KBZ Bank မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၅၀၀ KVA မီးစက်ကြီး တပ်ဆင်လှူဒါန်း

ကမ္ဘောဇဘဏ်မှ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုများကို ပံ့ပိုးကူညီနိုင်ရန်နှင့် အခြားပရောဂျက်များ အဆင် ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၅၀၀ KVA မီးစက်ကြီး တပ်ဆင်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် တပ်ဆင်ထားသော COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် စက်အား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အရေးတကြီး လိုအပ်နေသည့် မီးစက်ကြီးတစ်လုံးအား ဝယ်ယူတပ်ဆင်လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါ မီးစက်ကြီးဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအတွင်း COVID-19 နှင့် အခြား စစ်ဆေးရမည့် နမူနာများ သိုလှောင်ရာတွင် အချိန်ပြည့် လည်ပတ်ထားရမည့် သုတေသနလုပ်ငန်းသုံး အအေးခန်းများကဲ့သို့ စက်ကိရိယာများကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ မီးစက်ကြီးတပ်ဆင်၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ဓာတ်ခွဲနမူနာ (၁,၄၀၀) ကျော်အား ၂၄ နာရီအတွင်း COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင် သည့် COVID-19 ဓာတ်ခွဲစစ်ဆေးစက်ကြီးကိုလည်း လျှပ်စစ်ဓာတ်အားပေးနိုင်မည်လည်းဖြစ်သည်။

Photo Source https://www.kbzbank.com

ကမ္ဘောဇဘဏ်မှ အထက်ပါ လိုအပ်နေမှုကို သတိပြုမိပြီးနောက် အမေရိကန်နိုင်ငံထုတ် Caterpillar အမျိုးအစား C15 500 kVa Diesel Generator မီးစက်တစ်လုံး၊ အဆိုပါမီးစက်တပ်ဆင်ရန်နှင့် လည်ပတ်နိုင်ရန်အတွက် Auto Transfer System (ATS) နှင့် အခြားလိုအပ်သော ကိရိယာများ၊ စုစုပေါင်း မြန်မာကျပ်ငွေ ၁၂၅ သန်း တန်ဖိုးရှိ အဆိုပါစက်ပစ္စည်းများနှင့် စက်ပစ္စည်းတပ်ဆင်ရန်စားရိတ် အသီးသီးတို့ကို လှူဒါန်းခဲ့ပါသည်။
“ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုပြီး ခရီးရောက်စေဖို့ အခုလို မီးစက်ကြီးတစ်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကြီးအတွက် သဒ္ဓါတရား ထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့တဲ့ ကမ္ဘောဇဘဏ်ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ကျွန်မတို့ဌာနမှာ ဓာတ်ခွဲအတည်ပြုနမူနာတွေကို သိမ်းဆည်းဖို့အတွက် ultra-low freezers လို့ အများသိကြတဲ့ အပူချိန် – ၈၀ ဒီဂရီ စင်တီဂရိတ်ကနေ -၃၀ ဒီဂရီစင်တီဂရိတ် အတွင်းရှိတဲ့ သုတေသနလုပ်ငန်းသုံး အအေးခန်းကြီးတွေ ရှိပါတယ်။ COVID-19 ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးဖို့ အပါအဝင် လက်ရှိ လုပ်ကိုင်နေတဲ့ သုတေသနလုပ်ငန်းတွေ၊ ဆက်လက်လုပ်ကိုင်သွားမယ့် ပရောဂျက်တွေ ဆောင်ရွက်နိုင်ဖို့ ဒီ ဓာတ်ခွဲ အတည်ပြုနမူနာတွေကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။ အခု တပ်ဆင်လိုက်တဲ့ မီးစက်ကြီးက ကျွန်မတို့ရဲ့ သုတေသနလုပ်ငန်းသုံး အအေးခန်းကြီးတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ/ ၇ ရက်ပတ်လုံး ပြတ်တောက်မှုမရှိဘဲ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပါမောက္ခ ဒေါက်တာဌေးဌေးတင် က ပြောကြားသည်။

Photo Source https://www.kbzbank.com

“ကျွန်မတို့ နိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ ကဏ္ဍ နယ်ပယ်အသီးသီးက အဖွဲ့အစည်းတွေအားလုံးနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်မှု တွေမှာ ကျွန်မတို့အားလုံး အတူတကွ ပူးပေါင်းပါဝင်ပြီး ကူညီပေးကြဖို့ အလွန်အရေးကြီးပါတယ်။ ယနေ့ လှူဒါန်းမှုကတော့ လက်ရှိကာလမှာ လူ့အသက်ပေါင်းများစွာ ဘေးကင်းလုံခြုံမှုရှိအောင် ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကြီးရဲ့ အရေးကြီးတဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ သုတေသန ဆောင်ရွက်မှုတွေကို အထောက်အကူဖြစ်စေလိမ့် မယ်လို့ ယုံကြည်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက ပြောကြားသည်။

Photo Source https://www.kbzbank.com

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ကမ္ဘောဇဘဏ်၊ KBZ MS General Insurance ၊ KBZ Life Insurance ၊ Myanmar Airways International (MAI) နှင့် Air KBZ တို့မှ COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာကျပ်ငွေ (၃ ဒဿမ ၄) ဘီလီယံကို လှူဒါန်းခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မီးစက်နှင့် အခြားဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြင့် စုစုပေါင်း မြန်မာကျပ်ငွေ (၃.၅) ဘီလီယံအထိ တိုးမြှင့်လှူဒါန်းနိုင်ခဲ့သည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ လူမှုဘဝ အရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူ၍ ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ရယူထားသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူ လူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာသဘောပေါက် နားလည်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍ၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကဏ္ဍများတွင် ရှေ့ပြေးဦးဆောင်လျက်ရှိကြောင်း သိရသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.kbzbank.com