲ SafeCities ဆိုမှသာ တွေ့ပါလိမ့်မယ်။ ဒီ Safe Cities Mobile App လေးကတစ်ဆင့် မိမိတို့ပတ်၀န်းကျင်ကို အေးချမ်းသာယာပြီး တိုးတက်ကောင်မွန်စေဖို့ အားလုံးပူးပေါင်း ပါ၀င်ပေးကြဖို့ နှိုးဆော်တိုက်တွန်းလိုတဲ့ ဆန္ဒနဲ့ ဒီဆောင်းပါးကို ရေးသားတင်ဆက် ပေးလိုက်ပါတယ်။
App Download (andriod)