မြန်မာနိုင်ငံရှိ အမျိုးသမီးများ ပိုင်ဆိုင်သော လုပ်ငန်းများအား ရေရှည်ရပ်တည်လုပ်ကိုင်နိုင်ရန် Meta မှ ကူညီပံ့ပိုး

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ဖို့ အရေးကြီးပုံကို ရေးသားထားတဲ့ Meta က Beth Ann Lim, Director, APAC Policy Programs and Government Outreach ရဲ့ ဆောင်းပါးကို Meta မှ အောက်ပါအတိုင်း ထုတ်ပြန်ထားပါ တယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့ကြရတာ ၂ နှစ်တာကြာမြင့်ခဲ့ပေမယ့် အရင်အတိုင်း ကမ္ဘာကြီးဟာ ရုန်းကန်နေရဆဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေဟာလည်း ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာဖို့ ကြိုးစားနေရဆဲပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို ခံခဲ့ရပေမယ့် အမျိုးသမီး ဦးဆောင်တဲ့ လုပ်ငန်းတွေကတော့ ဆုတ်ယုတ်မှုတွေကို မမျှတစွာ ကြုံတွေ့ခဲ့ရပါတယ်။

Photo Source fbmyanmarpress@fb.com

ကမ္ဘာလုံးဆိုင်ရာ အသေးစား စီးပွားရေးလုပ်ငန်းများ အခြေအနေ အစီရင်ခံစာအရ အမျိုးသမီး ဦးဆောင်တဲ့ အသေးစားလုပ်ငန်း (၂၀ ရာခိုင်နှုန်း) နဲ့ (၁၆ ရာခိုင်နှုန်း) သော အမျိုးသား ဦးဆောင်တဲ့ အသေးစားလုပ်ငန်းတွေဟာ ရပ်နားလိုက်ရတယ်လို့ဆိုတာကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ လုပ်ငန်းတွေက ရောင်းအားကျတာ၊ ဆိုင်ပိတ်လိုက်ရတာ ပိုများတယ်လို့ ပြောနိုင်ပါတယ်။ ဒါတင်မကသေးဘဲ လုပ်ငန်းရဲ့ ရှေ့ဆက်ရမယ့်လမ်းခရီးအတွက် အမျိုးသမီးတွေဟာ သူတို့နဲ့လုပ်ငန်းနယ်ပယ်တူတဲ့ အမျိုးသားတွေလောက် သိပ်ပြီး မျှော်လင့်မထားဘူးလို့လည်း ဖော်ပြထားပါတယ်။ အမျိုးသမီးဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ Cherie Blair Foundation ရဲ့ စစ်တမ်းအရ အမျိုးသမီး ၁၀ ဦးမှာ တစ်ဦးက ကပ်ရောဂါကြောင့် ခံစားရတဲ့ ထိခိုက်မှုဟာ သူတို့ဘဝတစ်လျှောက်လုံးမှာ တစ်ခုတည်းသော အကြီးမားဆုံး အခက်အခဲလို့ ဖြေခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားက ကပ်ရောဂါ စဖြစ်တဲ့အချိန်မှာ Meta ရဲ့ ပလက်ဖောင်းတွေကို စသုံးလာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ လုပ်ငန်းတွေကတော့ သိသိသာသာကို တိုးတက်မှုရှိလာတာ တွေ့ခဲ့ရပါတယ်။
(၁) ကပ်ရောဂါဖြစ်တဲ့အချိန်ကစပြီး Instagram အသုံးပြုလာတဲ့ အမျိုးသမီး ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း အရေအတွက် (၅၀ ရာခိုင်နှုန်း) ကျော် မြင့်တက်လာပါတယ်။
(၂) ကပ်ရောဂါဖြစ်တဲ့အချိန်ကစပြီး Facebook ပေါ်မှာ အမျိုးသမီး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်လာတဲ့ အရေအတွက် (၄၀ ရာခိုင်နှုန်း) ကျော် တိုးမြင့်လာပါတယ်။
(၃) ၂၀၂၁ ခုနှစ်ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဆိုင်ရာ Facebook Groups တွေရဲ့ (၄၀%) ကျော်ဟာ အမျိုးသမီးတွေ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကပ်ရောဂါမဖြစ်ခင်ကတည်းက စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့နေရာမှာ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက သူတို့နဲ့ လုပ်ငန်းနယ်ပယ်တူတဲ့ အမျိုးသားတွေထက်စာရင် လမ်းပြသင်ကြားပေးမယ့်သူ ရှာတာကစပြီး ရင်းနှီးမြုပ်နှံမှု တိုးချဲ့တာတွေအထိ အတားအဆီး၊ အဖုအထစ်လေးတွေနဲ့ ပိုပြီး ရင်ဆိုင်ကြရပါတယ်။ စီးပွားရေးနယ်ပယ်တစ်ခုကို ဝင်ရောက်တဲ့အချိန်မှာ ကြုံရတဲ့ အတားအဆီးတွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေပါ ထပ်ပေါင်းလာတော့ ကျား၊ မ တန်းတူညီမျှရေးအတွက် ပိုလုပ်ဆောင်ဖို့၊ အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းတွေအကြား စီးပွားရေးအရ အခွင့်အလမ်းတွေ ပိုရအောင် တွန်းအားပေးဖို့ဆိုတာ အရင်ကထက် ပိပြီး အရေးကြီးလာပါတော့တယ်။
ဒါကြောင့် BreakTheBias (ဘက်လိုက်မှုမှန်သမျှ ချိုးဖျက်ကြ) ဆိုတဲ့ ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်နဲ့အညီ ဘက်လိုက်မှုတွေ၊ ပုံစံခွက်တွေ၊ ခွဲခြားဆက်ဆံမှုတွေ မရှိဘဲ ကျား၊ မ တန်းတူညီမျှတဲ့ ကမ္ဘာတစ်ခု ဖြစ်လာတဲ့အထိ မျှော်မှန်းပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေပိုပြီး သတိပြုလာအောင်၊ လိုက်ပါဆောင်ရွက်လာအောင် တိုက်တွန်းအားပေးသွားဖို့ ရည်ရွယ်ထားပါတယ်။
အခုလို ခက်ခဲနေရတဲ့ ကာလမှာ အမျိုးသမီးလုပ်ငန်းရှင်တွေရဲ့ သြချလောက်စရာ ကြံ့ကြံ့ခံနိုင်စွမ်းက နေ့စဉ် နေ့တိုင်း လေးစားအတူယူစရာပါ။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နဲ့ မတ်လ တစ်လလုံး အာရှပစိဖိတ်ဒေသတလွှားက အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ကြံ့ခိုင်မှုကို ထုတ်ဖော်အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မတ်လအတွင်း Meta ရဲ့ လူမှုအသိုင်းအဝိုင်းတွေကနေ ကိုယ်နှစ်သက်ရာ အမျိုးသမီး ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအကြောင်း ကိုယ့်အကောင့်ထဲကသူတွေသိအောင် မျှဝေပေးဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပြီး တစ်ခြားသူတွေကိုလည်း သူတို့နှစ်သက်တဲ့ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအကြောင်း ပြောပြပေးကြဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

Photo Source fbmyanmarpress@fb.com

နောက်ဆုံးအနေနဲ့ အခုလို လေးစားအတုယူဖွယ်ရာ စံပြပုဂ္ဂိုလ်တွေ၊ စိတ်ခွန်အားဖြစ်စရာ အကြောင်းအရာတွေကနေတစ်ဆင့် အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ကြံ့ခိုင်မှုကို ထုတ်ဖော်အသိအမှတ်ပြုကြဖို့ လိုအပ်တယ်လို့ Meta က လက်ခံယုံကြည်ထားပါတယ်။ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို အများဆုံးခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲက တစ်ချို့ဟာ အမျိုးသမီး အများစု လုပ်ကိုင်ကြတဲ့ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဖက်ရှင်နဲ့ လက်လီရောင်းဝယ်မှု နယ်ပယ်တွေ အပါအဝင်ပါပဲ။
ဒီနယ်ပယ်တွေထဲက လုပ်ငန်းအများစု ပိတ်သိမ်းလိုက်ရတာကြောင့် အမျိုးသမီးတွေဟာ အရင်အလုပ်နဲ့ အဆက်အစပ်မရှိတဲ့ တခြား လုပ်ငန်းနယ်ပယ်သစ်တွေကို ကူးပြောင်းလာရပါတယ်။ အမျိုးသမီးတစ်ချို့ဆိုရင် လုပ်ငန်းနယ်ပယ်သစ်မှာ ရုန်းကန်နေရရုံသာမက အိမ်ကနေ အလုပ်လုပ်ရတဲ့ တာဝန်၊ မိသားစုကို စောင့်ရှောက်ရတဲ့ တာဝန်တွေ ပိုလာတာကြောင့် တစ်နေ့၊ တစ်နေ့ အဆင်ပြေပြေ စီမံခန့်ခွဲနိုင်ဖို့ ပိုပြီး ကြိုးစားအားထုတ်နေရပါတယ်။
ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကတော့ လုပ်ငန်းဖွဲ့စည်းမှု၊ ငွေရေးကြေးရေး၊ သိနားလည်မှု၊ စိတ်ဓာတ်ခွန်အား စတဲ့ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အပိုင်းတွေအားလုံး တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ အလိုအပ်ဆုံးဖြစ်နေတဲ့ အချိန်လို့ဆိုနိုင်ပါတယ်။ Meta အနေနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ စီးပွားရေးကဏ္ဍအတွက် အမျိုးသမီးများ ဦးဆောင်တဲ့ လုပ်ငန်းတွေပါဝင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ ဒီလို ရေရှည်ရပ်တည်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ဖို့ဆိုတာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ မူဝါဒချမှတ်သူတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးရဲ့ စုပေါင်းအင်အားနဲ့ အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းတွေကို သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပေါ်မူတည်ပြီး တိုးတက်လာအောင်၊ လိုက်လျောညီထွေဖြစ်အောင်၊ ဖြေရှင်းကျော်လွှားနိုင်အောင် ကူညီပေးနိုင်မှုအပေါ် မူတည်နေပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးကဏ္ဍ ပြန်လည်ဦးမော့လာစေဖို့ ကြိုးစားနေကြတဲ့အချိန်မှာ အမျိုးသမီး ဦးဆောင်တဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ မကျန်ခဲ့ဖို့ အထူး အရေးကြီးပါတယ်။ ဒီလို အရည်အချင်း ပြည့်ဝတဲ့ လုပ်ငန်းဦးဆောင်သူဟာ ဆက်ပြီး ရှင်သန်တိုးတက်လာစေဖို့ အထောက်အပံ့ဖြစ်စေတဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ အခွင့်အလမ်းတွေနဲ့ ထိုက်တန်သူတွေပါပဲ။
ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ Meta ကနေ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကနေ ဝယ်ယူအားပေးကြဖို့ နှိုးဆော်တိုက်တွန်းပေးသွားမယ့် BuyFromHer ကမ်ပိန်းကို မိတ်ဆက်လိုက်ပါတယ်။ ဒီကမ်ပိန်းမှာ Meta ရဲ့ ပလက်ဖောင်းတွေကတစ်ဆင့် အာရှပိစိဖိတ်ဒေသတစ်လွှားက အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်အောင် အားပေး သွားမှာ ဖြစ်ပါတယ်။