Meta ဆိုသည့်အမည်ဖြင့် လူမှုနည်းပညာကုမ္ပဏီတစ်ခု စတင်မိတ်ဆက်

Meta ကုမ္ပဏီသည် လက်ရှိတွင် Meta ဆိုသည့်အမည်ဖြင့် လူမှုနည်းပညာကုမ္ပဏီတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
“လက်ရှိအချိန်အထိ ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့တာတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး နောက်ထပ် ဖန်တီးမယ့်အရာတွေအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ ဒီနေ့လက်ခံထားကြတဲ့ ဖြစ်နိုင်ခြေတွေထက်ပိုတဲ့ ဘောင်ခတ်ထားတဲ့ ဖန်သားပြင်တွေကို ကျော်လွန်ပြီး၊ အကွာအဝေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျွန်တော်တို့ ကျော်လွန် ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် လူတွေအားလုံး တစ်ဦးနဲ့တစ်ဦး အတူတကွ ရှိနေတယ်လို့ ခံစားရပြီး အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်၊ အသစ်အဆန်းတွေကို တွေ့ကြုံခံစားနိုင်တဲ့ အနာဂတ်တစ်ခုဆီ လျှောက်လှမ်းနေပါပြီ။ ဒါက ကုမ္ပဏီတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ အနာဂတ်ဆိုတာထက် ကျွန်တော်တို့ အားလုံး အတူတူ ဖန်တီးထားတဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာပါ ဟု Mark Zuckerberg မှပြောကြားပါတယ်။

Photo Source fbmyanmarpress@fb.com

“လက်ရှိအခြေအနေမှာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်က ထုတ်ကုန်တစ်ခုတည်းမှာပဲ အကုန်လုံးသွားပြီး ချိတ်ဆက်နေသလို ဖြစ်နေပါတယ်။ အနာဂတ်ကို ထည့်မတွက်ထားရင်တောင် ဒီနေ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အရာအားလုံးကို ဒီတစ်ခုတည်းနဲ့ ကိုယ်စားပြုဖို့ မဖြစ်နိုင်ပါဘူး။ အချိန်ကြာလာတဲ့အခါ ကျွန်တော်တို့ကို metaverse ကုမ္ပဏီတစ်ခုအနေနဲ့ မြင်ပေးကြဖို့ မျှော်လင့်ပြီး ရှေ့ဆက် ကျွန်တော်တို့ ဖန်တီးတည်ဆောက်သွားမယ့် အရာတွေအပေါ် အလုပ်နဲ့ သက်သေပြသွားချင်ပါတယ်” ဟု Mark Zuckerberg ဆက်လက်ပြောကြားသည်။
Meta ဆိုတဲ့ နာမည်ကို အားလုံးထက်ကျော်လွန်သော ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနာမည်က ယနေ့ ဒစ်ဂျစ်တယ် ချိတ်ဆက်မှုတွေရဲ့ ဖြစ်နိုင်ခြေကို ကျော်လွန်တဲ့ လူမှုဆိုင်ရာ နည်းပညာတွေ ဖန်တီးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေမှာ ဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ကုမ္ပဏီအမှတ်တံဆိပ်အသစ်ကို ကိုယ်စားပြုမယ့် လိုဂိုပုံစံနဲ့ အရောင်အသစ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ လိုဂိုပုံစံက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုသမိုင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြာရောင် အနုအရင့်တွေနဲ့ ပုံဖော်ထားပါတယ်။ လိုဂိုကို 3D ပုံစံ ရေးဆွဲဖန်တီးထားတာကြောင့် metaverse ထဲမှာ ပတ်ပတ်လည် ရွေ့ကြည့်နိုင်ပြီး အမှန်တကယ် အသက်ဝင်လှုပ်ရှားနေတဲ့ ခံစားမှု အတွေ့အကြုံကို ရရှိစေမှာပါ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Photo Source fbmyanmarpress@fb.com

“metaverse ဆိုတာ ဒီနေ့ခေတ်ရဲ့ အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလို့ ခံစားရမှာဖြစ်ပြီး တစ်ခါတလေ သုံးဘက်မြင်ပုံရိပ်အဖြစ်၊ တစ်ခါတစ်လေ အပြင်မှာ တစ်ကယ်ရှိတဲ့ ပုံရိပ်တွေနဲ့ ပေါင်းစပ်မှုအဖြစ် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ metaverse က လူကိုယ်တိုင် အပြင်မှာ အတူမရှိရင်တောင် ပုံရိပ်ယောင်တွေနဲ့ ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး တစ်ခြားသူတွေနဲ့အတူတူ မျှဝေဆောင်ရွက်နိုင်၊ ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့အရာတွေကို အားလုံးအတူတူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ လူမှုရေးနည်းပညာတွေ အများကြီးရှိတဲ့အထဲက နောက်ဆုံးပေါ် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကဏ္ဍအသစ်တစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ metaverse အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်မှတ်ချက်ကို တည်ထောင်သူမှာတမ်း မှာ Mark က မျှဝေပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Meta ကုမ္ပဏီသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြောဆိုရာတွင်၊ လူမှုအဖွဲ့အစည်းများ ရှာဖွေရာတွင်၊ စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရာတွင် ကူညီပံ့ပိုးပေးနိုင်သော နည်းပညာများ ဖန်တီးတည်ဆောက်လျက် ရှိပါသည်။ ၂၀၀၄ ခုနှစ်တွင် Facebook စတင် မိတ်ဆက်ပြီးသည့်နောက်ပိုင်း လူတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်သည့်ပုံစံ ပြောင်းလဲသွားခဲ့သည်။ Messenger ၊ Instagram နှင့် WhatsApp ကဲ့သို့သော အက်ပလီကေးရှင်းများမှာ ကမ္ဘာတစ်ဝန်းရှိ ဘီလီယံပေါင်းများစွာအတွက် ဝန်ဆောင်မှုပေးလျက် ရှိသည်။ ယခုအခါ Meta သည် ရိုးရိုး ဖန်သားပြင်ကို ကျော်လွန်ပြီး ပုံရိပ်ယောင်များ၊ ပုံရိပ်အစစ်နှင့် ပုံရိပ်ယောင် ပေါင်းစပ်မှု အတွေ့အကြုံများဖြင့် လူမှုဆက်ဆံရေး နည်းပညာနယ်ပယ်အတွင်း တစ်ခေတ်ဆန်းစေမည့် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုများကို ဖန်တီးတည်ဆောက်နိုင်ရန် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်းသိရသည်။