MPT ဆင်းကတ်များ ၂၀၂၀ မေလ ၃၀ ရက်အထိမှတ်ပုံတင်ထားခြင်းမရှိပါက အဝင်ဖုန်းလက်ခံခြင်းသာအသုံးပြုနိုင်မည်

၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်  မှစပြီး ဆင်းမ်ကတ် (၂) ကတ်ထပ်ပို၍ မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ နှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များသည် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပဲ Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်းလက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ သို့သော် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ် သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို ဝယ်ယူပြီးချိန်မှစ၍ မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အနေဖြင့် ပြည့်စုံမှန်ကန်သောအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြီးမြောက်သေးသော သုံးစွဲသူများအား သတ်မှတ်ထားသော နောက်ဆုံး ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့မတိုင်မီ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များ ဖြင့် စာရင်းသွင်းလုပ်ဆောင်ကြရန် အလေးအနက်ထားကြရန်လည်း ထုတ်ပြန်ထားသည်။

Photo Source https://web.facebook.com/mptofficialpage/

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် မြန်ဆန်ပြီးလွယ်ကူသော လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပြီး  *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှလည်းကောင်း သတ်မှတ်ထားသော နည်းလမ်းများ မှတစ်ဆင့် အခမဲ့စာရင်းသွင်း မှတ်ပုံတင်နိုင်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် ပြည့်စုံမှန်ကန်သော တရားဝင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား ပြန်လည်စိစစ်ရန် အထူးလိုအပ်ပါသည်။ MPT Ownshop များ နှင့် MPT Branded Shop များ တွင်လည်းပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် MPT သုံးစွဲသူများအားလုံးသည် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 1GB အင်တာနက် ဒေတာအပိုဆုကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှ တစ်ဆင့် အချက်အလက်မှန်ကန်စွာ ပြင်ဆင်၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ် သည်။

ဆင်းမ်ကတ်သည် အထွက်ခေါ်ဆိုမှုပိတ်ထားခြင်း (One Way Blocked) အခြေအနေတွင် ရောက်ရှိနေပါက အထက်တွင် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြု၍ ဆင်းမ်ကတ်များကို အချက်အလက်မှန်ကန်စွာဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်မတိုင်မီ စာရင်းသွင်း မှတ်ပုံတင်မည်ဆိုပါက ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ကာလ အတွင်း (မေလ နှင့် ဇွန်လအတွင်း) အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မပြုလုပ် ထားသည့် ဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

“ပုံမှန်အသုံးပြုနိုင်တဲ့ ဆင်းမ်ကတ်ရဲ့ အရေးပါမှုကို ကျွန်တော်တို့အနေနဲ့ သိရှိနားလည်ပြီး MPT သုံးစွဲသူတွေ အတွက် သူတို့ရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်ရာမှာ အဆက်အသွယ်မပြတ် ရှိစေချင်ပါတယ်။ MPT သုံးစွဲသူအားလုံးအနေနဲ့လည်း ပြည့်စုံမှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို ဖြည့်စွက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ သုံးစွဲသူတွေရဲ့ အိမ်ကနေလည်း မှတ်ပုံတင်လို့ရတဲ့ ရိုးရှင်းတဲ့ အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်လို့ရတဲ့ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက် ပေးထားပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းမ်ကတ်များစွာ ကိုင်ဆောင်ထား သူများကြောင့် မိုဘိုင်းလ်ဖုန်းနံပါတ်များရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် တရားမဝင် ရာဇဝတ်မှုများ ကျူးလွန်ထားသော မသမာသူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာအဝှမ်းရှိ ဆက်သွယ်ရေးအော်ပရေတာများမှ လက်ရှိကျင့်သုံးလုပ်ဆောင်လျက်ရှိသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုများအသုံးပြုရာတွင် မျှော်လင့်မထားသော နှောင့်ယှက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြုသူတိုင်းသည် ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် တိကျသောကိုယ်ရေး အချက်အလက်များနှင့် မှတ်ပုံတင်ရန် အလွန်အရေးကြီးသည်။

MPT SIM Card မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ အောက်ပါ Link များတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

www.mpt.com.mm

http://www.facebook.com/mptofficialpage