Ooredoo မှ တက္ကသိုလ်နောက်ဆုံးနှစ်နှင့် ဘွဲ့ရခါစ ကျောင်းသားကျောင်းသူများအတွက် ဒစ်ဂျစ်တယ်အလုပ်သင် အစီအစဉ်ကို စတင်ဆောင်ရွက်

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ်နှင့် ဘွဲ့ရခါစ ကျောင်းသား ကျောင်းသူများကို ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်များတွင် လေ့ကျင့်သင်ကြားရန် အခွင့်အရေး‌ပေးအပ်သည့်အနေဖြင့် ဒစ်ဂျစ်တယ် အလုပ်သင်အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ၃လတာ လစာပေးအပ်မည့် အလုပ်သင်အစီအစဉ်သည် ‌မြန်မာနိုင်ငံမှ ထူးချွန်လူငယ်များကို ဒစ်ဂျစ်တယ် နှင့်ဆက်သွယ်ရေးကဏ္ဍများတွင် လိုအပ်သော ကျွမ်းကျင်မှု၊ ဗဟုသုတ နှင့် လုပ်ငန်းအတွေ့အကြုံများရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ၎င်းပါဝင်သူ လူငယ်များသည် ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေးနယ်ပယ်တွင် လုပ်ကိုင် လျက်ရှိသည့် ပြည်တွင်းနှင့်ပြည်ပမှ လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် လက်တွဲလုပ်ဆောင်ခြင်းဖြင့် လက်တွေ့ ဗဟုသုတ များနှင့် လုပ်ငန်းအတွေ့အကြုံများရရှိနိုင်မည် ဖြစ်သည်။
“အူရီဒူးမြန်မာရဲ့ မြန်မာနိုင်ငံရှိမိဘပြည်သူများ၏ ဒစ်ဂျစ်တယ်လူမှုဘဝများပြည့်စုံကောင်းမွန်စေမည် ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့က ပြည်သူတွေကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ ပေးအပ်ရုံသာမက ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးလျက် ရှိပါတယ်။ အူရီဒူးမြန်မာရဲ့ ဒစ်ဂျစ်တယ်အလုပ်သင်အစီအစဉ်ဟာဆိုရင် မျိုးဆက်သစ်လူငယ်တွေကို ဒစ်ဂျစ်တယ်နဲ့ဆက်သွယ်ရေးကဏ္ဍတွေမှာ အတွေ့အကြုံဗဟုသုတွေ ရရှိစေခြင်းဖြင့် ပိုမိုတိုးတက် အောင် ပံ့ပိုးမှုတွေထဲကတစ်ခုဖြစ်ပါတယ်။ အားလုံးအတူတကွ မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်စနစ် ဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် ပုံဖော်တည်ဆောက်ကြပါစို့ ” ဟု အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi မှ ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာသည် ဤအစီအစဉ်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူး‌ပေါင်းဆောင်ရွက်ထားသည်။ အလုပ်သင်အစီအစဉ် ပထမအသုတ်အနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာ တက္ကသိုလ် (ရန်ကုန်)၊ နည်းပညာတက္ကသိုလ် (အင်းစိန်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ) နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (‌ရွှေပြည်သာ) တို့မှ နောက်ဆုံးနှစ်နှင့် ဘွဲ့ရခါစကျောင်းသားကျောင်းသူများမှ လျှောက်ထား နိုင်ရန် ဆောင်ရွက်ခဲ့သည်။
လျှောက်လွှာများပေါ်မူတည်ပြီး ကျောင်းသားကျောင်းသူများကို ရွေးချယ်ရာတွင် ပညာရေးဆိုင်ရာ အောင်မြင်မှုအထောက်အထားများ – ဥပမာ GPA ၃.၅ နှင့်အထက် သို့မဟုတ် ဘာသာရပ်များအားလုံး စုစုပေါင်းရမှတ် ၈၀%နှင့်အထက်ရရှိခြင်း စသည်ဖြင့် ကနဦးအနေဖြင့် စိစစ်တိုင်းတာပါသည်။ ဒုတိယအဆင့်အနေဖြင့် လျှောက်ထား သူများ၏ ဘာသာစကားကျွမ်းကျင်မှု စစ်ဆေးပြီးနောက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိလူကြီးများနှင့် အင်တာဗျူး ဖြေဆိုရပါသည်။ ခန့်ထားနိုင်သော နေရာများပေါ်တွင မူတည်ပြီး ရွေးချယ်ခံရသည့် ကျောင်းသားများသည် မိမိတို့ဝင်ရောက် လုပ်ကိုင်လိုသည့်နေရာဌာန၃ခုကို ရွေးချယ်ခဲ့ကြပါသည်။ ကျောင်းသားတို့၏ စိတ်ဝင်စားသည့် နယ်ပယ်နှင့်ကိုယ်ရေး အချက်အလက်ပေါ်မှုတည်ပြီး ကျောင်းသားများသည် သက်ဆိုင်ရာ သုံးစွဲသူဌာန၊ ဒစ်ဂျစ်တယ်ဌာနနှင့် နည်းပညာဌာနများမှ ခေါင်းဆောင်များနှင့် နောက်ဆုံးအဆင့် အင်တာဗျူး အောင်မြင်အောင် ဖြေဆိုခဲ့ကြရပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

“ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ဖို့က ကျွန်တော့အိပ်မက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအစီအစဉ်မှာပါဝင်လျှောက်ထားခဲ့ပြီး အူရီဒူးမြန်မာမှာ product specialist အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ product specialist တစ်ယောက်ရဲ့ တာဝန်နှင့် ဝတ္တရားတွေကို ပိုမိုလေ့လာသွားမှာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်တာကြောင့် မတူညီတဲ့နောက်ခံမှလာတဲ့ မတူညီတဲ့လူတွေနဲ့ အလုပ်လုပ်ရမှာ အထူးစိတ်လှုပ်ရှားမိပါတယ်” ဟု မှော်ဘီနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားဖြစ်သူ မောင်ဇေယျာလင်းထက်က ပြောကြားသည်။
အလုပ်သင် (၃) လအစီအစဉ်ပြီးပါက ထပ်မံ‌‌ရွေးချယ်ခံရသော ထူးချွန်အလုပ်သင်များကို အူရီဒူးမြန်မာတွင် ၂နှစ်တာ အလုပ် ခန့်အပ်ရင်း ပညာရှင်များအဖြစ် လေ့ကျင့်ပျိုးထောင်ပေးသွားမည့် အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။