ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် MPT ဆင်းမ်ကတ်များကို မှန်ကန်စွာစာရင်းသွင်းမှတ်ပုံတင်ခြင်းဖြင့် ပုံမှန်အတိုင်း အသုံးပြုနိုင်

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိသည့် MPT ဆင်းမ်ကတ်များကို အချက်အလက်မှန်စွာ စာရင်းပေးသွင်းမှတ်ပုံတင်ခြင်းဖြင့် ပုံမှန်အတိုင်းပြန်လည်သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရသည်။
တိကျမှန်ကန်သော ကိုယ်ရေး သတင်းအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရန် နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ် များသည် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက် (သို့မဟုတ်) Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ ဒေတာအသုံးပြုမှုနှင့် အခြားသော MPT ၏ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။ မိမိတို့၏ ဖုန်းနံပါတ်များကို ဆက်လက်အသုံးပြုနိုင်ရန် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို သတ်မှတ်ကာလဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက် ခေါ်ဆိုမှုပိတ်သွားသော မိမိဆင်းမ်ကတ်များအတွက် အချက်အလက် မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အတွင်းပြု လုပ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် မိမိတို့ အိမ်မှာနေ၍ အဆင်ပြေလွယ်ကူသောနည်းလမ်းများဖြစ်သည့် *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm တို့ကိုအသုံးပြု၍ အဆင်ပြေလွယ်ကူစွာ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ် သည်။
MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို MPT Ownshop များ၊ MPT Branded Shop များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံးများ (သို့မဟုတ်) အခြားသော MPT အရောင်းဆိုင်များသို့ သွားရောက်၍ ပြုလုပ် နိုင်ပါသည်။
MPT သုံးစွဲသူများသည် မိမိတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရာတွင် ဆင်းမ်ကတ် ကိုင်ဆောင်သူ၏ တရားဝင်အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဓါတ်ပုံ တို့နဲ့အတူ (နိုင်ငံခြားသားများ အတွက် နိုင်ငံကူးလက်မှတ် Passport နဲ့ Passport ဓါတ်ပုံ)တို့ဖြင့် တိကျမှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပါသည်။ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားအောင်မြင်စွာ လုပ်ဆောင်ပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။
“ပုံမှန်အသုံးပြုနိုင်တဲ့ ဆင်းမ်ကတ်ရဲ့ အရေးပါမှုကို ကျွန်တော်တို့အနေနဲ့ သိရှိနားလည်ပြီး MPT သုံးစွဲသူတွေ အတွက် သူတို့ရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်ရာမှာ အဆက်အသွယ်မပြတ် ရှိစေချင်ပါတယ်။ MPT သုံးစွဲသူအားလုံးအနေနဲ့လည်း ပြည့်စုံမှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို ဖြည့်စွက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ သုံးစွဲသူတွေရဲ့ အိမ်ကနေလည်း မှတ်ပုံတင်လို့ရတဲ့ ရိုးရှင်းတဲ့ အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်လို့ရတဲ့ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက် ပေးထားပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းမ်ကတ်များစွာ ကိုင်ဆောင်ထား သူများကြောင့် မိုဘိုင်းလ်ဖုန်းနံပါတ်များရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် တရားမဝင် ရာဇဝတ်မှုများ ကျူးလွန်ထားသော မသမာသူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာအဝှမ်းရှိ ဆက်သွယ်ရေးအော်ပရေတာများမှ လက်ရှိကျင့်သုံးလုပ်ဆောင်လျက်ရှိသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်သည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုများအသုံးပြုရာတွင် မျှော်လင့်မထားသော နှောင့်ယှက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသူတိုင်းသည် ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် တိကျသောကိုယ်ရေး အချက်အလက်များနှင့် မှတ်ပုံတင်ရန် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုလည်းဖြစ်သည်။
MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ် ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။