အများပြည်သူသယ်ယူပို့ဆောင်ရေး YBS အတွက် လမ်းညွှန်မိုဘိုင်းလ်အပလီကေးရှင်းများ

Image Source: https://play.google.com/store/apps

မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ရန်ကုန်မြို့တော်ကြီးမှာ ယခုနှစ်ဇန်န၀ါ ရီလ(၁၆)ရက်နေ့ကစတင်ပြီး ဘတ်စ်ကားလမ်းကြောင်းတွေအားလုံး အပြောင်းအလဲဖြစ်ခဲ့တယ်။ ဘတ်စ်ကားကုမ္ပဏီတွေအများစုကို Yangon Bus Service (YBS) ဆိုတဲ့ ခေါင်းစဉ်အောက်မှာထားပြီး၊ ယခင်ကရှိခဲ့တဲ့ လမ်းကြောင်းပေါင်း(၃၀၀)လောက်ကို (၈၀)လောက်အထိလျော့ချပြီး အသစ်တဖန်ပြေးဆွဲစေခဲ့တယ်။ အဲ့ဒီလိုဘတ်စ်ကားလိုင်းများ ပြောင်းလဲမှုအစမှာ ခရီးသည်အများစုကတော့ မိမိတို့ခရီးအတွက် ဘယ်ကားစီးရမယ်ဆိုတာ အခက်အခဲဖြစ်လို့နေပါလိမ့်မယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူသုံးများတဲ့ YBS လမ်းညွှန်အပလီကေးရှင်းလေးတွေကို ဖော်ပြပေးသွားပါမယ်။

39 Bite Pu – Yangon Bus Guide

ပထမဆုံးအနေနဲ့  39 Bite Pu(Yangon Bus Guide) ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီအပလီကေးရှင်းကို သုံးဖို့အတွက်  ပထမဆုံးအနေနဲ့ အင်တာနက်လိုင်းဖွင့်ဖို့ လိုအပ်ပါလိမ့်မယ်။ မိမိသွားလိုတဲ့လမ်းကြောင်းများကို မှတ်တိုင်အမည်တွေနဲ့တကွ ရှာဖွေနိုင်ပါတယ်။ ထို့ပြင်အခြားသောရွေးချယ်နိုင်သော လမ်းကြောင်းများရှိလျင်လည်း ဖော်ပြပေးပါသေးတယ်။ ယာဉ်လိုင်းတစ်ခုစီရဲ့ ခရီးစဉ်များကိုမှတ်တိုင်များနှင့်တကွ အသေးစိပ်ဖော်ပြပေးထားပြီး၊ GPS စနစ်များလည်းပါ၀င်ကာ ဇော်ဂျီနှင့်ယူနီကုဒ်နှစ်မျိုးစလုံးနှင့် အသုံးပြုနိုင်ပါတယ်။ ဒီအပလီကေးရှင်းကို Google Play Store မှာ အခမဲ့ဒေါင်းယူနိုင်ပါတယ်။

App link: https://play.google.com/store/apps/details?id=com.ygnpublictransit

Yangon Bus (YBus)

ဒုတိယတစ်ခုအနေနဲ့  Yangon Bus (YBus) ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီအပလီကေးရှင်းလေးမှာလည်း ခရီးသွားများအဆင်စေဖို့ လိုအပ်ချက်တွေ အစုံအလင် ထည့်သွင်းဖော်ပြထားပါတယ်။ မိမိသွားလိုတဲ့ခရီးအတွက် လမ်းကြောင်းရှာဖွေရာတွင် မှတ်တိုင်ဖြင့်သော်လည်းကောင်း၊ ယာဉ်လိုင်းနံပါတ်ဖြင့်သော်လည်းကောင်း လွယ်ကူစွာရှာဖွေနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် GPS စနစ်ကိုသုံးပြီး မိမိရောက်ရှိနေသော နေရာအနီးတွင်ရှိသော ဘတ်စ်ကားမှတ်တိုင်များကိုလည်း ရှာဖွေနိုင်ပါသေးတယ်။ YBS နှင့်သက်ဆိုင်သော သတင်းအချက်အလက်များကိုလည်း ဖော်ပြပေးထားပြီး အင်တာနက်လိုင်းဖြင့် အသုံးပြုရမည်ဖြစ်သည်။

App link: https://play.google.com/store/apps/details?id=com.searchmyanmar.yangonbus

Yangon Bus Service Official

ဒီတခါမှာတော့ Yangon Bus Service Official ဆိုတဲ့ လူသုံးအများဆုံး အပလီကေးရှင်းလေးကို ဖော်ပြပေးသွားပါမယ်။ ဒီအပလီကေးရှင်းလေးကတော့ YBS လမ်းကြောင်းအားလုံးရဲ့ တစ်ခုချင်းစီကို မြေပုံအညွှန်းနဲ့တကွ ကြည့်ရှနိုင်မှာဖြစ်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်များအပြင် မှတ်တိုင်တစ်ခုချင်းစီကို ဖြတ်သွားသော ယာဉ်လိုင်းများရဲ့ခရီးစဥ် အစကနေအဆုံးထိအောင် အသေးစိပ် ဖော်ပြပေးထားပါသေးတယ်။  GPS စနစ်အပြင် မိမိသွားလိုတဲ့ခရီးအကွာအ​​​ေ၀းကိုလည်း တွက်ချက်နိုင်ပါသေးတယ်။ ဒီအပလီကေး:ရှင်းကိုလည်း အင်တာနက်လိုင်းနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

App link: https://play.google.com/store/apps/details?id=mm.technomation.yangonbus

Yangon Bus Service (Offline)

နောက်ဆုံးတစ်ခုအနေနဲ့ အင်တာနက်လိုင်းဖွင့်စရာမလိုတဲ့ Yangon Bus Service (Offline) ဆိုတဲ့ အပလီကေးရှင်းလေးကို ဖော်ပြပေးပါမယ်။ ဒီအပလီကေးရှင်းကတော့ Offline ဖြစ်တာနဲ့အညီ အခြားသောအပလီကေးရှင်းတွေထက် အားနည်းချက်တော့ အနည်းငယ်ရှိနေပါတယ်။ မိမိသွားလိုတဲ့ ခရီးရဲ့ယာဉ်လိုင်းနံပါတ်တွေကို တိုက်ရိုက်ရှာဖွေလို့ မရခြင်းပဲဖြစ်ပါတယ်။ ယာဉ်လိုင်းတစ်ခုစီရဲ့ ခရီးစဉ်အစအဆုံးအတွင်း ပါ၀င်နေသော မှတ်တိုင်တွေကိုတော့ ဖော်ပြပေးထားပါတယ်။ မြို့နယ်တစ်ခုချင်းစီအတွင်း ဖြတ်သန်းသွားတဲ့ ယာဉ်လိုင်းနံပါတ်တစ်ခုစီကို ဖော်ပြပေးရုံပါပဲ။ ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့သွားလာရေးများ အဆင်ပြေစေဖို့ YBS လမ်းညွှန်အပလီကေးရှင်းလေးတစ်ခုကိုတော့ ဖုန်းထဲထည့်ထားဖို့ တိုက်တွန်းချင်ပါတယ်။

App link: https://play.google.com/store/apps/details?id=com.kzlmycodes.codezillion.yangonbus