ကမ္ဘာအနှံ့က နည်းပညာကျေင်းသားများရဲ့ စက်ရုပ်ပြိုင်ပွဲ First Robotics Competition 2017

Image Source: https://www.facebook.com/FIRSTRoboticsCompetition

လာမယ့်ဇူလိုင်လ (၁၆)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာပြုလုပ်မယ့် First Robotics Competition 2017 စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့ကလည်း ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ဒီပြိုင်ပွဲက နည်းပညာကျောင်းသားတွေရဲ့ တီထွင်မှုတွေကို စင်တင်ပေးတဲ့အနေနဲ့ရော ကမ္ဘာအနှံ့က မတူညီတဲ့ ယာဉ်ကျေးမှုတွေကြား  တစ်ဦးနဲ့တစ်ဦး နားလည်ရင်းနှီးနိုင်စေဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပပေးနေတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံပေါင်း(၁၆၀)ကျော် ပါ၀င်ပြီး ရေဆိုးနဲ့ရေသန့်ကို အပြာရောင်နဲ့ လိမ္မော်ရောင်အဖြစ် ခွဲခြားပေးနိုင်တဲ့စက်ရုပ်ကို တီထွင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ပါ၀င်ယှဉ်ပြိုင်သွားမယ့် အဖွဲ့ရဲ့ စက်ရုပ်တီထွင်မှု အခြေအနေတွေကတော့ အခုလက်ရှိမှာ (၈၀) ရာခိုင်နှုန်းလောက်ထိ ပြီးစီးနေပါပြီ။ ဒီအဖွဲ့မှာ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၅)ဦး စုစုပေါင်း (၇)ဦးပါ၀င်ပါတယ်။ ဆော့ဖ်ဝဲပိုင်း(၃)ဦး၊ ဟတ်ဒ်ဝဲပိုင်း(၃)ဦးနဲ့ အကြံပေးထောက်ခံသူ တစ်ဦးဆိုပြီး ဖွဲ့စည်းထားတာပါ။ ဆော့ဖ်ဝဲနဲ့ ဟတ်ဒ်ဝဲသမားတွေက နည်းပညာကျောင်းသားလေးတွေဖြစ်ပြီး အကြံပေးထောက်ခံသူဆိုတာကတော့ အုပ်ချုပ်သူ လူကြီးပိုင်းဖြစ်ပါလိမ့်မယ်။

ဒီအဖွဲ့အတွက် လူရွေးချယ်မှုကိုတော့ Phandeyar Accelerator မှာ Innovation Lab ပြုလုပ်ပြီး ရွေးချယ်ခဲ့တာပါ။ ရန်ကုန်က နည်းပညာတက္ကသိုလ်တွေ၊ ရန်ကုန်ကွန်ပြုတာတက္ကသိုလ်နဲ့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တွေမှာ လူရွေးချယ်ပွဲအတွက် ကြေညာအသိပေးခဲ့ပြီး အသေအချာ စိစစ်ရွေးချယ်ခဲ့တာပါ။

ပြိုင်ပွဲသွားရောက်ဖို့တော့ အချိန်လဝက်လောက် လိုပါသေးတယ်။ အခုအချိန်ထိတော့ ပြိုင်ပွဲ၀င်မယ့် စက်ရုပ်နဲ့ပက်သက်ပြီး လူတွေကိုထုတ်ပြထားတာ ဘာတစ်ခုမှမရှိသေးပါဘူး။ ဒီစက်ရုပ်ရဲ့ ပုံသဏ္ဍာန်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အားလုံးသိချင်နေကြပါပြီ။ အဖွဲ့ရဲ့ပေါ်လစီတွေအရ လျှို့ဝှက်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အချိန်တန်ရင်တော့ အားလုံးမြင်တွေ့ကြရမှာပါ။ အဓိကအရေးကြီးတာကတော့ ဒီစက်ရုပ်ရဲ့ စွမ်းဆောင်ရည်ပိုင်းက ပြိုင်ဘက်တွေအားလုံးထက် သာလွန်နိုင်မလား ဆိုတာပါပဲ။

ဒီနှစ်ပြိုင်ပွဲရဲ့ သတ်မှတ်ထားတဲ့ ယှဉ်ပြိုင်ရမယ့်ကဏ္ဍက ရေဆိုးနဲ့ရေသန့်ကို ခွဲခြားပေးရမှာဆိုတော့ အတွေ့အကြုံနုနယ်သေးတဲ့ ကျောင်းသားလူငယ်တွေ အတွက်တော့ တော်တော်ကြီးကို အနုစိပ်ကျပါတယ်။ ခက်ခဲမှာကတော့ သေချာပါတယ်။ အပြင်ကနေ ထောက်ပံ့ပေးမှုတွေ ဘယ်ပုံဘယ်နည်းရှိလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒါပေမယ့် လူငယ်တွေဆိုတော့ တက်တက်ကြွကြွနဲ့ ကြိုးစားချင်တဲ့စိတ် အပြည့်ရှိပါလိမ့်မယ်။ မိမိတို့ရဲ့  တည်ထွင်မှုကို ကမ္ဘာကသိအောင် ပြချင်နေကြမှာပါပဲ။

ပြိုင်ဘက်တွေကလည်း ခေတဲ့လူတွေပါမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထက် နည်းပညာပိုင်းသာမက အစစအရာရာ ဖွံ့ဖြိုးတိုက်တက်နေတဲ့ နိုင်ငံတွေချည်းပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံကတော့ လက်ရှိအချိန်မှာ အဘက်ဘက်က ချို့တဲ့နေသေးတယ် ဆိုပေမယ့်လည်း နည်းပညာပိုင်းတွေမှာတော့ အနည်းငယ်လမ်းစပွင့်လာသလို အခုနောက်ပိုင်း လူငယ်တွေအနေနဲ့ ကြိုးစားမှုတွေ ပြင်းထန်လာကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အဖွဲ့အနေနဲ့ သူတို့ရဲ့အရည်အချင်း၊ ကြိုးစားမှုတွေနဲ့ ဘယ်အဆင့်အထိ ချိတ်နိုင်မလဲဆိုတာကတော့ ပွဲရောက်မှပဲ သိရပါလိမ့်မယ်။

First Robotics Competition Facebook Page

firstinspires.org/robotics/frc