မြန်မာပြည်သူများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီ လှူဒါန်းပေးသွားမည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်

မြန်မာနိုင်ငံရှိ ထိပ်တန်းနိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာမှ မြန်မာပြည်သူလူထုအတွက် ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန် ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ကို ဇူလိုင်လ (၁) ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအစီအစဉ်ဖြင့် သုံးစွဲသူများမှ အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုမှုပြုလုပ်သည့်အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ဝင်ငွေထဲမှ ၁ကျပ်စီ လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

Image: Ooredoo

အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများမှ ၁ မိနစ်ပြောတိုင်း အူရီဒူးမှ ၁ ကျပ်လှူပေးသော အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသည့်နေရာများမှ လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်မှစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ဖြင့် အူရီဒူးမြန်မာသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် လူငယ်လေ့ကျင့်ရေး စင်တာများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအလှူငွေများကို လိုအပ်နေသည့်လူမှုအသိုင်းအဝိုင်းများမှ ကလေးများကို အခမဲ့ပညာရေး ဆက်လက်ပံ့ပိုးပေးနိုင်ရန် ပညာရေးဆိုင်ရာ အဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်း၊ ဒစ်ဂျစ်တယ် စင်တာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အအုံဟောင်းများ ပြန်လည်ပြင်ဆင်ခြင်း စသည်ဖြင့် လိုအပ်သည့် နေရာများအတွက် ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

Image: Ooredoo

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ ‌ဒေါ်ထားသန့်ဇင်က “ ဒီကနေ့ကတော့ ကျွန်မတို့အူရီဒူးမြန်မာရဲ့ ၉ နှစ် တာကာလမှာ အကြီးမားဆုံးသော လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကြီးတစ်ခုဖြစ်တဲ့ “၁မိနစ် ၁ကျပ်” အစီအစဉ်ကို ပြန်လည်မိတ်ဆက်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ Corporate Social Responsibility (CSR) ဆိုတဲ့ ကဏ္ဍက ကျွန်မတို့အူရီဒူးမြန်မာမှာ ကဏ္ဍကြီးတစ်ခုအဖြစ် ပါဝင်ပါတယ်။ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို အဓိကထား ပံ့ပိုးပေးလျက်ရှိပါတယ်။ “ပညာမြင့်မှ လူမျိုးတင့်မည်” “ပညာရဲရင့် ပွဲလည်တင့်” “ပညာရွှေအိုး လူမခိုး” စတဲ့ စကားပုံတွေအတိုင်း ပညာရေးဟာ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မတို့တွေအားလုံးရဲ့ တူညီတဲ့ခံယူချက်တွေပါ။ အဲဒါကြောင့် ကျွန်မတို့ ဒီကနေ့ မြန်မာနိုင်ငံတစ်ဝှမ်းက လူမှုအသိုင်းအဝိုင်းတွေအတွက် အကျိုးပြုပံ့ပိုးပေးခဲ့တဲ့ အစီအစဉ်တွေထဲက အထိရောက်ဆုံးဖြစ်ခဲ့တဲ့ ပညာရေးကိုပံ့ပိုးပေးသွားမယ့် “အူရီဒူးကလှူနေမှာ  ၁မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်ကို ပြန်လည်အသက်သွင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့မြန်မာပြည်မှာ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းတွေ၊ သီလရှင်သင် စာသင်တိုက်တွေဟာ ပညာ‌ရေးကဏ္ဍမှာ တော်တော်လေးအရေးပါပြီး ပညာတတ်တွေမွေးထုတ်ပေးနိုင်ဖို့ များစွာအကျိုးပြု လျက်ရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်အစီအစဉ်မှာလည်း ကျွန်မတို့အူရီဒူးက ယခုလိုနေရာတွေမှာ အဓိကထား လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ် “ ဟုပြောကြားသည်။

Image: Ooredoo

အူရီဒူးမြန်မာမှ ဤအစီအစဉ်ဖြင့် ကျောင်းအဆောက်အအုံ ၄၀ အပါအဝင် ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စုစုပေါင်း ၅၁ ခုကို ပံ့ပိုးပေးခဲ့ပြီး နှစ်စဉ် ကျောင်းသားပေါင်း ၃၀,၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပါသည်။ မြန်မာပြည်သူလူထုရဲ့ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန်ရည်ရွယ်ထားသည့် အူရီဒူးမြန်မာအနေဖြင့် အူရီဒူးသုံးစွဲသူ အချင်းချင်း ဆက်သွယ် ပြောဆိုခြင်းများမှတစ်ဆင့် လှူဒါန်းသွားမည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ကို ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။