KBZPay အသုံးပြုပြီး ငွေကြေးလုပ်ဆောင်မှု တစ်လအကြိမ်ရေ ၈ သန်းထိရှိနေ

KBZPay ဖြင့်လစဉ်ငွေသားမဲ့ ငွေကြေးလုပ်ဆောင်မှုပေါင်း ၈ သန်းကျော်ပြုလုပ်နေပြီး ၂၀၁၉ ခုနှစ်အကုန်တွင် KBZPay အသုံးပြုသူပေါင်း ၅ သန်းထိရှိလာနိုင်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်ကျင်းပပြုလုပ်သော KBZPay နှင့်မီဒီယာများတွေ့ဆုံပွဲမှသိရသည်။
KBZPay အနေဖြင့်လည်း လက်ရှိအချိန်တွင် ကိုယ်စားလှယ်အရောင်းဆိုင်ပေါင်း ၂၃၀၀၀၀ ကျော်ကိုရှိနေပြီဖြစ်ပြီး အသုံးပြု သူပေါင်း ၃ ဒဿမ ၅ သန်းကျော်အတွက် ငွေကြေးလုပ်ဆောင်မှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံကျော်ပြု လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

Photo Source By Myanmar Tech Press

“၂၀၁၈ ခုနှစ်မှာ KBZPay သုံးစွဲသူပေါင်း သန်း ၃၀ ရောက်ရှိဖို့ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ဘက်ကနေ KBZPay အသုံးပြုပြီး သူငယ်ချင်း၊ မိတ်ဆွေတွေ ချိတ်ဆက်ပေါင်း စည်းနိုင်ပြီး ဒီဂျစ်တယ်လူနေမှုဘဝတွေကို ထောက်ပံ့ပေးနိုင်ဖို့ ခေတ်မီဆန်းသစ်တဲ့ မိုဘိုင်းဦးစားပေး ဘဏ္ဍာရေးဂေဟစနစ် တစ်ခု ဖန်တီးပေးသွားမှာပါ”ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကိုက ပြောကြားသည်။

Photo Source By Myanmar Tech Press

စီးပွားရေးလုပ်ငန်းနှင့်အဖွဲ့အစည်းအများစုမှာလည်း KBZPay အား ၎င်းတို့၏ လုပ်ငန်းဆောင်တာများပိုမိုချောမွေ့စေရန်၊ အလုပ်တွင်ကျယ်စေရန်၊ မသမာမှုများမှ ကာကွယ်နိုင်ရန်နှင့် ဝန်ဆောင်မှုအသုံးပြုသူများအတွက် လုံခြုံစိတ်ချရသည့် ငွေပေး ချေမှုပုံစံတစ်ခု ထားရှိပေးနိုင်ရန်ဆောင်ရွက်ပေးနိုင်သော နည်းပညာဖြေရှင်းချက်တစ်ခုအဖြစ်ခံယူထားကြောင်း၊ KBZPay အက်ပလီကေးရှင်းတွင် YCDC ဘေလ်များနှင့် QuickPay လုပ်ဆောင်ချက်များအပါအဝင် ကုမ္ပဏီများနှင့်အဖွဲ့အစည်းပေါင်း ၉၀ ကျော်တို့အတွက် ငွေပေးချေမှုများပြုလုပ်ပေးနိုင်ပြီဖြစ်ကြောင်းလည်း အဆိုပါအခမ်းအနားမှသိရသည်။

Photo Source By Myanmar Tech Press

“အရင်တုန်းက ပြည်သူတွေအနေနဲ့ ကားလက်မှတ်ဝယ်ချင်ပြီဆိုရင် ဘတ်စ်ကားဂိတ်ကိုတိုက်ရိုက်သွားရင်သွား၊ ဒါမှမဟုတ် အနီးဆုံးကကားလက်မှတ်အရောင်းကိုယ်စားလှယ်ဆီသွားကြရပါတယ်။ အခုဆိုရင် MMBus Ticket ကနေကားလက်မှတ် တွေကို KBZPay နဲ့အလွယ်တကူဝယ်ယူနိုင်ပြီဆိုတော့ အချိန်ကုန်သက်သာပြီး အလုပ်လည်းမရှုပ်တော့ပါဘူး။ ကျွန်တော့် ကိုယ်ပိုင်အမြင်ကိုပြောရမယ်ဆိုရင် KBZPay နဲ့ဆိုရင် ဘတ်စ်ကားလိုင်းတွေအတွက် မလိုအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်စေပဲ ပိုပြီး ထိရောက်မှုရှိတယ်လို့ထင်ပါတယ်။ ငွေသားမဲ့စနစ်က ငွေသိမ်းရတဲ့အလုပ်နဲ့ငွေတွေကိုစောင့်ကြည့်နေရမယ့် အလုပ်တွေ လျော့သွားစေပါတယ်”ဟု MMBus Ticket Founder and CEO ကိုကျော်ကျော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ KBZPay အသုံးပြုသူ တစ်ဝက်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ မဟုတ်သည့် အခြားသော နေရာဒေသများမှဖြစ်ကြောင်း တွေ့ရှိရပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အသုံးပြုသူပေါင်း ၁ ဒဿမ ၆ သန်းရှိကြောင်းသိရသည်။ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အသုံးပြုသူပေါင်း ၁ ဒဿမ ၉ သန်းရှိသည်။
KBZPay ဖြင့် ငွေကြေးလုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည့်အနက် အမြင့်ဆုံးစံချိန်မှာ တစ်စက္ကန့်အတွင်း (၂၄၀) ကြိမ် အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ (၁၀) ဦးတွင် (၁) ဦးမှာ KBZPay အသုံးပြု၍ မိုဘိုင်းဖုန်းအချင်းချင်း ငွေလွှဲခြင်း(P2P) လုပ်ဆောင်ချက်များဖြင့် အခမဲ့ ငွေလွှဲနိုင်ကြပြီကြောင်းအဆိုပါအခမ်းအနားမှသိရသည်။ ထို့အပြင် KBZPay ဝန်ဆောင်မှု အသုံးပြုသည့်စီးပွားရေးလုပ်ငန်းများ၏ (၅၀) ရာခိုင်နှုန်း ကျော်မှာ အမျိုးသမီးများဦးဆောင်သည့် လုပ်ငန်းများ ဖြစ်ကြသည်။

Photo Source By Myanmar Tech Press

KBZPay ကိုအသုံးပြု၍ ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) အင်တာနက်ဒေတာဝယ်ယူခြင်း၊ QR ကုဒ် ငွေပေးချေမှု လုပ်ဆောင်ချက်ဖြင့် ပစ္စည်းဝယ်ယူ ခြင်း၊ ဝန်ဆောင်မှုအသုံးပြုခြင်းနှင့် ကမ္ဘောဇငွေစုအကောင့်မှ ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေလွဲခြင်းများကို ဝန်ဆောင်ခပေးဆောင်ရန် မလိုဘဲ လုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။
KBZPay အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကောလိပ်နှင့်တက္ကသိုလ်များ၊ ကျောင်းသားကျောင်းသူများကို နည်းပညာမှရရှိနိုင် သည့် အကျိုးကျေးဇူးများစွာ ယူဆောင်ပေးနိုင်ရန် ကျောင်းလခပေးသွင်းရာတွင် ဒစ်ဂျစ်တယ် စနစ်ပြောင်းလဲနိုင်ရေးအတွက် တက္ကသိုလ်များအား ပံ့ပိုးကူညီခဲ့ပြီး ကျောင်းသား/ကျောင်းသူများသည် KBZPay ဖြင့် ၎င်းတို့၏ ကျောင်းလခများကို လုံခြုံစိတ်ချစွာပေးသွင်းနိုင်ကြောင်းလည်းသိရသည်။ ထို့ကြောင့်ကောလိပ်များနှင့်တက္ကသိုလ်များမှ ဘဏ္ဍာရေး ဌာနများ အနေဖြင့် ကျောင်းလခရရှိသည့် ငွေပမာဏကို လွယ်ကူစွာစစ်ဆေးနိုင်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်နှစ် (သို့မဟုတ်) ပညာသင်ကာလအတွက် ကျောင်းအပ်ပြီးသူများ စာရင်းပြုစုရာတွင်လည်း အထောက်အကူတစ်ခုဖြစ်စေ ကြောင်းလည်းသိရသည်။