လက်ရှိမြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းစွန့်ဦးတီထွင်စတင်လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ လုပ်ငန်းပိုမိုကျယ်ပြန့်စေဖို့နဲ့ ထိရောက်တဲ့နည်းစနစ်တွေကိုအသုံးပြုနိုင်ဖို့အတွက်များစွာအရေးကြီးပါတယ်။ အဲ့ဒီအတွက်လည်း လုပ်ငန်းတစ်ခုနဲ့ တစ်ခု Sharing လုပ်ပေးခြင်းဆိုင်ရာတွေမှာ Global Network တစ်ခုဟာလည်းလွန်စွာအရေးပါလှပါတယ်။ Community ပိုင်းဆိုင်ရာတွေပိုမိုအားသာမှသာ လုပ်ငန်းအောင်မြင်စွာထိုးဖောက်နိုင်ဖို့အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာမှာလည်းဖြစ် ပါတယ်။ အဲ့လို Community ပိုင်းဆိုင်ရာတွေပိုမိုကောင်းမွန်စေဖို့နဲ့ လုပ်ငန်းမြန်ဆန်စွာလည်ပတ်နိုင်ဖို့ Impact Hub Yangon ကလည်းများစွာအထောက်အပံ့ပေးနိုင်တဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်။
Impact Hub Yangon ကို တည်ထောင်သူ ဦးဥက္ကာမျိုးအနေနဲ့ ဒီလုပ်ငန်းကို ၂၀၁၄ ခုနှစ်လောက်မှာကတည်းက စတင်တည်ထောင်ဖို့ စိတ်ကူးရှိခဲ့ပြီး ရန်ကုန်မြို့မှာပဲစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ စတင်တည်ထောင်ခါစအချိန်မှာ တော့ လူသိနည်းပြီး ၂ နှစ်ခွဲလောက်ကြာမှသာလူသိများလာခဲ့တာလည်းဖြစ်ပါတယ်။
Photo Source By Myanmar Tech Press
“ကျွန်တော်၂၀၁၄ ခုနှစ်ကတည်းက ဒီလုပ်ငန်းကို စလုပ်ဖို့အကြံရတယ်ပေါ့။ ကျွန်တော်နိုင်ငံခြားမှာ ကျောင်းသွားတက် နေတုန်းကျောင်းမပြီးခင်မှာ ဒီလုပ်ငန်းလုပ်ကိုင်နေတာကို တွေ့ခဲ့တယ်။ ဒီလုပ်ငန်းကို ကျွမ်းကျင်တဲ့သူတွေက ကျွန်တော်ကိုပြန် Share ပေးတာပေါ့နော်။ အဲ့ဒါကြောင့် ၂၀၁၄ လောက်ကစပြီး ဒီလုပ်ငန်း ကိုလုပ်မယ်ပေါ့နော်။ အဲ့ဒါနဲ့ သူငယ်ချင်းလေးယောက်စပြီးလုပ်ခဲ့တာ။ လေးယောက်ထဲမှာလည်း နိုင်ငံခြားသားတစ်ယောက်ပါတယ်။ အဲ့တုန်းကတော့ Impact Hub Yangon လို့မခေါ်သေးဘူး။ အခြားနာမည်တစ်ခုနဲ့ပေါ့။ သင်္ယန်းကျွန်းမြို့နယ်ရုံးမှာအရင်စလုပ်တာပေါ့နော်။ အခုကျွန်တော်တို့မှာ ရုံးနှစ်ခုရှိတယ်။ ခုရုံးကတော့ အသစ်ဖွင့်ထားတာပါ။ “Impact Hub ဆိုတာကလည်း Global Network ပေါ့။ အဲ့ဒါကို Join ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ co-working space လုပ်တဲ့အချိန်မှာ Community နဲ့သွားရတာဖြစ်တဲ့အတွက် Eco System ဆိုတာရှိရမှာဖြစ်ပါတယ်။ Community boration လုပ်ဖို့ Network တွေ Join လိုက်ရင်ပိုပြီးအားသာချက်ရှိတယ်ဆိုပြီး Join လိုက်တာဖြစ်ပါတယ်။ အဲ့လို Join တဲ့ System က တစ်နှစ်လောက်ကြာခဲ့တယ်။ ၂၀၁၇ ကုန်လောက်တော့မှ Impact Hub ရဲ့ နိုင်ငံခြားကလိုင်စင်ရတာပါ” ဟု Impact Hub Yangon စတင်တည်ထောင်ဖြစ်ခဲ့ပုံကိုလည်း Impact Hub Yangon ရဲ့ Managing Director & Co-Founder ဖြစ်သူ ဦးဥက္ကာမျိုးကပြောပါတယ်။
“သူတို့လုပ်တဲ့ Global Network ကလည်း စင်ကာပူမှာရှိခဲ့ဖူးပါတယ်။ အခုတော့ စင်ကာပူက နုတ်ထွက်သွားပြီ။ မလေးရှားမှာရှိတယ်။ ကမ္ဘောဒီးယားမှာရှိတယ်။ ဖိလစ်ပိုင်မှာရှိတယ်။ အဲ့ဒီ Network တွေအကုန်လုံးက တစ်ပုံစံတည်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းဆိုတာမျိုးတွေ သိပ်မရှိဘူး။ ကိုယ်ပိုင်စိတ်ကူး ကိုယ့် Idea နဲ့ကို လုပ်လို့ရတယ်။ သူတို့ဆီက ဘာတွေပြန်ရလဲဆိုတော့ Regional ပေါ့။ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ကျွန်တော်တို့ Program တစ်ခုအတူတူလုပ်ကြမယ်ပေါ့နော်။ အဲ့လိုမျိုးတွေအတူတူလုပ်ကြတာတွေတော့ရှိတယ်။ နောက်တစ်ခုကကျတော့ Sharing လုပ်လို့ရတယ်။ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ဟာကိုပေါ့။ သူတို့က Events တွေလုပ်ဖူးတယ်။ ကျွန်တော်တို့ဒီမှာလုပ်မယ်ဆို ရင်လည်း သူတို့ဆီကနေဘယ်လိုလုပ်မလဲဆိုပြီးအကူအညီတောင်းလို့ရတယ်ပေါ့နော်။ အဲ့လို Resource တွေရတယ်ပေါ့ နော်။ အဲ့ဒါနဲ့ Impact Hub ဆိုပြီးဖြစ်လာတာပါ” ဟု ဦးဥက္ကာမျိုးကဆက်လက်ရှင်းပြပါတယ်။
Photo Source – https://www.facebook.com/IHYangon/
Impact Hub Yangon အနေဖြင့် ပြည်ပမှာဖွင့်လှစ်လုပ်ကိုင်နေတာမရှိပေမယ့် Impact Hub Kuala Lumpur၊ Impact Hub Singapore စတဲ့နိုင်ငံတွေမှာတော့ ပုံစံတူလုပ်ငန်းမျိုးတွေတည်ရှိနေဆဲပဲဖြစ်ပါတယ်။ လက်ရှိ Inpact Hub Yangon အနေဖြင့်လည်း ရုံးခန်းဖွင့်လှစ်ချင်သူများအတွက် ဈေးသက်သက်သာသာဖြင့်ရနိုင်တဲ့နေရာငှားရမ်းပေးခြင်း၊ စီးပွားရေးလုပ် ငန်းစတင်လုပ်ကိုင်နေသူတွေအတွက် Community Event များကျင်းပပြုလုပ်ပေးခြင်းစတာတွေကို ပြုလုပ်ပေးလျက်ရှိပါ တယ်။
“ကျွန်တော်တို့ အပိုင်းသုံးပိုင်းနဲ့သွားနေတာပေါ့နော်။ သူတို့ကို နေရာရှာပေးတယ်။ နေရာကလည်း ဈေးသက်သက်သာသာနဲ့ ဖြစ်အောင်လို့ အမြဲတမ်းလုပ်ပေးထားတယ်။ အရင်ခေတ်တုန်းကဆိုရင် နေရာတစ်ခုငှားမယ်ဆိုလို့ရှိရင် ခြောက်လ၊ တစ်နှစ် စာအရင်ပေးရတယ်။ အခုက ကျွန်တော်တို့လုပ်ပေးရင် တစ်လပဲအရင်ကြိုပေး။ တစ်နှစ်စာစာချုပ်ဆိုပြီးတော့လည်း ချုပ်စရာ မလိုဘူး။ ဒါပေမယ့် ချုပ်ချင်ရင်လည်း ချုပ်လို့ရတယ်ပေါ့နော်။ အဲ့ဒါကြောင့် သူတို့အတွက် ငွေကြေးစီးဆင်းမှုဟာ အများကြီး အဆင်ပြေသွားစေတယ်။ ပြီးတော့သူတို့အတွက် နှစ်ချုပ်နဲ့ရုံးခန်းငှားမယ့်ပိုက်ဆံကို လုပ်ငန်းပိုင်းလိုအပ်ချက်တွေမှာဖြည့် တင်းဆောက်ရွက်သွားလို့ရသလို လုပ်ငန်းစလုပ်မယ့် လူတစ်ယောက်အနေနဲ့ ပိုအဆင်ပြေသွားတယ်လို့ဆိုနိုင်ပါတယ်။ အဲ့လိုရည်ရွယ်ချက်လေးတွေနဲ့ ကျွန်တော်တို့က စလုပ်လာခဲ့တာခုချိန်ထိပါပဲ” ဟု ဦးဥက္ကာမျိုးက ပြောကြားပါတယ်။
Photo Source – https://www.facebook.com/IHYangon/
Impact Hub Yangon အနေဖြင့် အဆိုပါလုပ်ငန်းကို လုပ်ကိုင်ရင်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများထဲမှာ တစ်စိတ် တစ်ဒေသအဖြစ်ပါဝင်နိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာတွေကို Sharing ပြုလုပ်ပေးသွား မယ်ဆိုတဲ့အကြောင်းကိုလည်း ဦးဥက္ကာမျိုးက ခုလိုပဲပြောပြပါတယ်။
“အဓိကကတော့ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်ရင်းလုပ်ရင်းနဲ့သိလာတာက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုထဲမှာ တစ်စိတ်တစ်တစ်ဒေသပါချင်တာပါ။ လုပ်ငန်းစပြီးလုပ်တဲ့သူတွေအနေနဲ့လည်း နောင်တစ်ချိန်ကျရင်တိုင်းပြည်ရဲ့ စီးပွားရေး ဝင်ငွေရှာဖွေမယ့်သူတွေဖြစ်တယ်။ နောက်ပြီး Next Generation တွေအတွက်ပေါ့နော်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ပိုမိုကောင်းမွန်တဲ့စီးပွာရေးတွေပေါ်ထွက်လာစေဖို့အတွက်ပါပဲ။ အဲ့ဒီအတွက် ကျွန်တော်တို့က ကိုယ်ကိုတိုင် လည်းလုပ်တယ်။ သူများကိုလည်း အားပေးကူညီပေးပါတယ်။ ဘာတွေနဲ့အားပေးကူညီပေးသလဲဆိုတော့ Network နဲ့ပေါ့။ အရင်တုန်းက ဒါမျိုးတွေကမရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်တွေဖို့ဆိုတာကလည်း မလွယ်ဘူး။ သူ့အသိုက်အမြုံ လေးတွေနဲ့ဖြစ်နေတဲ့ဟာလေးတွေတော့ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် Public ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေကို Sharing လုပ်ပေးတာကလည်း အားသာချက်တစ်မျိုးပေါ့။ နောက်ပြီး တော့လမ်းပြပေးတဲ့ဟာမျိုးပေါ့။ ဥပမာ ငွေရေးကြေးရေးဆိုရင် ဘယ်လိုထိန်းချုပ်ရမလဲ။ business plan ဆိုတာလည်းရှိရမယ်ပေါ့။ အရင်ခေတ်တုန်းကတော့ မရှိကြဘူးပေါ့။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ communities market ကိုသွားနေ ကြတော့ပေါ့။ သူများနဲ့မတူညီမှလည်း ကိုယ့်ပစ္စည်းကရောင်းရတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့်သူများနဲ့မတူအောင်ဘာတွေလုပ်ကြမလဲ ဆိုတဲ့ Plan တွေကို သင်ပေးတာရှိတယ်။ အခြားလိုအပ်တာလေးတွေလည်းသင်ပေးတာရှိတယ်။အဲ့လို လုပ်ငန်းစလုပ်တော့ သူတို့ဝင်ငွေစရလာမယ်။ အဲ့လိုနဲ့ တိုင်းပြည်မှာ လုပ်ငန်းအသေးလေးတွေစပြီးပေါ်ပေါက်လာမှာပေါ့။ ကျွန်တော်တို့က အဲ့လိုရည်ရွယ်ချက်နဲ့သွားနေတာပေါ့နော်။ ရှေ့လျှောက်လုပ်မယ့်ဟာကလည်း သူတို့အတွက်ထပ်ပြီးအသစ်တွေပေါ်ပေါက် လာဖို့နဲ့ ထပ်ပြီးကြီးထွားလာဖို့အတွက်ကြောင့်ပဲဖြစ်ပါတယ်”
Photo Source – https://www.facebook.com/IHYangon/
Impact Hub Yangon ကိုစတင်တည်ထောင်ခဲ့ချိန်စတုန်းက အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရကာ အခုအချိန် အထိလည်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်လေးတွေနဲ့ ပတ်သက်ပြီး ဦးဥက္ကာမျိုးကခုလိုပဲ ပွင့်လင်းစွာပြောပါတယ်။
“စလုပ်ခါစကတော့ ပိုဆိုးတာပေါ့နော်။ ကျွန်တော်တို့ရဲ့လုပ်ငန်းသဘောတရားတွေကို အားလုံးကနားမလည်ကြဘူး။ အဲ့လိုနားမလည်ကြတော့ စားပွဲတစ်ခု၊ ခုံတစ်ခုပဲရမယ်ဆိုတော့ အားလုံးက အင်တာနက်ဆိုင်လာပေါ့နော်။ အဲ့လိုထင်ကြ တယ်ပေါ့။ ဒီနေရာကိုတန်ဖိုးဖြတ်ကြတယ်ပေါ့။ အမှန်က ကျွန်တော်တို့ ဒီနေရာကိုလာလို့ရှိရင် Network ချိတ်လို့ရမယ်။ အခြား proficiency နဲ့စကားပြောလို့ရမယ်။ အဲ့လိုမျိုးလေးတွေဖန်တီးပေးထားတာ။ ဒီ valued လေးကို ပိုက်ဆံပေး ရတာပေါ့နော်။ အဲ့ဒါတွေကို လူတွေကနားမလည်ကြဘူးပေါ့။ လုပ်ငန်းရဲ့သဘောတရားကိုနားမလည်တော့ အခက်အခဲတစ်ခု လိုဖြစ်တာပေါ့။ နောက်ထပ် ၂ နှစ်ခွဲလောက် ကြာတော့မှ လူတွေကတဖြည်းဖြည်းနဲ့ အဲ့ဒါကိုနားလည်လာတယ်။ အခုအခြား နေရာတွေမှာလည်းအများကြီးပေါ်လာတယ်။ Working Space တွေပေါ့။ အရင်တုန်းကရှိမှမရှိတာ။ အဲ့ကျတော့မှ လူတွေက အဲ့လိုလုပ်လို့ရလားဆိုပြီးတော့ သိလာကြတာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့လည်း Communities ဆိုတဲ့ဟာကို ထဲထဲဝင်ဝင်မရှိကြဘူး။ ဘာလုပ်မှာလဲ သွားစရာမလိုဘူး။ အဲ့လိုမျိုးလေးတွေပေါ့။ ကျွန်တော်တို့ကကျတော့ လုပ်တယ်ဆိုတာ ငွေကြေးကိုင်ပြီးလုပ်ရတဲ့ဟာမျိုးတွေ အပင်ပန်းခံပြီးလုပ်ရတဲ့ဟာမျိုးတွေရှိတယ်။ Event တွေဘာတွေလုပ်တဲ့အခါမျိုးမှာ လည်း အကျွေးအမွေးအတွက် ခြောက်သောင်း၊ တစ်သိန်းလောက်ကုန်ကျတာမျိုးတွေလည်းရှိတာပေါ့။ တကယ်တမ်းအဲ့ဒါ တွေကတော့ သူတို့နားမလည်ကြပါဘူး။ ကျွန်တော်တို့က communities ဖြစ်လာစေချင်တာပါ။ မအားလို့မလာတာတော့ ကိစ္စမရှိဘူးပေါ့နော်။ တချို့ဟာတွေဆို လာသင့်တာပေါ့။ ဘာလို့လည်းဆိုတော့ သူတို့က စီးပွားရေးလုပ်မယ့်သူတွေ သူတို့ လေ့လာဖို့လာသင့်တယ်။ ကျွန်တော်တို့လည်း ပိုက်ဆံပေးပြီးရင်းရတယ်။ ကျွန်တော်တို့အနေနဲ့ဘာမှလည်းပြန်မရဘူးဗျ။ Network တစ်ခုဖြစ်လာလို့ သူတို့အောင်မြင်တယ်ဆိုရင် ကျွန်တော်တို့အောင်မြင်သလိုပါပဲ။ အဲ့လိုမျိုးအခက်အခဲလေး တွေတော့ရှိပါတယ်”
Photo Source – https://www.facebook.com/IHYangon/
သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ စီးပွာရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပေးခြင်းကလည်း လုပ်ငန်းပိုင်းဆိုင်ရာ ပေါ်လစီလျင်မြန်စွာချမှတ်နိုင်ရေးအတွက်ဖြစ်ပြီး အခွန်ပိုင်းဆိုင်ရာကိစ္စများအပြင် လုပ်ငန်းနဲ့ဆက်စပ်တဲ့ ကဏ္ဍတွေမှာ လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်းအတွက်အကျိုးကျေးဇူးတွေရနိုင်လဲဆို တာကိုလည်း ဦးဥက္ကာမျိုးက ခုလိုထပ်မံရှင်းပြပါတယ်။
“အဲ့ဒါကတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ စွန့်ဦးတီထွင်ပြီးစလုပ်မယ့်သူတွေနဲ့ လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့။ ကျွန်တော်တို့ ကတော့ အလယ်မှာပေါ့။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်တို့ချည်းပဲလုပ်လို့မရဘူး။ အပေါ်မှာက ပေါ်လစီတွေကို လုပ်ပေးကိုင် ပေးမယ့်သူက ရှိနေတယ်။ အဲ့ဒီတော့ သူတို့လုပ်ငန်းတွေကောင်းမွန်ချောမွေ့လည်ပတ်ဖို့ အပေါ်ကပေါ်လစီလုပ်တဲ့သူတွေ မြန်မှရမယ်။ အဲ့ဒါကြောင့် ဒီလူတွေနဲ့ ဒီမှာပဲနေလို့ မရဘူး။ ပေါ်လစီပိုင်းကို သွားလို့ရမယ့်သူတွေဆီကို မြန်မြန်တွန်းရတယ်။ သူတို့က ပေါ်လစီတွေမြန်မြန်ချနိုင်လေ ဒီဘက်က အလုပ်လုပ်ရမယ့်သူတွေ ပိုမြန်လေဆိုတဲ့သဘောပေါ့။ ဥပမာ အခွန်ကိစ္စ တွေလိုမျိုးတွေပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က အပေါ်ရောအောက်ရောအလယ်ရော မျှတအောင်ကူညီစီစဉ်ပေးတဲ့ သဘော ပါပဲ။ Ecosystem ကြီးကိုအပေါ်ကနေအောက်ဆုံးအထိ တဖြည်းဖြည်းနဲ့ Market ဖြစ်လာမယ်။ ကျွန်တော်တို့လောက မှာလည်း Market ရှိတယ်။ အဲ့ဒီလို Market ကြီးတဖြည်းဖြည်းကြီးလာဖို့ကလည်း ကျွန်တော်တို့ မှာတာဝန်ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း နောက်ပိုင်းမှာ Event တွေဆက်လုပ်သွားဖို့ရှိပါတယ်”
Impact Hub Yangon အနေဖြင့် လက်ရှိလုပ်ကိုင်နေတဲ့ Project တွေရှိနေပြီး Economic development ပိုင်းဆိုင်ရာများ ကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားမှာဖြစ်ပြီး အခြားလစ်ဟာနေတဲ့ကဏ္ဍများကိုလည်း ဖြည့်စွက်နိုင်အောင်ဆောင်ရွက် သွားမယ့်အကြောင်း ဦးဥက္ကာမျိုးကဆက်လက်ရှင်းပြပါတယ်။
“ကျွန်တော်တို့အတွက် Market ကြီးပေါ်လာဖို့ပေါ့။ အဲ့ဒီအတွက် ဘာကိုသွားပြီး သက်ရောက်သလဲဆိုတော့ economic development ပေါ့နော်။ အဲ့ဒါကြီးကိုတော့ တစိုက်မတ်မတ်လုပ်သွားမှာပေါ့။ အဲ့ဒါလုပ်ဖို့အတွက်လည်း ကျွန်တော်တို့က သူများတွေကိုလည်း အားကိုးတယ်။ ကိုယ်ကိုတိုင်လည်း Project တွေလုပ်တယ်။ အခုလည်း ကျွန်တော်တို့ Project သုံးခုလောက်လုပ်နေတာရှိတယ်။ ecommerce project ရှိတယ်။ နောက် ပြီးတော့ အစားအသောက်နဲ့ပတ်သက်ပြီးတော့ အစားအသောက်ကဏ္ဍကိုဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ချင်တာရှိတယ်။ ကျွန်တော်တို့အနေနဲ့ လစ်ဟာနေတဲ့ကဏ္ဍတွေ ကိုဖြည့်ချင်တာပေါ့။ သန့်ရှင်းတဲ့အစားအသောက်တွေ၊ သွင်းကုန်အစားထိုးဟာတွေထုတ်ချင်တာမျိုးတွေပေါ့။ အဲ့ဒါမျိုးတွေက ကျွန်တော်တို့ ကိုယ်တိုင်လုပ်တယ်။ တချိန်ကျရင်တော့ တစ်ခုခုဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်”
ပြင်ပနိုင်ငံများမှာလည်း Communities Agreement ပိုမိုကောင်းမွန်ကြပြီး မြန်မာပြည်တွင်းအနေဖြင့် Communities Agreement အတွက်အားနည်းချက်များစွာရှိနေသေးကြောင်း အတူတူပူးပေါင်းဖြေရှင်းပါက ပိုမိုကောင်းမွန်နိုင်ဖွယ်ရှိကြောင်း ဦးဥက္ကာမျိုးက အခုလိုဆက်လက်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ဒီလုပ်ငန်းလုပ်ပြီးသွားတဲ့အချိန်မှာ အခြားနိုင်ငံတွေကိုရောက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ကစီးပွားရေး၊ လူမှု ရေး စတဲ့ဘယ်ကဏ္ဍမှာမဆို communities agreement အရမ်းကောင်းကြပါတယ်။ လူတွေက ညီတယ်လို့ဆိုနိုင်တာပေါ့။ တစ်ခုလုပ်မယ်ဆိုရင်လည်း အကုန်ပါတယ်။ မြန်မာပြည်မှာကျတော့ အဲ့ပြဿနာလေးနည်းနည်းရှိတယ်။ အမှန်တော့ အတူတူပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုမြန်မယ်။ ပိုအဆင်ပြေသွားနိုင်တာပေါ့။ ဒါပေမယ့် ဒီကလူတွေရဲ့ ထုံးစံက တော့ Personal အတွက် သာချင်တာတွေပဲရှိတယ်။ အဲ့လို ဖြစ်တည်နေမှုတွေကို ဖြေရှင်းဖို့အတူတကွပူးပေါင်းဆောင်ရွက် တာက ပိုပြီးတော့အများအကျိုးဖြစ်ထွန်းမယ်လို့ထင်ပါတယ်။
Photo Source – https://www.facebook.com/IHYangon/
Impact Hub Yangon အနေဖြင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားရှိရာနေရာနှစ်ခုရှိပြီး ပထမရုံးကတော့ အမှတ် (၆၀)၊ သုခလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာတည်ရှိပြီး ဒုတိယရုံးခန်းကတော့ အခန်း (၂၀၂)၊ Royal Tower၊ ယောမင်းကြီးလမ်း၊ ဒဂုံ မြို့နယ်မှာတည်ရှိတာဖြစ်ပါတယ်။