အူရီဒူးမြန်မာဝန်ထမ်းများစုပေါင်းပြီး ဆေးပစ္စည်းကိရိယာများကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ လှူဒါန်း

မြန်မာနိုင်ငံ၏ COVID-19 တွန်းလှန်တိုက်ထုတ်နေမှုကို စဉ်ဆက်မပြတ် ထောက်ပံ့မှုများထဲမှ နောက်ထပ်ပံ့ပိုးမှုတစ်ခု အနေဖြင့် အူရီဒူးမြန်မာဝန်ထမ်းများသည် မိမိတို့၏လစာငွေများထဲမှ အလှူငွေထည့်သွင်းကြ၍ မြောက်ဥက္ကလာပအထွေ ထွေရောဂါကုဆေးရုံကြီးသို့ ဆေးပစ္စည်း ကိရိယာများကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။
ဝန်ထမ်းများ၏ စုပေါင်းအလှူငွေ မြန်မာငွေကျပ်သိန်း၄၃၀ကျော် ရရှိခဲ့ပြီး ဆေးပစ္စည်းကိရိယာများ ဖြစ်သည့် portable ultrasound machine တစ်ခု၊ portable x-ray machine တစ်ခု ၊ defibrillator တစ်ခု နှင့် လူနာတင်လှည်း၃ခုတို့ကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။ portable x-ray နှင့် ultrasound စက်များသည် လူနာကိုရွေ့လျားမှုပြုရန်မလိုအပ်ပဲ ရောဂါအခြေအနေကို စမ်းသပ်စစ်ဆေးရန်ကူညီနိုင်မည်ဖြစ်ပြီး COVIDလူနာကို ရောဂါစမ်းသပ်ရှာဖွေစစ်ဆေးရန် အသုံးဝင်လှပါသည်။ Defibrillator သည် အရေးပေါ်အခြေအနေများတွင် လူ့အသက်များကို ကယ်တင်ရန် အသုံးဝင်ပါ သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကျွန်တော်တို့ အူရီဒူးမြန်မာမိသားစုဝင်တွေ စုပေါင်းအလှူငွေထည့်ဝင်ပြီး အခုလိုမျိုးခက်ခဲနေတဲ့ကာလမှာ မရှိမဖြစ် လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာတွေကို လှူဒါန်းပေးနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ အဆိုပါဆေးပစ္စည်း ကိရိယာ သစ်တွေက ရှေ့တန်းမှတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပိုမိုကောင်းမွန်သောကုသမှုများ ပေးအပ်စေနိုင်ရန် ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး အသက်များကယ်တင်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ယခုလိုလှူဒါန်းမှုဟာ လူမှုအကျိုးပြုတာဝန်ယူမှုရှိတဲ့ တယ်လီကွန်းအော်ပရေတာတစ်ခုအနေနဲ့ အများပြည်သူ အခက်အခဲများနှင့် ရင်ဆိုင်နေရတဲ့ ကာလမှာ မြန်မာပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည် ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ နောက်ထပ်သာဓကတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အူရီဒူးမြန်မာသည် ယခုအောက်တိုဘာလအစောပိုင်းတွင်လည်း တာဝန်ယူမှုရှိသည့် ကော်ပိုရိတ်တစ်ခုအဖြစ် မြန်မာနိုင်ငံကို ထောက်ပံ့ပေးသွားမည်ဆိုသည့် ကုမ္ပဏီ၏ကတိကဝတ် အတိုင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနသို့ လိုအပ်သော ဆေးပစ္စည်းကိရိယာများကို လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာ၏ လူမှုအကျိုးပြုအစီအစဉ်မှ မတည်လှူဒါန်းမှုနှင့် ဝန်ထမ်းများ၏စုပေါင်းလှူဒါန်းမှု စုစုပေါင်း မြန်မာငွေကျပ်သိန်း ၂၁၆၀ ကျော် ရရှိခဲ့ပြီး ရန်ကုန်ပြည်သူဆေးရုံကြီးနှင့် မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးများသို့ လိုအပ်သော ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာအရေအတွက် ၃၉,၆၉၆ ဦး နှင့် သေဆုံးလူနာ ၉၇၂ဦး ရှိခဲ့ပြီး ရန်ကုန်မြို့တွင် အတည်ပြုလူနာအရေအတွက် အများဆုံး ရှိခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

“အူရီဒူးမြန်မာမိသားစုတွေရဲ့ လှူဒါန်းမှုအတွက် ကျေးဇူးအထူး တင်ရှိကြောင်းပြောကြားလိုပါတယ်။ ယခုလိုအလှူမျိုးက အလိုအပ်ဆုံးအချိန်ကာလမှာ လိုအပ်နေတဲ့လူနာတွေကေိုဆေးကုသပေးနိုငဖို့အတွက် အလိုအပ်ဆုံးသောဆေးပစ္စည်းတွေကို လှူဒါန်းပေးတာဖြစ်လို့ ကာလဒါနမြောက်ပါတယ်။ အူရီဒူးမြန်မာမိသားစုရဲ့ စုပေါင်းပံ့ပိုးမှုကို အသိအမှတ်ပြု ချီးကျူးပါတယ်” ဟု မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာဒေါ်ခိုင်ရွှေဝါက ပြောကြားသည်။
အူရီဒူးမြန်မာအနေဖြင့် ဤကမ္ဘာ့ကပ်ရောဂါကြီးစတင်သည့်အချိန်ကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်တားဆီးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီလျက်ရှိပါသည်။ မကြာသေးမီက အူရီဒူးမြန်မာသည် ဒေတာ နှင့် ဖုန်းခေါ်ဆိုမှုအစီအစဉ်များပါဝင်သည့် ဆင်းကတ် ၅၀ ကို COVID-19 လူနာများအား စောင့်ကြပ်ကုသပေးနေသည့် အင်းယားစင်တာသို့ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က လှူဒါန်းခဲ့ သည်။ အဆိုပါဆင်းကတ်များအား ကျန်းမာရေးပညာရှင်များမှ tablets များတွင် ထည့်သွင်းအသုံးပြုပြီး လူနာများကို စမ်းသပ်စစ်ဆေးကုသရန်နှင့် ကျန်မာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးအကြံပြုရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ tablets များကို ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် လူနာများနှင့်ဆက်သွယ်ရန်အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အူရီဒူးမြန်မာသည် ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းဒေသကြီးများတွင် COVID-19 လူနာများအတွက် အခမဲ့လူနာတင် ယာဉ်များဖြင့် ပံ့ပိုးပေးနေသည့် ပရဟိတအဖွဲ့အစည်းများကိုလည်း ဆင်းကတ်များ လှူဒါန်းပေးခဲ့သည်။ ၎င်းလူမှု အကျိုးဆောင် သူများသည် ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအစီအစဉ်များ ပါဝင်သည့် အူရီဒူးဆင်းကတ်များကို ၆လအခမဲ့ဖြင့် လူနာ များနှင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ နှင့်ဆက်သွယ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။