အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ဝန်ဆောင်ခပေးရန်မလိုဘဲ MPT Ballone App တွင် တိုက်ရိုက်ကြည့်ရှုနိုင်

မြန်မာနိုင်ငံ၏ အော်ပရေတာတစ်ခုဖြစ်သည့် MPT သည် ၂၀၁၉-၂၀၂၀ ရာသီသစ် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို မြန်မာ ဘောလုံးချစ်ပရိသတ်များ မိုဘိုင်းလ်ဖုန်းပေါ်မှ ဝန်ဆောင်ခပေးရန်မလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် SkyNet နှင့် “Official Telecom Partner” အဖြစ် လက်တွဲဆောင်ရွက်လိုက်ပြီဖြစ်ပြီး MPT Ballone App တွင်တိုက်ရိုက်ကြည့်ရှုနိုင် ပြီဖြစ်ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

ထိုကဲ့သို့တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်စတင်ကာ MPT သုံးစွဲသူများအားလုံးကြည့်ရှု နိုင်ပြီဖြစ်ပြီး အဆိုပါအစီအစဉ်နှင့်ပတ်သက်၍လည်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Pan Pacific Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

SkyNet နှင့် ပူးပေါင်းဆောင်ရွက်မှုအရ MPT သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို MPT မိုဘိုင်းလ်ကွန်ရက်မှတစ်ဆင့် ‘MPT Ballone’ အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် SkyNet Sports-6 သီးသန့်ရုပ်သံလိုင်း ကို ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အက်ပလီကေးရှင်းပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် SkyNet ၏ EPL အစီအစဉ်များမှ ပြီးခဲ့သည့် ပွဲစဉ်များနှင့် ပွဲစဉ်သုံးသပ်ချက်၊ တစ်ပတ်တာ အကောင်းဆုံး သွင်းဂိုးနှင့် ဂိုး highlight စသည်တို့ကိုလည်း MPT VoD ဝန်ဆောင်မှုမှတစ်ဆင့်ထပ်မံကြည့်ရှုခံစားကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
MPT Ballone App အသုံးပြုပုံမှာလည်းအောက်ပါအတိုင်းဖြစ်ပါသည်။

Photo Source By Myanmar Tech Press

အဆင့် (၁) Google Play မှ MPT Ballone စကားလုံးကိုရိုက်နှိပ်ရှာဖွေကာ ထည့်သွင်းနိုင်ပါသည်။ (သို့မဟုတ်) သုံးစွဲသူများ အနေဖြင့် *2020# ကိုဖုန်းခေါ်ဆိုကာ links ကိုလည်း ရယူနိုင်မည်လည်းဖြစ်သည်။
အဆင့် (၂) : App ကိုဖွင့်ကာ ကြည့်ရှုလိုသောပွဲစဉ်သို့မဟုတ် channel ကိုရွေးချယ်ရပါမည်။ MPT Ballone App သည် MPT မိုဘိုင်းလ်ကွန်ရက်တစ်ခုတည်းမှသာ ရယူနိုင်မည်လည်းဖြစ်သည်။
“ဒီနေ့မှာ ကျွန်တော်တို့ဟာ မြန်မာဘောလုံးပရိသတ်အားလုံးအတွက် ကျွန်တော်တို့ရဲ့ အံ့အားသင့်လောက်စရာ ဝန်ဆောင်မှုအသစ်ကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ‘MPT Ballone App’ ကတစ်ဆင့် EPL ပွဲစဉ်အားလုံးကို စတင် ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ MPTရဲ့ မိုဘိုင်းလ်ကွန်ရက်ကတစ်ဆင့် ပွဲစဉ်တွေကို ဝန်ဆောင်ခပေးဖို့မလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ အတွက်လည်း တစ်မူထူးခြားတဲ့ ဝန်ဆောင်မှုအသစ်ကို ပေးအပ်ခဲ့တာကြောင့် သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda က ပြောကြားသည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) ကို တကယ့်ကိုစွဲလမ်းအားပေးတဲ့ ပရိသတ်တွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အခုလို MPT နဲ့အတူ အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံတစ် ဝန်းက ဘောလုံးချစ်သူပရိသတ်တွေ EPL ရာသီသစ်ကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ကြည့်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်လိုက်နိုင်ခဲ့ပါပြီ” ဟု ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်မှ၊ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းမှ ပြောကြားသည်။ အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် MPT အသုံးပြုသူများသည် ဝန်ဆောင်ခပေးစရာမလိုဘဲ မိုဘိုင်းလ်ဖုန်းပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်ရန်နှင့် VoD ဝန်ဆောင်မှုကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး iOS app ကိုလည်း မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။