YBS ကိုတိုင်ကြားဖို့ YBR မှာစုရုံးစို့

YBS ဆိုတာ ရန်ကုန်တစ်မြို့တည်းနဲ့ သက်ဆိုင်ပေမယ့် မြန်မာတစ်ပြည်လုံးက လူတွေအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ လေး၊ငါးလလောက်ကမှ စပေါ်ခဲ့တဲ့YBS ဟာ ပထမဆုံးနေ့မှာတင်ပဲ မြန်မာတစ်ပြည်လုံးကို ဟိုးဟိုးကျော်သွားခဲ့ရလောက်တဲ့အထိ ရန်ကိုမြို့ကိုဗြောင်းဆန်အောင် မွှေနောက်ခဲ့တဲ့  ဆရာကြီးပါ။ စပြီးနာမည်ကြီးရတဲ့ အကြောင်းရင်းကတော့ လိုင်းပြေးဆွဲတဲ့ ကားအရေအတွက် နည်းတဲ့ပြဿနာကြောင့်ပါပဲ။

ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေနဲ့ ဘယ်လို့မှလောက်ငှမှု မရှိလောက်အောင်ပဲ YBS ကားအရေအတွက်ဟာ နည်းပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တရုပ်ပြည်ကတင်းသွင်းလာတဲ့ ကားကြီးတွေရောက်လာတယ် ဆိုပေမယ့် ဘာအရာမှကို မထင်သေးပါဘူး။ နောက်ထပ်အများကြီး လိုပါဦးမယ်။ ဒါကတော့ ကားအရေအတွက် နည်းရတဲ့ပြဿနာပါ။ ဒီကိစ္စကို လူထုအနေနဲ့ ကြိတ်မှိတ်ညဉ်းတွား နေရုံကလွဲပြီး ဘာမှတော့တတ်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ “သူကြင်မှ ကိုယ်ကြင်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ဒါပေမယ့် ဒီYBS နဲ့ပက်သက်ရင် လူထုအနေနဲ့ သူမကြင်လို့ဆိုပြီး စိတ်နာနာနဲ့ ဉပေက္ခာပြုသွားလို့ရတဲ့ အခွင့်အရေးမျိုး မရှိရှာပါဘူး။ သူ့ဘက်က ဘယ်လောက်ထိပဲ ခါးခါးသီးသီး ဆက်ဆံနေပါစေ ကိုယ့်ဘက်ကတော့ သေတဲ့အထိ ကပ်တွယ်သွားရမယ့် အဖေါ်လို့ပဲ သဘောထားကြပါလိမ့်မယ်။
https://mm.myanmartechpress.com/wp-content/uploads/2017/06/16002870_1827093870876738_6369557646041942576_n.jpgImage Source: https://www.facebook.com/pg/ygnbusreport

ဒီလိုကားအစီးရေ နည်းနေသေးတဲ့ ပြသနာကိုတော့ သက်ဆိုင်တဲ့ အုပ်ချုပ်သူတွေနဲ့ တာ၀န်ကိုယ်စီယူထားကြတဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေကပဲ ဖြေရှင်းလို့ရပါလိမ့်မယ်။ ဒါကို လူထုအနေနဲ့ အခြေခံလိုအပ်တဲ့ ကိစ္စဆိုပြီး “အကေင်းဆုံးဖြစ်ဖို့ အမြန်ဆုံးဆောင်ရွက်ပေးပါ” လို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေးလည်း မရှိပါဘူး။ တောင်းဆိုစရာလည်း မလိုပါဘူး။ ဘာလို့ဆို ဒီပြဿနာကြီးက ဘယ်သူမှမသိခင် တိတ်တိတ်လေးဖြစ်သွားတဲ့ သမီးရည်းစားကိစ္စမျိုး မဟုတ်လို့ပါဘဲ။ ဒါကြီးကို ဘယ်လိုပြင်ရမလဲ၊ ဘယ်တော့လောက်မှ အကောင်းဆုံးဖြစ်လာမလဲ ဆိုတာကိုတော့ “ RAM 1 GB မပြည့်တဲ့ ငါတို့ရဲ့ဦးနှောက်နဲ့  မတွေးတာပဲ ကောင်းပါလိမ့်မယ်” လို့ မှတ်ယူထားတာ အကောင်းဆုံးပါပဲ။

ရှေ့မှာပြောခဲ့တာတွေက ကားအစီးရေနည်းတဲ့၊ လူထုအားနဲ့ဖြေရှင်းလို့မရတဲ့ ပြဿမျိုးပါ။ အခုဆက်ပြီးတော့ လူထုအားနဲ့ ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စတွေ၊ နည်းလမ်းတွေကို တိုင်ပင်ကြည့်ပါမယ်။ ဒီလိုလူထုအားနဲ့ စုပေါင်းလုပ်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ စုရပ်ပါပဲ။ ဒီ့အတွက်တော့ ပူစရာမလိုတော့ပါဘူး။ Yangon Bus Report ဆိုတဲ့ အပလီကေးရှင်းလေး ရှိပါတယ်။ YBS နဲ့ပက်သက်တဲ့ နေ့စဉ်လူထုကြုံတွေ့နေရတဲ့ သေးသေး၊ ကြီးကြီး ပြဿနာတွေကို စုပေါင်းအားနဲ့ တွန်းလှန်တဲ့သဘောဖြစ်အောင် ဒီအပလီကေးရှင်းလေးမှာ လာရောက်ဖော်ပြကြတာပေါ့။ လက်ရှိမှာတော့ ဒီလိုကိစ္စတွေ ဖြေရှင်းဖို့အတွက် မိုဘိုင်းလ်အပလီကေးရှင်းဆိုရင်တော့ Yangon Bus Report တစ်ခုတည်းပဲ ရှိပါသေးတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/ybr-2-1.jpg

ဒီ Yangon Bus Report App ဟာ ရန်ကုန်မြို့လိုင်းကားလောကမှာ မ.ထ.သ ကနေ YBS ဆိုပြီး စတင်ပြောင်းလဲခဲ့ ဒုတိယမြောက်နေ့မှာ စပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူ ခုနှစ်ထောင်ကျော်လာပါပြီ။ တိုင်းကြားမှုတွေကလည်း စကတည်းကနေ အခုချိန်ထိ ၂၆၀၀ ကျော်ထိရှိထားပါတယ်။ ဒီတိုင်ကြားမှု ၂၆၀၀ ကျော်မှာ သက်ဆိုင်ရာဌာနတွေက ထိုက်သင့်တဲ့ အရေးယူမှုတွေလည်း အနည်းအကျဉ်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Yangon Bus Report App ကို တီထွင်ခဲ့တဲ့ နည်းပညာသမားတစ်စုကပဲ အခုအချိန်ထိ ဆက်လက်ထိန်းချုပ်ပြီး တက်လာတဲ့တိုင်ကြားစာတွေကို တဘက်ကတာ၀န်ရှိသူတွေဆီသို့ ပြန်လည်းပေးပို့တင်ပြပေးတဲ့ စနစ်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ ဒီအတွက်တော့ သူတို့အနေနဲ့ ငွေအားလူအား ရင်းနှီးမှုတွေတော့ လိုအပ်မှာကြိမ်းသေပါတယ်။ ဒီလိုအပ်တဲ့ငွေတွေကို သူတို့အိတ်ကပဲ စိုက်ထုတ်တာလား၊ ဒီအပလီကေးရှင်းကနေပြီး ဘယ်လို၀န်ဆောင်မှုတွေနဲ့ ရယူသလဲဆိုတာတော့ အတိအကျမသိသေးပါဘူး။ ထင်တာကတော့ သူတို့ကိုယ်တိုင်ပဲ စိုက်ထုတ်ရတာ ဖြစ်ပါလိမ့်မယ်။ ဖေ့စ်ဘွတ်ပေ့ချ်လည်း တစ်ခုရှိပါတယ်။  Yangon Bus Report Facebook Page ပါ။ Like နဲ့ Follower ကတော့ သုံးသောင်းနီးပါး ရှိနေပါပြီ။ Team Budget အနေနဲ့ အပလီကေးရှင်းနဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေမှာ စီးပွားရေးကြော်ငြာတွေ ဖော်ပြထားတာတော့ အခုချိန်ထိ မရှိသေးပါဘူး။

https://mm.myanmartechpress.com/wp-content/uploads/2017/06/ybr-2-2.jpg

YBS လိုင်းကားစီးရင်း ကားကြောင့်ဖြစ်ဖြစ်၊ ယာဉ်မောင်းနဲ့ အကူကြောင့်ပဲဖြစ်ဖြစ် ပြသနာတစ်စုံတစ်ရာ ရှိခဲ့ပါက ဒီ Yangon Bus Report App မှာ လာရောက်တိုင်ကြားခြင်းနဲ့ မိမိတို့ကြုံတွေနေရတဲ့ YBS ပြဿနာတွေကို စုပေါင်းတွန်းလှန် ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်။ ဘာလို့ဆိုတော့ ဒီပြဿနာကို တစ်ဦးတစ်ယောက်တည်း ဖြေရှင်းလို့မရတာရယ်၊ စည်းကမ်းနဲ့ ဉပဒေနဲ့ ဖြစ်ဖို့လိုတာရယ်၊ ပြီးတော့ ဖြေရှင်းရမယ့်နည်းလမ်းရယ်ဆိုပြီး တွေးကြည့်တော့ လက်ရှိအနေအထားတွေနဲ့ဆိုရင် ဒီနည်းကအသင့်တော်ဆုံးလို့ ထင်ပါတယ်။ ပြီးတော့ ပြဿနာကို လိုင်းကားပေါ်မှာ ယာဉ်မောင်း၊အကူတို့နဲ့ တိုက်ရိုက် စကားများပြီးဖြေရှင်းနေဖို့ မလိုတဲ့အတွက် နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ကင်းပါမယ်။ ခရီးသည်တွေကလည်း မိမိလိုရာခရီးကို တစ်စုံတရာ ပြသနာမရှိပဲ အရောက်သွားလိုတဲ့စိတ်တွေနဲ့ မလိုလားအပ်တဲ့ လိုင်းကားပေါ်က ပြဿနာတွေကို သည်းခံပြီးရှောင်ရှားနေရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေပါပဲ။ လိုင်းကားပေါ် အတက်အဆင်းတွေအတွက် ကူညီတဲ့သဘောမျိုး မဟုတ်တော့ပါဘူး။ ကူညီတယ်ဆိုတဲ့သဘောကို အသုံးချပြီး မရိုးသားတဲ့စိတ်နဲ့ အသားယူနေတာတွေက ပိုများပါလိမ့်မယ်။ လူကြားထဲမှာ အမြင်မတော်လောက်အောင်ထိ ဖြစ်ပျက်နေတာတွေ အများကြီးပါ။

ပြဿနာတစ်စုံတစ်ရာကြောင့် ဒီအပလီကေးရှင်းကနေ တိုင်ကြားတော့မယ်ဆိုပါက ပထမဦးဆုံးအနေနဲ့ ယာဉ်လိုင်းနံပါတ်ကိုရွေးရပါတယ်။ ပြီးတော့ တိုင်ကြားစာရေးတဲ့ စာမျက်နှာပေါ်လာတဲ့အခါ အရှိန်လွန်မောင်းနှင်ခြင်း၊ သတ်မှတ်မှတ်တိုင်မရပ်ခြင်းနဲ့ အကြံပြုချက်ဆိုတာ အပါအ၀င် တိုင်ကြားမယ့်ခေါင်းစဉ် အမျိုးအစား(၁၅)မျိုး ပါ၀င်ပါတယ်။ ဒီထဲက မိမိတိုင်ကြားလိုတဲ့ ခေါင်းစဉ်တစ်ခုကိုရွေးပြီး ကားနံပါတ်၊ ဓာတ်ပုံနဲ့ အကြောင်းအရာ အတိအကျ ရေးသားဖေါ်ပြပေးရပါမယ်။ တကယ်လို့ မိမိစီးတဲ့ကားနဲ့ ပက်သက်ပြီး အဆင်ပြေတယ်၊ ကြိုက်နှစ်သက်မှု ရှိတယ်ဆိုရင်လည်း ဒီကနေပဲ ချီးမွန်းခန်းဖွင့်လို့ ရပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ “အမှတ်ပေး” ဆိုတဲ့ နေရာလေးကို၀င်ပြီး ယာဉ်လိုင်းနံပါတ်ရွေး၊ ကားနံပါတ်ထည့်ပြီး ပေးထားတဲ့ကြယ်ငါးပွင့်ထဲက ကြိုက်သလောက်ပေးပစ်လို့ ရနိုင်ပါတယ်။

ဒီအပလီကေးရှင်းမှာ တိုင်ကြားထားသမျှကို ဖော်ပြပေးထားပါတယ်။ ပြီးတော့ အဲဒီတိုင်ကြားထားချက် တစ်ခုချင်းစီမှာလည်း စိစစ်အဖွဲရဲ့ စစ်ဆေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့သို့တိုင်ကြားထားပြီးဖြစ်ကြောင်း၊ အာဏာပိုင်အဖွဲတွေက စစ်ဆေးပြီး မည်သို့မည်ပုံ အရေးယူပြီးဖြစ်ကြောင်း စသည်ဖြင့် တိတိကျကျ ကန့်သတ်ဖော်ပြ ပေးထားတာတွေကို တွေ့ရပါတယ်။  အရေးယူမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ အားနည်းနေပါသေးတယ်။ ဒီအပလီကေးရှင်းသို့ တက်လာတဲ့တိုင်ကြားစာတွေကို ထိန်းချုပ်အဖွဲ့ကစိစစ်ပြီး YRTA ဆီကိုပို့ပေးပါတယ်။ အဲကတစ်ဆင့် ယာဉ်လိုင်းတစ်ခုချင်းစီရဲ့ Bus Operator တွေဆီကို ရောက်ပါတယ်။ ဒီနေရာရောက်မှ Bus Operator တွေက သေချာစစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်တယ်လို့ သိရပါတယ်။  ယာဉ်လိုင်းတွေရဲ့ လရီးစဉ်တွေ၊ YBS နဲ့ဆက်စပ်တဲ့ သတင်းတွေကိုလည်း စုစည်းဖော်ပြပေးထားပါသေးတယ်။ ဒီလိုဆက်စပ်သတင်းတွေ ဖော်ပြပေးတာကလည်း ကောင်းပါတယ်။ တကယ်လို့ ခရီးစဉ်အပြောင်းအလဲတွေ၊ အတိုးအလျှော့တွေ  ရှိခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့ ရနိင်တဲ့သဘောပါ။ ပြီးတော့ တိုင်ကြားမှုတွေကို ယာဉ်လိုင်း၊ ကားနံပါတ် တို့နဲ့ စနစ်တကျ စီမံခန့်ခွဲ ထားတာဖြစ်လို့ သက်ဆိုင်တဲ့အာဏာပိုင် အဖွဲ့တွေအနေနဲ့ လိုအပ်တဲ့အချိန် အပြစ်ကျူးလွန်ဖူးတဲ့ သမိုင်းကြောင်းတွေကို အလွယ်တကူ စစ်ဆေးသွားလို့ရပါလိမ့်မယ်။

ဒါ့ကြောင့် YBS ပေါ်က ပြဿနာတွေကို အရင်လို သည်းခံနေစရာမလိုတော့ပဲ အချက်အလက်အစုံအလင်၊ ခိုင်ခိုင်မာမာနဲ့ Yangon Bus Report App ကနေ တိုင်ကြားသွားကြဖို့ အမှန်တရားနဲ့ တရားဉပဒေဘက်ကနေ လူထုအကျိုးရှေးရှုပြီး ရေးသားတိုက်တွန်း လိုက်ရပါတယ်။

App Download

Facebook Page