မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook ၏ ပြင်ဆင်ထားမှုများ

Facebook ပလက်ဖောင်းပေါ်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် ကူညီပေးနိုင်ဖို့ နည်းပညာ ထုတ်ကုန်၊ လုပ်ငန်းစဉ်နဲ့ မူဝါဒ အပိုင်းတွေမှာ Facebook က ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာ Facebook ၏ Emerging Markets နှင့် အရှေ့တောင်အာရှဆိုင်ရာ Public Policy Director ဖြစ်သူ Dr Rafael Frankel ရေးသာမှုများကို ကိုးကား ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကမ္ဘာအနှံ့က နိုင်ငံရေးစနစ်အမျိုးမျိုးတွေကြားမှာ ရွေးကောက်ပွဲပေါင်း ရာနဲ့ချီပြီး သမာသမတ်ကျကျ ကျင်းပနိုင်အောင် ကာကွယ်ပေးဖို့ ကြိုးစားရင်း Facebook အနေနဲ့ အရေးပါတဲ့ အပြောင်းအလဲတချို့ ဖန်တီးပေး နိုင်ခဲ့ပါတယ်။ ဒီနေ့ မျက်မှောက်ကာလမှာတော့ ဘေးကင်းလုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တာဝန်ယူဆောင်ရွက်နေတဲ့ လူပေါင်း (၃၅,၀၀၀) ကျော် ရှိထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေပါပြီ။
ဒီလူ (၃၅,၀၀၀) ကျော်ထဲမှာ (၁၅,၀၀၀) ကျော်က အကြောင်းအရာ စစ်ဆေးဖို့အတွက် သီးသန့် လုပ်ကိုင်နေတဲ့သူတွေဖြစ်ပြီး မြန်မာစကားကို မိခင်ဘာသာအနေနဲ့ အဓိက ပြောတဲ့သူတွေလည်း ပါပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား ဝန်ထမ်းတွေပါတဲ့ မြန်မာနိုင်ငံအတွက် သီးသန့်တာဝန်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့က လက်ရှိ ပြည်တွင်းမှာ ဘယ်လိုပြဿနာတွေ ဖြစ်နေလဲဆိုတာနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို သေသေချာချာ နားလည်သဘောပေါက်အောင် ကြိုးစားဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပါအဝင် Facebook ရဲ့ ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အချိန်အများကြီးပေးပြီး ပုံမှန် တွေ့ဆုံဆွေးနွေးနေတာပါ။
Facebook လုပ်ငန်းစဉ်တွေကနေ ဖန်တီးနိုင်ခဲ့တဲ့ တိုးတက်မှုတွေထဲမှာ အမုန်းစကားနဲ့ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော် တဲ့ အကြောင်းအရာတွေကို ရှာဖွေစစ်ဆေး ဖယ်ရှားတဲ့အပိုင်းရဲ့ တိုးတက်မှုနှုန်း၊ အန္တရာယ်ရှိတဲ့ သတင်းအမှားတွေ ပျံ့နှံ့မှုကို လျှော့ချနိုင်ဖို့ လက်ရှိ ဆောင်ရွက်နေပုံ၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားဖို့ ကြိုးစားနေတဲ့ စစ်မှန်မှုမရှိတဲ့ ကွန်ရက်တွေကို ဖယ်ရှားမှု အပါအဝင် ပြည်တွင်းလိုအပ်ချက်အပေါ် Facebook ဘက်ကနေ အချိန်မီ တုံ့ပြန်နိုင်ရေး အတွက် မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာရှိတဲ့ အဓိက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင် ပေးနေတဲ့ အခြင်းအရာတွေ ပါဝင်ပါတယ်။
မဲဆန္ဒရှင်များ ဖိနှိပ်ခြင်းအား ကာကွယ်တားဆီးခြင်း (Preventing voter suppression)
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် Facebook ရဲ့ သတင်းအချက်အလက်အမှား မူဝါဒကို တိုးချဲ့လိုက်တာကြောင့် အခုဆိုရင် မဲဆန္ဒရှင်များ မဲမပေးဖြစ်စေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ (ဒါမှမဟုတ်) ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ သမာသမတ်ရှိရှိ ဆောင်ရွက်မှုကို ပျက်ပြားစေတဲ့ သတင်းအချက်အလက်အမှားတွေကို ဖယ်ရှားနေပါပြီ။ ပြည်တွင်းရှိ အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ အခုအချိန်ကစပြီး နိုဝင်ဘာလ (၂၂) ရက်နေ့အတွင်း အတည်ပြုစစ်ဆေးနိုင်တဲ့ သတင်းအချက်အလက်အမှားဖြစ်ဖြစ်၊ အတည်ပြုစစ်ဆေးဖို့ ခက်ခဲတဲ့ ကောလဟာလတွေဖြစ်ဖြစ်၊ မဲပေးရာမှာ အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ဖန်တီးထားတယ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ သမာသမတ်ရှိရှိ ဆောင်ရွက်မှုကို ပျက်ပြားစေဖို့ အလားအလာရှိတယ်လို့ စစ်ဆေးဆုံးဖြတ်လိုက်ပြီဆိုရင် ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
အမုန်းစကား ရှင်းလင်းတိုက်ဖျက်ခြင်း
အမုန်းစကားလိုမျိုး အကြောင်းအရာပုံစံ တချို့က ပြင်ပမှာ အန္တရာယ်ကျရောက်အောင် မီးမွှေးရုံတင်မက မဲပေးတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်အောင် ဖန်တီးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ Facebook မှာ အမုန်းစကားကို အရေးယူဖို့ တိကျပြတ်သားတဲ့ မူဝါဒတစ်ခုရှိပြီး အကြောင်းအရာတစ်ခုဟာ ဒါကို ချိုးဖောက်ထားတယ်ဆိုတာ သိသိချင်း ဖယ်ရှားပါတယ်။

Photo Source https://web.facebook.com/fbsafety/?ref=page_internal

စာမျက်နှာများအား ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း
ကျွန်တော်တို့အတွက်ကတော့ လူတွေ Facebook သုံးတဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ကိုယ်ရဲ့ ပုံရိပ် အစစ်အမှန်အတိုင်း သုံးစေချင်ပြီး ကိုယ့်ကို အချက်အလက်တွေ ပြသနေတာ ဘယ်သူတွေလဲဆိုတာ သိထားရမယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေရဲ့ ဗဟိုအဆင့် တရားဝင် Facebook စာမျက်နှာတွေကို အတည်ပြုပေးနိုင်ဖို့ ပြည်တွင်းမှာ မိတ်ဖက်အဖွဲ့အစည်း (၂) ခုနဲ့ လက်တွဲဆောင်ရွက်နေတာပါ။ လက်ရှိအချိန်အထိ နိုင်ငံရေးပါတီ (၄၀) ကျော်ကို အတည်ပြုပြီး အမှတ်အသားတစ်ခုစီ ပေးခဲ့ပြီးပါပြီ။ အတည်ပြုပြီး အမှတ်အသားဆိုတာကတော့ ပါတီတစ်ခုရဲ့ Facebook စာမျက်နှာမှာ အပြာရောင် အမှန်ခြစ်တစ်ခု ဖော်ပြပေးတာပါ။ ဒီလို ဖော်ပြလိုက်တဲ့အတွက် Facebook အသုံးပြုသူတွေဟာ တရားဝင် နိုင်ငံရေးပါတီ စာမျက်နှာအစစ်နဲ့ တရားမဝင် စာမျက်နှာကို အလွယ်တကူ ခွဲခြားနိုင်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာတော့ ဒီလုပ်ငန်းစဉ်က တစ်ကယ့်ကို အရေးကြီးတာပါ။
သတင်းအချက်အလက်အမှား ပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ခြင်း
မြန်မာနိုင်ငံမှာ ဓာတ်ပုံအခင်းအကျင်း (Image Context) ဆိုတဲ့ ပြန်လည်မျှဝေတဲ့နေရာမှာ ထိန်းချုပ်တဲ့ နည်းပညာထုတ်ကုန်တစ်ခုကို ဇွန်လတုန်းက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က ကျွန်တော်တို့ ပလက်ဖောင်း အသုံးပြုသူတွေအတွက် တစ်နှစ်ကျော်လောက် သက်တမ်းရှိပြီး လူတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်၊ အန္တရာယ်ရှိစေနိုင်တဲ့ ဓာတ်ပုံတွေ မမျှဝေခင်မှာ အသေးစိတ် အချက်အလက်တွေ ထပ်ဆောင်း ပြသပေးသွားမှာ ဖြစ်ပါတယ်။ တကယ်ဟုတ်လား၊ မဟုတ်လား သေချာမသိရတဲ့ ဓာတ်ပုံတွေဟာ အမြဲလိုလို လူတွေကို လှည့်စားတတ်၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်တဲ့အပြင် အန္တရာယ်ပါ ရှိနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က အကြမ်းဖက်မှု အကြောင်းအရာအတွက် Facebook က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လုနီးနီးဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေ၊ သက်တမ်း တစ်နှစ်ကျော်နေတဲ့ပုံတွေ အပါအဝင် တစ်ချို့ ဓာတ်ပုံအမျိုးအစားတွေကို အသုံးပြုသူက မျှဝေဖို့ ကြိုးစားချိန်မှာ အသိပေးစာတစ်စောင် ပြသသွားမှာပါ။ အခုလို ဓာတ်ပုံမျှဝေခါနီးမှာ ဒီပုံဟာ အန္တရာယ်ရှိနိုင်၊ ထင်ယောင်ထင် မှားဖြစ်နိုင်တယ်ဆိုတဲ့ အသိပေးစာ ပြသင့်၊ မပြသင့်ဆိုတာ လူသားဉာဏ်ရည်တု AI နည်းပညာနဲ့ လူတွေရဲ့ စစ်ဆေးမှုတို့ ပေါင်းစပ်အသုံးပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/fbsafety/?ref=page_internal

Messenger တွင် တစ်ဆင့်ပြန်လည်ပေးပို့သော စာများကို ကန့်သတ်ခြင်း
ကျွန်တော်တို့ မိတ်ဆက်ထားတဲ့ နောက်ထပ်လုပ်ဆောင်ချက် အသစ်တစ်ခုကတော့ စာတစ်စောင်ကို ငါးကြိမ် အထိပဲ တစ်ဆင့်ပြန်ပြီး ပို့လို့ရအောင် ကန့်သတ်လိုက်တာပါ။ အခုလို ကန့်သတ်လိုက်တာက ပြင်ပကမ္ဘာမှာ အန္တရာယ်ဖြစ်စေနိုင်ဖို့ အလားအလာရှိတဲ့ သတင်းအချက်အလက်အမှားတွေ ရုတ်တရက်ကြီး လူတွေအများဆီ ပျံ့နှံ့သွားတာမျိုးကို လျှော့ချနိုင်ဖို့ သေချာတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီလုံခြုံရေး လုပ်ဆောင်ချက်က မြန်မာနိုင်ငံမှာ စပြီး အသက်ဝင်နေပါပြီ။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီလုပ်ဆောင်ချက်မှာ ကမ္ဘာအနှံ့က Messenger အသုံးပြုသူတွေ ပါဝင်လာနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။
ကြားခံပြင်ပ အဖွဲ့အစည်းများမှ အချက်အလက်စစ်ဆေးခြင်း
ကျွန်တော်တို့ လက်ရှိလုပ်ကိုင်နေတဲ့ သမာသမတ်ရှိဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတင်းအချက်အလက်အမှားတွေ ပျံ့နှံ့မှုကို ထိန်းချုပ်လျှော့ချဖို့နဲ့ အွန်လိုင်းပေါ်မှာ လူတွေ တွေ့မြင်နေရတဲ့ သတင်းတွေရဲ့ အရည်အသွေးကို တိုးမြှင့်ပေးဖို့ မတ်လတုန်းက မြန်မာနိုင်ငံမှာ Facebook ရဲ့ ကြားခံပြင်ပ အချက်အလက်စစ်ဆေးမှု အစီအစဉ် ကို မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ BOOM နဲ့အတူ စပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအတွက် ကြားခံပြင်ပ အချက်အလက် စစ်ဆေးပေးမယ့် မိတ်ဖက်အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ AFP Fact Check ၊ Fact Crescendo တို့နဲ့ ထပ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ကြားဝင်နှောင့်ယှက်မှုများအား ကာကွယ်တားဆီးခြင်း
ကျွန်တော်တို့ အက်ပလီကေးရှင်းတွေမှာ အများပြည်သူ အပြန်အလှန်ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားနေတဲ့ ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှုတွေကိုလည်း ဆက်တိုက် ရှာဖွေတားဆီးနေပါတယ်။ ၂၀၁၉ တစ်နှစ်အတွင်းမှာတင် ကမ္ဘာတစ်ဝန်းမှာ ပုံမှန်မဟုတ်တဲ့ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှုအပြုအမူ (CIB) ပြုလုပ်နေကြတဲ့ ကွန်ရက်ပေါင်း (၅၀) ကျော်ကို အရေးကြီးတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေမတိုင်မီ ဖယ်ရှားခဲ့ပြီးပါပြီ။
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ ပူးပေါင်းအစီအစဉ်ချ ဆောင်ရွက်မှု အပြုအမူ (CIB) ကို လုပ်ဆောင်ခဲ့ကြတဲ့ ကွန်ရက် (၆) ခုကို ရှာဖွေဖော်ထုတ်ပြီး တားဆီးနိုင်ခဲ့ပါတယ်။ ဒီအကောင့်တွေ၊ စာမျက်နှာတွေနဲ့ အဖွဲ့တွေပါဝင်တဲ့ ကွန်ရက်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး သူတို့ဘယ်သူလဲ၊ ဘာလုပ်နေလဲဆိုတာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်ကြပါတယ်။ သူတို့ဟာ အများပြည်သူက ပြောတဲ့ပုံစံမျိုး လှည့်ဖျားပြီး ဒီအကြောင်းအရာတစ်ခုရဲ့ ဇစ်မြစ်ကို လူတွေ အထင်လွဲမှားအောင် လုပ်တတ်ကြပါတယ်။