Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ရန် MPT မှ ပံ့ပိုး

ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၆ လတာ အခမဲ့ဒေတာအသုံးပြုခွင့်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီး ကာကွယ်နိုင်ရန် အတွက် ကမ္ဘာအဝှမ်းရှိအခြားနိုင်ငံများကဲ့သို့ ပြင်းထန်သော စီမံဆောင်ရွက်မှုများထားရှိခဲ့ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများပိတ်ထားရခြင်းကြောင့် ပညာရေးကဏ္ဍ ကိုလည်း များစွာထိခိုက်စေခဲ့သည်။

Photo Source https://www.mpt.com.mm

ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို သိသိသာသာ မြန်ဆန်စွာတိုးတက်စေရန် အခြေခံပညာ ကျောင်းများအတွက် သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစနစ်သစ်ကို ပြောင်းလဲ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ၄ တန်း၊ ၇ တန်း နှင့် ၁၀ တန်းများ၏ သင်ရိုးညွှန်းတမ်းသစ်များကို ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် ပြောင်းလဲသင်ကြား သွားမည်ဖြစ်သည်။
သင်ရိုးညွှန်းတမ်းအသစ်များ အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာဆရာ/ဆရာမများ ကို မူလက နွေရာသီကျောင်းပိတ်ရက်အတွင်း သင်ကြားမှုစနစ်အား တိကျခိုင်မာစွာ လေ့လာကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက် ထားခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် အဆိုပါအစီအစဉ်မှာ နှောင့်နှေးသွားခဲ့ပြီး တစ်ဦီးနှင့်တစ်ဦီးနီးကပ်ထိတွေ့ရသည့်ပုံစံ သင်တန်းအစီအစဉ်များကို ပြုလုပ်မည့်အစား ဆရာ/ ဆရာမများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်းသို့ လွယ်ကူစွာဝင် ရောက်ကြည့်ရှုပြီး အဆက်အသွယ် အချိတ်အဆက်မပြတ်ဘဲ သင်ရိုးသစ်သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် အဝေး ရောက်လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

Photo Source https://www.mpt.com.mm

ဆရာ/ ဆရာမများအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင်စတင်ကာ ၎င်းတို့၏ သင်တန်းအစီအစဉ်များကို MDEP Website (http://mdep.moe.edu.mm) တွင် ၆ လစာ အခမဲ့ ဒေတာအသုံးပြုခွင့်နှင့်အတူ မိမိတို့နေအိမ်မှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်သည်။
“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ၏ သက်ရောက်မှုဒဏ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ပညာရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်း Myanmar Digital Education Platform (MDEP) ကို အသုံးပြုခြင်းဖြင့် လေ့လာသင်ယူမှု‌တွေကို ကွာဟမှုမရှိစေဘဲ နည်းနိုင် သမျှနည်းအောင် လွယ်ကူချောမွေ့စေမယ့် စနစ်တစ်ခုကို ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုလာပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပညာရေးရဲ့အခန်းကဏ္ဍ နဲ့ လက်ဆင့်ကမ်းပညာပေးသူတွေရဲ့ အရေးပါမှုကို နားလည် သဘောပေါက်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခုလိုကာလမှာ အိမ်မှာပဲနေနေရတဲ့ တစ်နိုင်လုံးမှာရှိတဲ့ ဆရာ/ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းသို့ အင်တာနက် ဒေတာအခမဲ့ အသုံးပြုခွင့် ၆လစာ ကို ပံ့ပိုးကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေအနေနဲ့ နောက်ထပ် စာသင်နှစ်သစ် မရောက်ခင်အထိ ထိရောက်တဲ့ သင်ကြားမှုဆိုင်ရာအရင်းအမြစ်တွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားနိုင်ပြီး အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်စေဖို့ အခုလိုမျိုး တစ်မူထူးခြားတဲ့ သင်ထောက်ကူ နည်းပညာအခွင့်အလမ်းကို အပြည့်အဝ အသုံးချနိုင်မှာပဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး မှ ဒုတိယ အရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင် မှ ပြောကြားသည်။

Photo Source https://www.mpt.com.mm

ပညာ‌ရေးကဏ္ဍကို ထောက်ပံ့ရာတွင် သူနာပြုကျောင်းများနှင့် တက္ကသိုလ်များအကြား ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်မျှဝေမှု ပိုမိုကောင်းမွန်လာစေရန်အတွက် MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသင်တန်းကျောင်းများတွင် လိုအပ်သော ဖိုင်ဘာ အင်တာနက်သွယ်တန်းမှု အထောက်အပံ့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ MPT သည် ၂၀၁၈ ခုနှစ်မှစ၍ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာဒေသပေါင်း ၅၀၀ ကျော်သို့ အင်တာနက် အခမဲ့အသုံးပြုနိုင်ရန် ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ပြီဖြစ်သည်။
အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။