QR code စနစ်ပါ၀င်လာတဲ့ MPT ငွေဖြည့်ကဒ်

Image Source: https://www.facebook.com/mptofficialpage

MPT ငွေဖြည့်ကဒ်တွေမှာ အရင်ပုံစံအတိုင်း လျှို့ဝှက်ကုဒ်နံပါတ်တွေအပြင် QR code စနစ်ကိုပါ ထည့်သွင်းလာပါတယ်။ ဒီအစီစဉ်ကို ဇွန်လ (၂၆)ရက်နေ့(မနေ့က)၊ နေ့လည်ပိုင်းကမှ MPT ရဲ့ Facebook Page ကနေ Video နဲ့ လုပ်ဆောင်ပုံတွေပြသပြီး ကြေညာလိုက်တာပါ။ ဒီ QR code စနစ်ကို သုံးမယ်ဆိုရင်တော့ Touch Screen ဖုန်းဖြစ်ဖို့လိုတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ကြပါလိမ့်မယ်။ ပြီးတော့ ဖုန်းထဲမှာ MPT ၀န်ဆောင်မှုတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ MPT4U ဆိုတဲ့ အပလီကေးရှင်း ရှိဖို့လိုအပ်ပါတယ်။ ဖုန်းငွေဖြည့်ဖို့အတွက် အရင်ဆုံး QR code ကိုဖုံးထားတဲ့ ခဲကိုခြစ်လိုက်ပါ။ ပြီးတော့ အပလီကေးရှင်းရဲ့ “Menu” ထဲကို၀င်ပြီး “ဖုန်းငွေဖြည့်ရန်” ဆိုတဲ့နေရာသို့ထပ်၀င်ပါ။ ပြီးတော့ ငွေဖြည့်ဖို့ ကုဒ်နံပါတ်တွေ ရိုက်ထည့်တဲ့အကွက်လေးထဲမှာ Camera ပုံလေးကိုတွေ့ပါလိမ့်မယ်။ သူ့ကိုထိပြီး ပွင့်လာတဲ့ Camera မြင်ကွင်းနဲ့ ငွေဖြည့်ကဒ်ထဲက ခဲခြစ်ထားတဲ့ QR code ကိုတည့်တည့်ချိန်လိုက်ပါ။ နှစ်ခုထိမိပြီဆိုတာနဲ့ တစ်စက္ကန့်တောင်မကြာပါဘူး၊ QR code ထဲက လျှို့ဝှက်ကုဒ်နံပါတ်တွေ သတ်မှတ်နေရာအတွင်း ၀င်သွားပါလိမ့်မယ်။ ဒီတော့ နောက်ဆုံးအဆင့်အနေနဲ့ အောက်နားလေးက “ဖုန်းငွေဖြည့်သည်” ဆိုတဲ့အကွက်လေးကို ထိလိုက်တာနဲ့ ငွေဖြည့်တဲ့ကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားပါလိမ့်မယ်။

ခုလို QR code စနစ်ပါလာတောကတော့ ဖုန်းငွေဖြည့်ဖို့အတွက် တော်တော်လေးကို လွယ်ကူသွားပါတယ်။ လျှို့ဝှက်ကုဒ်နံပါတ်တွေကို တစ်လုံးချင်းစီ အသေအချာကြည့်ပြီး ရိုက်ထည့်နေဖို့ မလိုတော့ပါဘူး။ ဒီလိုရိုက်ထည့်ရတာကို ငြီးငွေ့တယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ အရင်ကထက် ပိုလွယ်ကူသွားတော့ အသုံးပြုသူတွေအတွက် ပိုအဆင်ပြေသွားတယ်လို့ ဆိုလိုတဲ့သဘောပါ။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ အတွက်ပေါ့။ လျှို့ဝှက်ကုဒ်နံပါတ်တွေက သေးတယ်၊ ပြီးတော့ တစ်လုံး၊နှစ်လုံး မဟုတ်ဘူး။ ဆယ့်ရှစ်လုံးတောင်ဆိုတော့ စာလုံးသေးလို့ ​ကောင်းကောင်း မမြင်ရဘူးဆိုတာထက် စာလုံးထပ်သွားတာတွေ၊ ကျန်ခဲ့တာတွေ ပိုပြီးဖြစ်တတ်ပါတယ်။ လူငယ်တွေတောင် အသေအချာ၊ ဂရုတစိုက် လုပ်နိုင်မှ တစ်ကြိမ်တည်းနဲ့ ပြီးကြတာဆိုတော့ လူကြီးတွေအတွက်ဆိုရင် ခက်ခဲတဲ့အဆင့် ဖြစ်သွားပါပြီ။ ကျွန်တော့မိဘတွေ ဆိုရင်လည်း ဖုန်းငွေဖြည့်တဲ့ကိစ္စကို သူတို့ကိုယ်တိုင် မလုပ်နိုင်ကြပါဘူး။ တစ်ယောက်ယောက်ကို အမြဲအကူအညီ တောင်းရပါတယ်။

ဒီ QR code စနစ်က MPT ရဲ့ ငွေဖြည့်ကဒ်တိုင်းမှာ ထည့်ထားတာမျိုးတော့ မဟုတ်ပါဘူး။ တစ်သောင်းနဲ့ နှစ်သောင်းငွေဖြည့်ကဒ်တွေမှာပဲ ပါတာတွေ့ရပါတယ်။ တစ်သောင်းအောက်က ကဒ်တွေမှာတော့ မပါ၀င်သေးပါဘူး။ ထည့်ပေးဖို့ အစီအစဉ် ရှိ၊မရှိ မသိရပေမယ့်  စီးပွားရေးရှုထောင့်က ကြည့်ပြီးပြောရရင်တော့ အချိန်တစ်လလောက်တော့ ဆိုင်းထားနိုင်ပါသေးတယ်။ ဒီ QR code စနစ်ပါတဲ့ တစ်သောင်း၊ နှစ်သောင်းငွေဖြည့်ကဒ်တွေ သတ်မှတ်ရောင်းအားလောက်တက်ပြီးမှပဲ ကျန်တဲ့ကဒ်တွေမှာပါ ထည့််ပေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာလို့ဆိုတော့ လူဆိုတာမျိုးက ဘာမဟုတ်တဲ့ ကိစ္စတွေကအစ အသစ်အဆန်းလေးမြင်ရင် စမ်းကြည့်ချင်ကြတာကိုး။ ခုလဲအဲလိုပဲ ဒီ QR code ကို Scan ဖတ်ပြီးဖုန်းငွေဖြည့်ချင်ကြမှာ အသေအချာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်လည်းပါတယ်ဆိုတာ ၀န်ခံပါတယ်။ ပြီးတော့ ဖုန်းဘေဆိုတာမျိုးက ရှိရင်ရှိသလောက် ကုန်အောင်သုံးကြတဲ့အမျိုးလေ။ မရှိမှသာ မသုံးဖြစ်ကြတာ။ တစ်ရက်ကို ဘယ်လောက်ဆိုပြီး စည်းကမ်းနဲ့ သတ်သတ်မှတ်မှတ် လိုတာထက်ပိုမသုံးတတ်တဲ့လူဆိုလို့ တကယ်ကိုရှားပါတယ်။ လူငယ်တွေအတွက်ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သုံးတယ်ဆိုတာ မရှိသလောက်ပါပဲ။ ပြီးတော့ ဖုန်းထဲဘေအများကြီးရှိရင် မိမိသုံးလို့ကုန်သင့်တာထက် ပိုကုန်တတ်တဲ့ အဖြစ်ကလည်း မကြာခဏ ဖြစ်ဖူးကြပါလိမ့်မယ်။ မတော်မတရားလုပ်တယ်လို့ မဆိုလိုပါဘူး။ စက်ပစ္စည်းဆိုတာ တခါတလေ လူမသိ၊သူမသိ ချို့ယွင်းတတ်တာမျိုးဆိုတော့ တရားနဲ့ပဲ ဖြေပေးကြပါ။

နောက်တစ်ချက်ရှိတာက MPT အနေနဲ့ ဒီ QR code စနစ်ကို အခုပုံစံအတိုင်း တစ်သောင်းနဲ့ နှစ်သောင်းငွေဖြည့်ကဒ်တွေမှာပဲ ဆက်သုံးသွားဖို့ အစီအစဉ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်သောင်းအောက် ငွေဖြည့်ကဒ်တွေနဲ့ အဆင့်ခွဲပြီး “စံ”သဘောမျိုး လုပ်သလိုပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ ဒီလိုလွယ်ကူတဲ့ အခြေအနေတစ်ခု လုပ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ငွေဖြည့်ကဒ်အားလုံးအတွက် လုပ်ပေးရင်တော့ “သုံးစွဲသူတွေအပေါ် စေတနာထားတယ်”လို့ ချီးကျူးမိမှာတော့ အမှန်ပါပဲခင်ဗျာ။

 MPT4U App Download(andriod)