MPT မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် ဖုန်းငွေဖြည့်ကတ်များလှူဒါန်း

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် တစ်နိုင်ငံလုံးရှိ ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အရေးပေါ်တာဝန်များကို ဆောင်ရွက်နေသူများ၊ ကျန်းမာရေးစင်တာများ၊ စောင့်ကြည့်လူနာ များထားရှိရာ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော စင်တာများနှင့် စေတနာ့ဝန်ထမ်းများကို ဆက်သွယ်ရေးနှင့် အရေးပါသည့် အထောက်အပံ့ကောင်းများကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဆက်လက်ပြီးကူညီ ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေရသူများနှင့် တစ်ညီတစ်ညွတ်တည်း ရှိနေသည်ကို ပြသသည့်အနေဖြင့် MPT က စုစုပေါင်း ငွေကျပ် သိန်းတစ်ရာ တန်ဖိုးရှိ MPT ဖုန်းငွေဖြည့်ကတ် ၁၀,၀၀၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီများမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၈)နေရာရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသောစင်တာများသို့ လှူဒါန်းခဲ့သည်။ COVID-19 နှင့် သက်ဆိုင်သော ကန့်သတ်ချက် အချို့ကို မကြာသေးမီက ဖြေလျှော့ရုတ်သိမ်းပေးခဲ့သော်လည်း နိုင်ငံရပ်ခြားမှ မိမိနိုင်ငံသို့ ပြန်လာသူများအကြား ရောဂါကူးစက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသော စင်တာများတွင် စောင့်ကြပ်ကြည့်ရှုပေး နေရသည့် ဆောင်ရွက်ချက်များ များပြားနေဆဲဖြစ်ပါသည်။

Photo Source https://www.facebook.com/mptofficialpage

“ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ အတူတကွရပ်တည်လျက်ရှိပြီး အခုလို ခက်ခဲတဲ့အချိန်ကာလအတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့အခုလို ကူညီထောက်ပံ့မှုတွေ ကိုလည်း ပေးအပ် နေပါတယ်။ အခုလိုလှူဒါန်းခဲ့တဲ့ ဖုန်းငွေဖြည့်ကတ်လှူဒါန်းမှုနဲ့အတူ အသွားအလာကန့်သတ် ဆောင်ရွက်ထားတဲ့နေရာတွေမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်း တွေနဲ့ စောင့်ကြည့်လူနာတွေအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာမှာ ပိုမိုအဆင်ပြေ ကောင်းမွန်စေချင်ပါတယ်။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုရှိစေဖို့ သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ စွန့်စားပြီး မမောနိုင် မပန်းနိုင်အလုပ်တာဝန်ထမ်းဆောင်နေကြရတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ COVID-19 ရဲ့ သက်ရောက်မှုကိုခံရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အတူတကွ ကြိုးပမ်းရာမှာ ပါဝင်လျက်ရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ ဆေးရုံတွေ (သို့မဟုတ်) လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းအားလုံးကိုလည်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးစွမ်းသွားဖို့ ဆန္ဒပြုချင်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya က ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

MPT အနေဖြင့် နိုင်ငံတစ်ဝန်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အားထုတ်ဆောင်ရွက်ရာ၌ အမျိုးမျိုးသော ဆောင်ရွက်မှုများဖြင့် ပူးပေါင်းပါဝင်လျက်ရှိသည်။ MPT သည် မကြာသေးမီက သုံးစွဲသူ အများပြည်သူတို့၏ SMS(စာတို) ပေးပို့လှူဒါန်းခြင်း အစီအစဉ်မှတစ်ဆင့် စေတနာထက်သန်စွာ ပါဝင်လှူဒါန်း ခဲ့သော လှူဒါန်းငွေနှင့်အတူ MPT ၏ အလှူအဖြစ် ငွေကျပ် သိန်း ၁,၀၀၀ ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ MPT သည် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေး ဆိုင်ရာ အထောက်အပံ့ကောင်းများအဖြစ် ဖောင်ကြီး COVID-19 Medical Center အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသော နေရာများနှင့် ကုသရေးစင်တာများသို့ ဖိုင်ဘာအင်တာနက် အခမဲ့ ချိတ်ဆက်ပေးခြင်း နှင့် အော်တိုတယ်လီဖုန်း လိုင်းများ ကိုလည်း တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။

Photo Source https://www.facebook.com/mptofficialpage

ထို့အပြင် MPT သည် သတင်းအချက်အလက်များကြည့်ရူနိုင်မည့် ဝက်ဘ်ဆိုက် (၆)ခုသို့ဒေတာ အသုံးပြုမှု အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ ‘စောစောရှာ’ အက်ပ်ကို ဒေတာအခမဲ့ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးခြင်း၊ သုံးစွဲသူများအတွက် ဒေတာအပိုဆုများ နှင့် ဖုန်းခေါ်ဆိုခွင့် အထူးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ COVID-19 ရောဂါဆိုင်ရာ ပညာပေးစာတို (SMS) ပေးပို့ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများ ၊ COVID-19 ဆိုင်ရာ မေးမြန်းခြင်းဌာနနှင့် နိုင်ငံတစ်ဝန်းမှ COVID-19 ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအစီအစဉ်အတွက် ဖုန်းလိုင်းများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage တွင်သော်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။