ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ယှဉ်ပြိုင်ရမယ့် Falling Walls Lab Myanmar 2017

Image Source: https://www.facebook.com/fnf.myanmar

Falling Walls Lab Myanmar 2017 ပြိုင်ပွဲဆိုတာ ဘယ်လိုလုပ်ငန်း၊ ကဏ္ဍမျိုးမဆို ဆန်းသစ်တဲ့ အတွေးအခေါ်၊ အစီအစဉ်တွေ ထုတ်ဖော်တင်ဆက်ပြီး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုပါ။ ခုခေတ်မှာက နည်းပညာကဏ္ဍတစ်ခုတည်းကိုပဲ ဒီလိုပြိုင်ပွဲမျိုးတွေ လုပ်လေ့ရှိတာဆိုတော့ ဒီပြိုင်ပွဲအကြောင်း ရေရေလည်လည် မသိရင်တော့ “ငါနဲ့မဆိုင်ပါဘူးလေ” လို့တွေးမိကြပါလိမ့်မယ်။ တကယ်တော့ ဘယ်လုပ်ငန်း၊ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် အားလုံးနဲ့သက်ဆိုင်ပါတယ်။ ဉပမာ- စိုက်ပျိုးရေး၊ ဆေးပညာ၊ သဘာဝ သိပ္ပံပညာ၊ စီးပွါးရေး၊ ဆောက်လုပ်ရေး၊ အစရှိပြီး ဘယ်နယ်ပယ်မဆို အကျုံး၀င်ပါတယ်။ အဓိကအရေးကြီးတာက မိမိရဲ့ အတွေးအခေါ်၊ အစီအစဉ်တွေပဲ ဆန်းသစ်ပြီး အနာဂါတ်ကောင်းကောင်း ရှိဖို့လိုတာပါ။

ဒီ Falling Walls Lab Myanmar  ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး မြန်မာပြည်မှာ ကျင်းပခဲ့တာပါ။ အဲနှစ်ကတော့ အမျိုးသမီးတစ်ဦး အနိုင်ရရှိခဲ့ပါတယ်။ သူမဟာ Falling Walls Lab Myanmar  2016 မှာ အနိုင်ရလို့ ဂျာမနီမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုရင်ရာ ပြိုင်ပွဲကို ထပ်ပြီး၀င်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာတော့ အနိုင်မရရှိခဲ့ပါဘူး။ ဗီယက်နမ်အမျိုးသမီးတစ်ဦး အနိင်ရရှိသွားခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဒီပြိုင်ပွဲအတွက် ပါ၀င်ယှဉ်ပြိုင်လိုသူတွေကို စခေါ်နေပါပြီ။ တကယ်လို့ ပါ၀င်ယှဉ်ပြိုင်ပြီး နောက်ဆုံးအဆင့် အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ မိမိရဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အကူအညီ၊ အထောက်အပံ့တွေ ရရှိမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲက (၂)ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ မြန်မာပြည်မှာ ပြိုင်ရမှာပါ။ အနိုင်ရရှိသူတစ်ဦးတည်းကပဲ ဂျာမနီနိုင်ငံမှာ နောက်ဆုံးအဆင့် ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာတော့ ကမ္ဘာအနှံ့က နိုင်ငံကိုယ်စားပြုအယောက် (၁၀၀) ပါ၀င်မှာဖြစ်ပါတယ်။

Falling Walls Lab Foundation ဟာ ၂၀၁၁ ခုနှစ်မှာ A.T Keamey ရဲ့အထောက်အပံ့တွေနဲ့ ဒီ Falling Walls Lab ပြိုင်ပွဲတွေကို စတင်ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်ကမှ စခဲ့တာပါ။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံအတွက် ဦးဆောင်ကျင်းပပေးတာကတော့  Friedrich Naumann Foundation for Freedom-FNF Myanmar (NGO) အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီအစီအစဉ်ကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာလဲ Falling Walls Lab Myanmar 2017 အတွက် စက်မှု၀န်ကြီးဌာန၊ The Yangon Gallery တို့နဲ့ ပူးပေါင်းထားပါတယ်။

လျှောက်လွှာအတွက်လိုအပ်တဲ့ စည်းကမ်းချက်တွေကတော့ ပြိုင်ပွဲ၀င်မယ့်သူဟာ အနည်းဆုံး တက္ကသိုလ်ကျောင်းသား ဖြစ်ရပါမယ်။ ကျောင်းသွင်းထားပြီး မတက်ရသေးရင်လည်း အကျုံး၀င်ပါတယ်။ တကယ်လို့ ဘွဲ့တစ်ခုခု ရရှိထားရရှိထားပြီးဆိုရင်တော့ ဘွဲ့ရထားတဲ့ခုနှစ်ဟာ ဆယ်နှစ်ထက် မပိုရပါဘူး။ နောက်ပြီး မဟာဘွဲ့တစ်ခု ရရှိထားတဲ့သူဆိုရင်တော့ အဲဒီမဟာဘွဲ့ရတဲ့ခုနှစ်က (၇)နှစ်ထက်ပိုလို့မရပါဘူး။ ပါရဂူဘွဲ့ ရရှိထားမယ်ဆိုရင်လည်း အဲဒီအတွက် (၅)နှစ်ထက် မပိုရပါဘူး။ ပါရဂူဘွဲ့အတွက် သုတေသနစာတမ်း ပြုစုရေးသားနေသူတွေလည်း ပါ၀င်နိုင်ပါတယ်။ လျှောက်လွှာတွေကိုတော့ ဒီ http://www.falling-walls.com/apply သို့ တိုက်ရိုက်လျှောက်ရမှာပါ။ လျှောက်လွှာတွေမှာ လုပ်ဆောင်ရမယ့် အချက်(၅)ချက်ရှိပါတယ်။

၁။ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ

၂။ ပညာအရည်အချင်း၊ ရေးခဲ့ဖူးသောစာအုပ်များ၊ ဘာသာစကားကျွမ်းကျင်မှု၊ ရရှိခဲ့သောဆုများ

၃။ မိမိ၏ပြိုင်ပွဲအပေါ်စိတ်ဝင်စားမှုကိုဖော်ပြသောစာ

၄။ ကိုယ်ရေးရာဇဝင်နှင့် ပါ၀င်ယှဉ်ပြိုင်မည့်အကြောင်းအရာ

၅။ Falling Walls Foundation အကြောင်းမည်သို့ ၊ မည်သည့်နေရာမှ ကြားသိခဲ့ရသလဲ၊ ဆိုတာတွေပါ။ Falling Walls Lab Foundation က သူတို့ဆီကိုရောက်လာတဲ့ လျှောက်လွှာတွေကို စိစစ်ရွေးချယ်ပြီး ဒေသအလိုက် ပြိုင်ပွဲပါ၀င်ယှဉ်ပြိုင်ခွင့် ရရှိသူတွေကို သက်ဆိုင်ရာ ဒေသတာ၀န်ခံတွေဆီသို့ ပို့ပေးသွားမှာပါ။ပြိုင်ပွဲမှာတော့ မိမိရဲ့အစီအစဉ်တွေကို အချိန်(၃)မိနစ်နဲ့အပြီး powerpoint သုံးပြီးတင်ဆက်ရမှာပါ။ အကြောင်းအရာတွေကို အပိုင်း(၃)ပိုင်း ခွဲထားရပါမယ်။ အဲဒီ  powerpoint slide (၃)ခုရဲ့ ပထမတစ်ခုကတော့ မိတ်ဆက်ခြင်း၊ အမည်၊ အဖွဲ့အစည်နဲ့ ခေါင်းစဉ်တို့ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ကျန်(၂)ခုမှာတော့ မိမိရဲ့အစီအစဉ်တွေကို အသေးစိတ်ရှင်းလင်း တင်ပြရမှာပါ။

ပြိုင်ပွဲအစီအစဉ်တွေကတော့-

Falling Walls Lab Myanmar 2017

ပြိုင်ပွဲကျင်းပမည့်ရက် – ၂၆ သြဂုတ်လ ၂၀၁၇

အချိန် – နေ့လည် ၁နာရီ မှ ၄ နာရီ

နေရာ – The Yangon Gallery (ပြည့်သူ့ဥယျာဉ်)

Falling Walls Lab Final in Berlin

ပြိုင်ပွဲကျင်းပမည့်ရက် – ၈ နိုဝင်ဘာလ ၂၀၁၇

အချိန် – နံနက် ၉နာရီ မှ ညနေ ၅ နာရီ ၃၀ မိနစ်

နေရာ – Berlin, Germany

Falling Walls Conference in Berlin

ကျင်းပမည့်ရက် – ၉ နိုဝင်ဘာလ ၂၀၁၇

အချိန် – နံနက် ၉နာရီ မှ ညနေ ရ နာရီ

နေရာ – Berlin, Germany

ရန်ကုန်မြို့ပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့သူကတော့ Friedrich Naumann Foundation for Freedom-FNF Myanmar (NGO) ရဲ့အစီအစဉ်တွေနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့သွားရောက်ပြီး Falling Walls Lab Final in Berlin ကို နိုင်ငံအသီးသီးကလာကြမယ့် ပြိုင်ပွဲ၀င်အယောက်တစ်ရာနဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြီးတော့ နောက်တစ်ရက်မှာ ကျင်းပမယ့် Falling Walls Conference ကိုလည်းတက်ရောက်ရမှာဖြစ်ပြီး ကမ္ဘာ့အထင်ရှားဆုံး သိပ္ပံပညာရှင်တွေရဲ့ ဟောပြောမှုတွေကို လေ့လာခွင့်ရရှိပါလိမ့်မယ်။

မိမိကိုယ်ကိုယုံကြည်မှု အပြည့်အ၀နဲ့ အကောင်းဆုံး ဆန်းသစ်တီထွင်မှုတွေ၊ အနာဂတ်မှာ အောင်မြင်နိုင်မယ့် စီမံကိန်းမျိုးတွေကို နည်းစနစ်ကောင်းကောင်းနဲ့ တင်ဆက်ပြီး ပါ၀င်ယှဉ်ပြိုင်လိုတယ်ဆိုရင်တော့ နောက်ကျမနေဖို့ တိုက်တွန်းချင်ပါတယ်။

ပြိုင်ပွဲအစီအစဉ်တွေနဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုရင်တော့ No. 27, မြေညီထပ်၊ အဆောင် (E)၊ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ PH- 09250393030, 0973223999 သို့ဆက်သွယ်နိုင်ပါတယ်။

FNF Myanmar Facebook Page

FNF Myanmar Website

Falling Walls Website