Prudence Foundation က မြန်မာနိုင်ငံမှ တီထွင်သူများအား ဒုတိယအကြိမ်မြောက် SAFE STEPS D-Tech Awards ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်ဖိတ်ခေါ်

Prudential Myanmar က မြန်မာနိုင်ငံမှ စီးပွားရေးနှင့် နည်းပညာအသိုင်းအဝိုင်းမှ တီထွင်သူများအား SAFE STEPS Disaster Tech (D-Tech) Awards ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်လျက် ရှိကြောင်းသိရသည်။
အဆိုပါဆုများသည် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်ကာလ (သို့မဟုတ်) ဖြစ်ပွားပြီးနောက်တွင် လူအများ၏အသက်ကို ကာကွယ်ပေးနိုင်မည့် နည်းပညာဖြေရှင်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ငွေကြေး အထောက်အပံ့နှင့် အခြားသော ပံ့ပိုးမှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ဒုတိယအကြိမ်မြောက်ကျင်းပသော SAFE STEPS D-Tech Awards အား အာရှနှင့် အာဖရိကနိုင်ငံများတွင် Prudential ၏ ပြည်သူ့အကျိုးပြု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Prudence Foundation က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ (IFRC) ၊ နည်းပညာမိတ်ဖက်အဖြစ် Lenovo တို့နှင့်အတူ စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Photo Source https://www.safesteps.com/d-tech

၂၀၀၀ ခုနှစ်မှစပြီး နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၏ (၄၀) ရာခိုင်နှုန်းကျော်သည် အာရှပစိဖိတ်ဒေသအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်များတွင် လူဦးရေ (၈၀၀,၀၀၀) နီးပါး သေဆုံးခဲ့ပြီး လူဦးရေ (၃.၂) ဘီလီယံအတွက် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက် ရောဂါသည်လည်း အာရှ-ပစိဖိတ် ဒေသတွင်းတွင် လူပေါင်း (၁၁) သန်းကျော်မှ ကူးစက်ခြင်းခံခဲ့ရပြီး အမေရိကန်ဒေါ်လာ (၂.၇) ထရီလီယံကျော် စီးပွားရေးထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည့်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ၏ အရေးပါပုံနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများနှင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းစေရန်အတွက် နယ်ပယ်ကဏ္ဍ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အလွန် အရေးကြီးကြောင်း ပိုမိုသတိပြုမိလာကြသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိစွာ ရပ်တည်နိုင်မှုကို မြှင့်တင်ရာတွင် နည်းပညာ တီထွင်ဆန်းသစ်မှုများသည် အဓိကကျသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်နိုင်မည်ဟု ယုံကြည်မှု နှင့်အတူ Prudence Foundation မှ SAFE STEPS D-Tech Awards ပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲမှာ Prudence Foundation မှ ဖန်တီးထားသည့် ပလက်ဖောင်းအမျိုးမျိုး ပါဝင်ပြီး လူအများကြီးထံ ပျံ့နှံ့ရောက်ရှိနိုင်သော အစီအစဉ်တစ်ခုဖြစ်သည့် SAFE STEPS ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်များတွင် အသက်ကယ်ဆယ်ရေး သတင်းအချက်အလက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ရှေးဦးသူနာပြုစုနည်း ဆိုင်ရာ အချက်အလက်များကို မျှဝေပေးရန် IFRC နှင့် အခြား မိတ်ဖက် အဖွဲ့အစည်းများမှ ပံ့ပိုးကူညီပေးလျက်ရှိသည်။

Photo Source https://www.safesteps.com/d-tech

မြန်မာနိုင်ငံ အပါအဝင် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အဖွဲ့အစည်းများအားလုံးသည် ၎င်းတို့၏ D-Tech နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်များအား အကောင်အထည်ဖော်နိုင်ရန်နှင့် ပိုမို အဆင့်မြှင့်တင်တိုးချဲ့နိုင်ရန် ထောက်ပံ့ပေးနိုင်ရေးတွင် အသုံးပြုသွားမည့် အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) အတွင်း ဆုကြေးငွေများကို ရယူနိုင်ရန် အခွင့်အလမ်းတစ်ခု ရရှိမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်အဆင့် ရွေးချယ်ခံရသူများနှင့် နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများသည် ကျွမ်းကျင်ပညာရှင် များ၏ လမ်းညွှန်သင်ပြပေးမှု အပါအဝင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ရင်းနှီးမြုပ်နှံရေး လုပ်ငန်းများမှ မန်နေဂျာများ၊ အခြားသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်းများမှ developer များနှင့် တွေ့ဆုံပြီး မိမိတို့ စိတ်ကူးများကို ဆွေးနွေးတင်ပြခြင်း၊ အချင်းချင်း မိတ်ဖွဲ့ချိတ်ဆက်နိုင်ခြင်း စသည့် အခွင့်အလမ်း များ ရရှိနိုင်ပါသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို SAFE STEPS D-Tech Awards ဝက်ဘ်ဆိုက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ လက်ခံသွားမည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ် မယူသော NGO အဖွဲ့အစည်းများ အားလုံး ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ဆီမီးဖိုင်နယ်အဆင့် ရွေးချယ်ခံရသူများကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် မိမိတို့၏ ပြိုင်ပွဲဝင် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်များကို အကဲဖြတ်ဒိုင်အဖွဲ့အား ရှင်းလင်းတင်ပြရမည် ဖြစ်သည်။
SAFE STEPS D-Tech Awards အကြောင်း၊ ပြိုင်ပွဲသတ်မှတ်ချက်များ၊ ပြိုင်ပွဲကာလနှင့် အခြား အသေးစိတ် အချက်အလက် မျာကို သိရှိလိုပါက https://www.safesteps.com/d-tech တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။