Samsung မှ အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများအတွက် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အသစ်အား ခန့်အပ်

Samsung Electronics Co. , Ltd. သည် Mr. Sangho Jo အား အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများအတွက် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
Samsung ၏ မတူညီသော ဈေးကွက်များနှင့် စီးပွားရေးဌာနခွဲများတွင် နှစ်ပေါင်း ၃၀ ကျော် လုပ်ငန်းအတွေ့အကြုံများအား ပိုင်ဆိုင်ထားသော Mr. Jo သည် အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများရှိ Samsung Electronics ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် မဟာဗျူဟာပိုင်းဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်သွားမည် ဖြစ်သည်။
မြို့ပြများ၊ စက်မှုလုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းများ၏ မြင့်မားသော ဒီဂျစ်တယ်ပိုင်းဆိုင်ရာ မျှော်မှန်းချက်များနှင့်အတူ ၎င်း၏ စီးပွားရေးပိုင်းဆိုင်ရာ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုများအား လာမည့်ဆယ်စုနှစ်အတွင်း ဆက်လက်ထိန်း သိမ်းသွားနိုင်မည့် အလားအလာကောင်းများအား ပိုင်ဆိုင်ထားသော အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများရှိ ဈေးကွက်များသည် Samsung Electronics ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Photo Source http://news.samsung.com

Mr. Jo သည် ဤဒေသတွင်းရှိ Samsung Electronics ၏ ဈေးကွက်ဦးဆောင်သူနေရာအား ပိုမိုခိုင်မာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ ခိုင်မာအားကောင်းသော လုပ်ငန်းလည်ပတ်မှုစနစ်များ ချမှတ်လုပ်ဆောင်ခြင်းများမှတစ်ဆင့် သုံးစွဲသူများနှင့် စီးပွားရေး လုပ်ငန်းများအကြား Samsung ၏ ကုန်အမှတ်တံဆိပ်ယုံကြည်မှု ပိုမိုကောင်းမွန်ခိုင်မာလာစေရန် အဓိကလမ်းညွှန် ဆောင် ရွက်သွားရမည်ဖြစ်သည်။
ထိုကဲ့သို့ ခန့်အပ်ခြင်း မခံရမီက Mr. Jo သည် ဥရောပတိုက်ရှိ Samsung Electronics ဈေးကွက်များ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း စီးပွားရေးပိုင်းဆိုင်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်နှင့် Samsung အမှတ်တံဆိပ်အား ပိုမိုလူကြိုက်များလာစေရန် ဦးစီးဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း Mr. Jo သည် ၂၀၁၉ ခုနှစ်တွင် ဂျာမနီ၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ယူကေ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆွီဒင်၊ ၂၀၁၁ ခုနှစ်တွင် သြစတြီးယားနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘောလ်တစ်နိုင်ငံများရှိ Samsung Electronics ဈေးကွက်များအတွက် ဥက္ကဋ္ဌအဖြစ် အသီးသီးဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိလည်း Head of Visual Display business for Samsung Europe ရာထူးဖြင့် တောင်ကိုရီးယားနိုင်ငံတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
ထို့အပြင် Mr. Jo သည် အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် ပစိဖိတ်တောင်ပိုင်းဒေသများရှိ ဈေးကွက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ တစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် စင်ကာပူ၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဗီယက်နမ်နှင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မလေးရှားနိုင်ငံများရှိ Samsung Electronics ဈေးကွက်များတွင် အသီးသီး တာဝန်ထမ်းဆောင်ဖူးသူ တစ်ဦးလည်း ဖြစ်သည်။
“အခုလို Samsung Electronics အတွက် တစ်ကယ့်ကို အရေးပါတဲ့ အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနဲ့ ပစိဖိတ်တောင်ပိုင်းဒေသတွေက ဈေးကွက်တွေကို ဦးဆောင်ခွင့် ရရှိခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ကျွန်တော့် အနေနဲ့ ဒီဒေသအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အသုံးပြုသူတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် ခိုင်မာလာစေဖို့နဲ့ အသုံးပြုသူအသစ်တွေ၊ စီးပွားရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေကို ရှာဖွေသွားနိုင်ဖို့ ဦးတည်လုပ်ဆောင်သွားမှာ ဖြစ်ပြီး Samsung အနေနဲ့ ဒေသတွင်းမှာ ပိုမိုအားကောင်းခိုင်မာလာစေဖို့ ဦးဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု Mr. Jo ကပြောကြားသည်။

Photo Source http://news.samsung.com

“အခုလိုမျိုး ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ တစ်ဟုန်ထိုးဖြစ်ပေါ်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ Samsung အနေနဲ့ အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနဲ့ ပစိဖိတ်တောင်ပိုင်းဒေသတွေက နိုင်ငံတွေ၊ စက်မှု လုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝန်းတွေရဲ့ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ မျှော်မှန်းချက်တွေကို ဖြည့်စည်းကူညီ ပေးသွားဖို့နဲ့ မျိုးဆက်သစ်နည်းပညာ တွေကနေတဆင့် ဒေသတွင်းက ပြည်သူလူထုတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကူညီမြှင့်တင် ပေးသွားဖို့ ရည်သန်လုပ်ဆောင်လျက်ရှိပါတယ်” ဟု ၎င်းက ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် အတွက် http://news.samsung.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။