Data Science ဘာသာရပ်လေ့လာသူတွေအတွက် မှီခိုအားထားစရာ Myanmar Data Science Education Website (Myanmar Data Science Education Team နှင့်အင်တာဗျူးဆောင်းပါး)

ယနေ့ခေတ် လူငယ်များအတွက် နည်းပညာပိုင်းဆိုင်ရာဘာသာရပ်တွေကို စာတွေ့လေ့လာတဲ့အခါ နည်းပညာပိုင်းဆိုင်ရာ Website တွေကလည်း များစွာအရေးပါလှပါတယ်။ စာတွေ့သက်သက်လေ့လာရတာဆိုပေမယ့် ထိရောက်မှုများစွာရှိစေပါ တယ်။ အဲဒီအတွက်ကြောင့်လည်း နည်းပညာပိုင်းဆိုင်ရာအခမဲ့လေ့လာလို့ရမယ့် Website တွေနေ့စဉ်နဲ့အမျှ တိုးချဲ့ပြုလုပ် လာကြတာပါ။
နည်းပညာပိုင်းဆိုင်ရာလေ့လာနေတဲ့ လူငယ်တွေအတွက် ထွက်ပေါ်လာတဲ့ Website တွေထဲမှာ Myanmar Data Science Education Website လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Myanmar Data Science Website နဲ့ ပတ်သက်ပြီး လူငယ်တွေ ပိုမိုသိရှိစေဖို့အတွက် Myanmar Tech Press Team မှ Myanmar Data Science Website ၏ Myanmar Data Science Admin Tean နှင့် ဆက်သွယ်မေးမြန်းထားသည်များကို အင်တာဗျူးဆောင်းပါးအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/myanmardatascience

Myanmar Data Science Education Website စတင်ခဲ့တာဟာ ၄ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီ Website မှာ Data Science ဘာသာရပ်နဲ့ မြန်မာလိုသင်ကြားတဲ့ ဗီဒီယို သင်ခန်းစာတွေများစွာရှိနေတာလည်းဖြစ်ပါတယ်။
“အခြားနိုင်ငံတွေမှာကျတော့ သူတို့ ဘာသာစကားနဲ့ အခုလို နည်းပညာဘာသာရပ်တွေ လေ့လာဖို့ ရင်းမြစ်တွေ အများကြီး ရှိတာကို တွေ့ရတယ်၊ ဥပမာ ကျနော်တို့ အိမ်နီးချင်း India ဆိုရင် သူတို့ ဘာသာစကားနဲ့ လုပ်ထားတဲ့ Tutorials တွေ အများကြီးရှိတယ်၊ ကျနော်တို့ မြန်မာတွေကျတော့ အဲဒီဘက်မှ နောက်ကျတာကို တွေ့ရတယ်၊ ဒီအတွက် ကျနော်တို့ မိတ်ဆွေတချို့က အကြံပြုတာပေါ့နော်၊ သာမန်အတွေ့အကြုံမျှဝေတဲ့ အပိုင်းတိုလေးတွေ မျိုး မဟုတ်ဘဲ သင်ရိုးညွန်းတမ်းပုံစံမျိုး စနစ်တကျ ပို့ချနိုင်ရင် အကြိုးရှိမယ်ပေါ့။ ဒါ့ကြောင့် ကျနော်တို့ (၂၀၂၀) ခုနှစ် ဇန်နဝါရီလက စပြီး အပတ်စဉ်နည်းပါး သင်ခန်းစာတွေ ပို့ချခဲ့ပါတယ်”ဟု Myanmar Data Science Education Website မှ Myanmar Data Science Admin Tean မှတာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
လက်ရှိ Website မှာ သင်ကြားရေး Lessons တွေ တင်ပေးထားတာဖြစ်ပြီး လေ့လာလိုသူတွေဘက်က မိမိအတွက် အကျိုးရှိမဲ့၊ မိမိတို့ သင်ယူလိုတဲ့ သင်တန်းကို အားလပ်ချိန်မှာ ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။
“လက်ရှိကျနော်တို့ တင်ဆက်ပြီးဖြစ်တဲ့သင်တန်းတွေကတော့ Data Analysis အပိုင်းကို အထူးပြုထားတဲ့ Data Analysis Series ဆိုတာ သင်ခန်းစာ ၅၈ ခု ပါဝင်ပါတယ်။ Data Science ကို လေ့လာမယ်ဆိုရင် Statistics နဲ့ Programming အပိုင်းကို သိရှိဖို့ လိုတဲ့အတွက် Statistics for Data Science Series နဲ့ Programming for Data Science Series ဆိုပြီး သင်တန်း ၂ ခု တင်ဆက်ပြီးဖြစ်ပါတယ်။ နောက်တခုက GitHub အကြောင်းကို အခြေခံ တင်ဆက်ထားတဲ့ သင်တန်းတိုတခုရှိပါတယ်။ လက်ရှိမှာတော့ Data Visualization ခေါင်းစဉ်ကို Google Data Studio အသုံးပြုပုံနဲ့ လက်တွေ့ လေ့လာနိုင်ဖို့ တင်ဆက်နေတာရှိပါတယ်။ အားလုံး သင်တန်း ၅ခု ရှိပြီး ဖြစ်ပါတယ်”ဟု သူကဆိုပါတယ်။

Photo Source https://www.facebook.com/myanmardatascience

နောက်ပိုင်း Website မှာ Data Science ဘာသာရပ်နဲ့ဆယ်နွယ်တာတွေကို ဆက်လက်ဖော်ပြနေမှာဖြစ်တာကြောင့် လေ့လာလိုသူများအတွက် အင်မတန်အကျိုးရှိစေတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။
Data Science မှာ သင်ခန်းစာအတော်များများကို သီအိုရီနဲ့ လက်တွေ့ဆိုပြီး ခွဲသင်ပေးပါတယ်။ သီအိုရီပြီးတာနဲ့ အသုံးချ ဖို့အတွက် လက်တွေ့အချိန်ပါဝင်ပါတယ်။ ဒါ့အပြင် လေ့လာသူတွေရဲ့ နားလည်မှုကို စမ်းသပ်ဖို့အတွက် လေ့ကျင့်ခန်း ပေးတာမျိုးလည်းရှိပါသေးတယ်။ အချိန်အတိုင်းအတာ ကန့်သတ်ထားတာမျိုး မရှိတဲ့အတွက် မိမိတို့အားတဲ့အချိန် နိုင်သ လောက် လေ့လာနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Data Science အနေဖြင့် App တစ်ခုအဖြစ် ဖန်တီးဖို့အစီအစဉ် မရှိသေးဘူးလို့လည်း သိရပါတယ်။
“သင်တန်းတက်မဲ့သူတွေအတွက်ကတော့ စပြီးရင် ဆုံးအောင်တက်စေချင်ပါတယ်။ အွန်လိုင်းမှာက စလိုက်ပြီး အဆုံးမသတ် နိုင်တာများတယ်။ အဲဒီလိုမျိုး မဖြစ်ပါစေနဲ့ပေါ့နော်၊ ကျနော်တို့လည်း စ/လယ်ဆုံး ကာမိအောင် ကြိုးစားတင်ပြတာ ဖြစ်တဲ့အတွက် အဲဒီအခွင့်အရေးကို အရယူဖို့ တိုက်တွန်းလိုပါတယ်။ နောက်တချက်က ကျနော်တို့ ဒေတာတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအတွက် Data Science ဘာသာရပ်ဟာ IT ဘာသာရပ်၊ စာရင်းအင်းပညာဘာသာရပ် အဆင့်ကနေ ကျော်လွန်သွားပါပြီ။ Sales/Marketing/HR ဘယ်သူမဆို လေ့လာသင့်တဲ့ ဘာသာရပ်ဖြစ်နေပါပြီ။ ဒီဘာသာရပ်ကို တတ်မြောက်အသုံးချနိုင်သူနဲ့ မသိသူဟာ ဘယ်လိုမှ တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အခွင့်ရတုန်း လေ့လာကြပါလို့ အားပေးတိုက်တွန်းလိုပါတယ်”ဟုသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/myanmardatascience