KBZPay မှ ကိုယ်စားလှယ်နှင့်ဆိုင်ရှင်များအတွက် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုအသစ်ပေးအပ်မည်

KBZPay ကိုယ်စားလှယ်နှင့်ဆိုင်ရှင်များအတွက် လုပ်ငန်းငွေလည်ပတ်မှု ပိုမိုချောမွေ့အဆင်ပြေစေရေး အထောက်အကူပေး နိုင်ရန် KBZPay လွယ်ကူထုတ်ယူချေးငွေ ဟုခေါ်ဆိုသည့် ကာလတိုငွေကြေးထောက်ပံ့မှုစနစ် ဝန် ဆောင်မှုအသစ်ခုကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဝန်ဆောင်မှုတွင် KBZPay မိတ်ဖက်လုပ်ငန်းတိုင်း အပေါင်ပစ္စည်း၊ အာမခံသူနှင့်လျှောက်လွှာကြေး ရှိရန်မလိုဘဲ ငွေကျပ် (၃၀၀,၀၀၀) အထိ ချက်ချင်းရယူ အသုံးပြုနိုင်ပြီလည်းဖြစ်သည်။ ထို့အပြင် KBZPay မိတ်ဖက်လုပ်ငန်းများအတွက် ရယူနိုင်သော ငွေပမာဏကို ငွေကျပ် (၂,၅၀၀,၀၀၀) အထိတိုးမြှင့်နိုင်မည့် အခြားအခွင့်အလမ်းများလည်း ပေးအပ်ထား ကြောင်းလည်းသိရသည်။ မည်သည့် ကမ္ဘောဇဘဏ်ဘဏ်ခွဲတွင်မဆို အချိန်အနည်းငယ်ပေးရုံဖြင့် ချေးငွေလျှောက်ထား နိုင်ပြီး အတည်ပြုပြီး လျှောက်ထားသူများမှာ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app အတွင်းရှိ လွယ်ကူထုတ်ယူချေးငွေ လုပ်ဆောင်ချက်ကို အသုံးပြု၍ မိမိလိုအပ်သည့် ငွေပမာဏကို ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။
လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုကို လုပ်ငန်းငွေလည်ပတ်ရာတွင် အခက်အခဲရှိနေသည့် KBZPay မိတ်ဖက် လုပ်ငန်းများ တိုးပွားလာနေမှုအပေါ် ကူညီဖြေရှင်းပေးရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းပြီးလွယ်ကူထုတ်ယူချေးငွေဝန်ဆောင်မှုသည် KBZPay မိတ်ဖက်လုပ်ငန်းများ ထုတ်ယူအသုံးပြုလိုက်သည့် ငွေပမာဏအပေါ် တွင်သာ နေ့စဉ်အတိုးရယူပြီး လုပ်ငန်းအခြေအနေအလိုက် မိမိနှစ်သက်သလို ပြန်လည်ပေးသွင်းနိုင်ပြီး ချေးငွေရယူပြီး တစ်ရက်အကြာတွင် ပြန်လည်ပေးသွင်းမှု စတင်နိုင်ပြီး တစ်လအတွင်း ပြန်လည်ပေးသွင်းရမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/KBZPay/

“မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ ကျွန်တော်တို့ရဲ့ KBZPay ကိုယ်စားလှယ်နဲ့ ဆိုင်ရှင်ပေါင်း (၂၇၀,၀၀၀) ကျော်ရှိတဲ့အထဲက အများစုဟာ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ အဆင်ပြေဖို့ အမြန်ရနိုင်တဲ့ကာလတို ငွေကြေးထောက်ပံ့မှုတစ်ခု လိုအပ် နေကြပါတယ်။ ဒီလွယ်ကူထုတ်ယူချေးငွေကို ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတိုးတက်စေမယ့် “အရံသင့် ငွေကြေး” တစ်ခုလို ပေးအပ်ထားမှာဖြစ်လို့ ငွေအရင်းအနှီးတစ်ခုအနေနဲ့ လိုအပ်သလို စီမံခန့်ခွဲပြီး အသုံးပြု နိုင်ပါတယ်။ အခုဆိုရင် လွယ်ကူထုတ်ယူချေးငွေ ရယူဖို့ လျောက်ထားကြတဲ့ KBZPay ကိုယ်စားလှယ်တွေနဲ့ ဆိုင်ရှင်တွေ ပိုများလာတာ တွေ့နေရပြီး ထောင်ပေါင်းများစွာရှိတဲ့ မိတ်ဖက်တွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နိုင်အောင်၊ စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင် ကူညီပေးနိုင်ဖို့မျှော်လင့်ပါတယ်။ KBZPay ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုတွေများများ လုပ်ပေးနိုင်မယ်ဆိုရင် သူတို့အတွက် ဝန်ဆောင်ခတွေပိုပြီး ရလာ ရုံတင်မကဘဲ ပိုများတဲ့ ချေးငွေပမာဏကို ရရှိနိုင်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့လုပ်ငန်းတွေ ပိုပြီး တိုးတက်လာအောင် ချဲ့ထွင်လို့ရပါတယ်။ ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်မှုက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါပဲ” ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကိုက ပြောကြားသည်။
၂၀၁၉ ခုနှစ်၊ မေလတွင် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုကို စတင် စမ်းသပ်ဝန်ဆောင်မှုပေးခဲ့ရာ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်ပေါင်း (၂,၉၁၇) ဦးမှာ ချေးငွေပမာဏ စုစုပေါင်း (၁.၆၆) ဘီလီယံကျပ် ရယူခဲ့ကြပြီးဖြစ် ကြောင်းလည်း သိရသည်။
KBZPay ကိုယ်စားလှယ်နှင့်ဆိုင်ရှင်များသည် ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲပေါင်း (၅၀၀) အတွင်း မည်သည့်ဘဏ်ခွဲ တွင်မဆို လွယ်ကူထုတ်ယူချေးငွေ ရယူရန် အခမဲ့လျောက်ထားနိုင်မည်ဖြစ်သည်။ ဘဏ်ခွဲတွင် KBZPay မိတ်ဖက်တစ်ဦး ဖြစ်ကြောင်း အထောက်အထားပြသရန်နှင့် လျောက်ထားလိုသည့် ချေးငွေပမာဏကို သိရှိနိုင်ရန်လျှောက်လွှာတစ်ခု ဖြည့်ရမည် ဖြစ်သည်။ ထုတ်ယူနိုင်မည့် ချေးငွေပမာဏကို လျောက်ထားသူ၏ ယခင်က ပြုလုပ်ခဲ့သည့် KBZPay ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှု ပမာဏပေါ်မူတည်၍ တွက်ချက်ဆုံးဖြတ်ပေးမည် ဖြစ်သည်။

Photo Source – https://www.facebook.com/KBZPay/

ချေးငွေပေးအပ်ရန် စစ်ဆေးအတည်ပြုပြီးပါက ဒစ်ဂျစ်တယ်စနစ်ဖြင့် ချေးငွေထုတ်ယူခွင့် e-credit တစ်နှစ်စာ ရရှိမည်ဖြစ်ပြီး တစ်လချင်း ပြန်လည်ပေးသွင်းနိုင်မည် ဖြစ်ပါသည်။ အတိုးနှုန်းမှာ (၁၃) ရာခိုင်နှုန်းဖြစ်ပြီး မိမိ ထုတ်ယူလိုက်သည့် e-credit ချေးငွေပမာဏအပေါ်တွင်သာ အတိုးနှုန်း တွက်ချက်သွားမည်ဖြစ်သည်။ ထုတ်ယူနိုင်မည့် ချေးငွေ ပမာဏသည် KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ လစဉ်တိုးတက်လာသည့် ငွေအသွင်း၊ အထုတ် ဝန်ဆောင်မှုအရေအတွက်နှင့် သတ်မှတ်ရက်အတွင်း ချေးငွေ မှန်မှန်ပြန်လည်ပေးသွင်းမှုတို့အပေါ် မူတည်၍ တိုးမြင့်လာနိုင်မည် ဖြစ်သည်။
KBZPay အဖွဲ့သားများမှလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ ကိုယ်စားလှယ်များနှင့်ဈေးဆိုင်များသို့သွားရောက်ပြီး လွယ်ကူ ထုတ်ယူချေးငွေအား မိတ်ဆက်ရှင်းလင်းပေးမည်ဖြစ်ကြောင်းလည်းသိရသည်။ KBZPay ကိုယ်စားလှယ်များနှင့်ဈေးဆိုင်များ အနေဖြင့် KBZPay လွယ်ကူထုတ်ယူချေးငွေအကြောင်း အသေးစိတ်သိရှိလိုပါက KBZPay အဖွဲ့ဖုန်း – ၃၂၁၂ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။