မြန်မာရုပ်ရှင်ဝါသနာအိုးများအတွက် သီးသန့်ပလက်ဖောင်းတစ်ခုဖြစ်သည့် Snack Film Festival စတင်ဖွင့်လှစ်ကျင်းပ

မြန်မာရုပ်ရှင်ဝါသနာအိုးများအတွက် သီးသန့်ပလက်ဖောင်းတစ်ခုဖြစ်လာမည့် Snack Film Festival ကို လောကမီဒီယာ၊ 3-ACT နှင့် Counseling Corner တို့က ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့တွင် စတင်ကျင်းပဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါပွဲတော်က အများပြည်သူများ ကမ္ဘာ့ ကပ်ရောဂါကြောင့် သီးသန့်ခွဲနေရချိန်များတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာ များကို မိမိတို့၏ ဆန်းသစ်ဖန်တီးမှုများထပ်ပေါင်းကာ ဗီဒီယိုရိုက်ကူးတင်သွင်းရန် တိုက်တွန်းထားသည်။ ထို့အပြင် ရုပ်ရှင် ရိုက်ကူးရေးကို ဝါသနာထုံသူများအတွက်လည်း ၎င်းတို့၏ လက်ရာများကို ရုပ်ရှင်နယ်ပယ်တွင် ဦးဆောင်နေသူများအား ပြသခွင့်ရမည့်အခွင့်အရေကိုလည်း ပံ့ပိုးပေးထားသည်။ ပြိုင်ပွဲဝင်များ အနေဖြင့် ပွဲစီစဉ်သူများ၊ မြန်မာ့ရုပ်ရှင်လောကတွင် ထင်ရှားကျော်ကြားသူများက ပြိုင်ပွဲဝင်များအတွက် မျှဝေပေးသွားမည့် အသိပညာဗဟုသုတများပါဝင်သော အကြောင်းအရာ အမျိုးမျိုးကိုလည်း လေ့လာသင်ကြားနိုင်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းဗီဒီယိုများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့အတွင်း ပေးပို့ရမည်ဖြစ်သည်။ ၃ မိနစ်ထက်မကျော်သော ရုပ်ရှင်ဇာတ်လမ်းများကို မိုဘိုင်းလ်ဖုန်းဖြင့်သာ ရိုက်ကူးရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်အရွယ်၊ ကျား မ မရွေး၊ လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ထင်ရှားသည့် အကဲဖြတ်ဒိုင် လူကြီးများဖြစ်ကြသည့် အကယ်ဒမီ ဆွေဇင်ထိုက်၊ ရုပ်ရှင်ဓါတ်ပုံပညာရှင်တဖြစ်လဲ ဒါရိုက်တာဖြစ်သူ မောင်မောင်သာမြင့်၊ ဝဿန်ရုပ်ရှင်ပွဲတော်ကို ပူးတွဲတည်ထောင်သူ ကိုသိဒ္ဓိ၊ 3-ACT ကို ပူးတွဲတည်ထောင်သူ မမိုးမြတ်မေဇာခြည်နှင့် ဘူဆန်ရုပ်ရှင်ပွဲတော်၏ ရုပ်ရှင်တာဝန်ခံ ကင်ယောင်ဝူးတို့က ပေးပို့လာသည့် ရုပ်ရှင်ဇာတ်လမ်းများကို အကဲဖြတ်စစ်ဆေးကာ ဆန်ကာတင် ၁၀ ဦးကို ပဏာမရွေးချယ်မည်ဖြစ်သည်။ အဆိုပါဆန်ကာတင် ၁၀ ဦးအနက်မှ လူကြိုက်အများဆုံးရုပ်ရှင် နှင့် အကဲဖြတ် ဒိုင်လူကြီးများ ရွေးချယ်သော ရုပ်ရှင် ၂ ခုကို ဆုချီးမြှင့်သွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/lokamyanmar/

“ဧပြီလကစလို့ အစိုးရပိုင်းက တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့ပွားမှုကို လျှော့ချဖို့ အများပြည်သူအားလုံးကို အိမ်မှာပဲနေဖို့ တရားဝင်တိုက်တွန်းခဲ့ပါတယ်။ တချို့တွေက ကံကောင်း ထောက်မစွာနဲ့ မိသားစုနဲ့အတူ ရှိနေရပေမယ့် အများစုကတော့ တကွဲတပြားစီ သီးသန့် နေကြရတာကို တွေ့ရပါတယ်။ သီးသန့်ခွဲနေရတာက တကယ်ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အခုလို သီးသန့်ခွဲနေရတာ ရဲ့ သက်ရောက်မှုတွေကို ပိုပြီးသတိထားမိလာအောင် ပြီးတော့ ဒီလိုခက်ခဲတဲ့ကာလမှာ သူတို့ရဲ့ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေကိုလည်း အားပေးရာရောက်စေဖို့ အိမ်မှာနေရတဲ့ကာလမှာ နေ့စဉ်ကြုံတွေ့ ရတဲ့ အဖြစ်အပျက်တွေအကြောင်းကို ဗီဒီယိုတစ်ခုအဖြစ် ပြောင်းလဲပြီး အများပြည်သူကို ပြသနိုင်ဖို့ ဒီပလက်ဖောင်းကို ဖန်တီးမယ်ဆိုပြီး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ” ဟု လောက မီဒီယာမှ စီမံကိန်းတာဝန်ခံဖြစ်သူ ကိုအောင်ပြည့်စုံက ပြောကြားသည်။
“ဒီပွဲတော်က ပြိုင်ပွဲတစ်ခုတင်မကပါဘူး။ ကျွန်မတို့အားလုံးက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပတ်သက်လို့ အသုံးဝင်ပြီး အကျိုးရှိမယ့် အကြောင်းအရာတွေကို ပြိုင်ပွဲဝင်တွေနဲ့ မျှဝေသွားမှာဖြစ်လို့ ဒါက ရုပ်ရှင်နယ်ပယ်နဲ့ပတ်သက်ပြီး လေ့လာလို့ရမယ့် နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲတော်မှာပါဝင်ရင်း မြန်မာရုပ်ရှင်ရိုက်ကူးရေးအသိုင်းအဝိုင်းကို အထောက်အပံ့ပြုရတာ၊ ပြီးတော့ တကယ်အရေးကြီးတဲ့ လူမှုရေးကိစ္စတစ်ခုကို လူတွေပိုသတိထားမိလာအောင် ကူညီဆောင်ရွက်ပေးရလို့ ကျွန်မဝမ်းမြောက်မိ ပါတယ်” ဟု အကဲဖြတ်ဒိုင်လူကြီး ၅ ဦးအနက်မှ တစ်ဦးဖြစ်သူ အကယ်ဒမီ ဆွေဇင်ထိုက်မှ ပြောကြားသည်။
ပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရုပ်ရှင်ရိုက်ကူးခြင်းပညာရပ်အား မြှင့်တင်ရန်သာမက သီးသန့်ခွဲနေရခြင်းကြောင့် ဖြစ်လာနိုင်မည့် ပြဿနာများကို မီးမောင်းထိုးပြရင်း အနုပညာကို အသုံးပြု၍ ကျန်းမာသည့် စိတ်အခြေအနေကို ထိန်းသိမ်း နိုင်မည့် နည်းလမ်းကောင်းများကို မျှဝေရန်ဖြစ်သည်။ Counseling Corner မှ ကျွမ်းကျင်ပညာရှင်များက စိတ်ကျန်းမာရေး နှင့် အကူအညီဖြစ်စေရန် ဆောင်ရွက်ရမည့်အရာများအကြောင်းကို ပိုမိုနားလည်သိရှိနိုင်ကြစေရန် ပွဲတော်ကာလ တလျှောက် ဆွေးနွေးပွဲများ ကျင်းပပေးသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်များသာမက စိတ်ပါဝင်စားသည့် အများပြည်သူအားလုံး ပါဝင်တက်ရောက်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/lokamyanmar/

Snack Film Festival အတွက် ပြိုင်ပွဲဝင် ဗီဒီယိုများအတွက် စည်းမျဉ်းစည်းကမ်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်သည်။
၁။ ပြိုင်ပွဲဝင် ဇာတ်လမ်းသည် “Isolation” ခေါင်းစဉ်အောက်တွင် ရှိရပါမည်။
၂။ ပြိုင်ပွဲဝင်ဇာတ်လမ်းသည် ယခု COVID – 19 ဖြစ်နေသောကာလတွင် ရိုက်ကူတည်းဖြတ်ထားသော ဗီဒီယိုဖြစ်ရမည်။
၃။ အသက်အရွယ် အကန့်အသတ်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
၄။ မည်သည့်ဇာတ်လမ်းအမျိုးအစားနှင့် မဆိုပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ (ဥပမာ – Comedy, Romance, Horror စသဖြင့်)
၅။ ဗီဒီယို Ratio နှင့်ပတ်သက်ပြီး ကန့်သတ်ထားမှုမရှိပါ။
၆။ ပြိုင်ပွဲဝင်၏ ဗီဒီယိုဇာတ်လမ်းသည် ဖုန်းဖြင့်သာရိုက်ကူးရမည်ဖြစ်ပြီး ကွန်ပျူတာနှင့် တည်းဖြတ်နိုင်သည်။
၇။ ပြိုင်ပွဲဝင်ဇာတ်လမ်းသည် ကြာချိန် (၁) မိနစ် မှ (၃) မိနစ်အတွင်း ရှိရမည်ဖြစ်သည်။
၈။ ပြိုင်ပွဲဝင်ဇာတ်လမ်းသည် ပြိုင်ပွဲဝင်ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ထားသော ဗီဒီယိုဖြစ်ရမည်။
၉။ ပြိုင်ပွဲဝင်ဇာတ်လမ်းများကို ပြိုင်ပွဲဝင်ကာလ ၂၀၂၀ခုနှစ် မေလ (၁၈)ရက်နေ့ မှ ၂၀၂၀ ခုနှစ် ဇွန်လ (၇)ရက်နေ့အတွင်း ပေးပို့ရမည်ဖြစ်သည်။
၁၀။ ပြိုင်ပွဲသို့ တင်သွင်းလာသည့် ဇာတ်လမ်းများတွင် နိုင်ငံရေး၊ ဘာသာရေးနှင့်သက်ဆိုင်သော ဖန်တီးမှုများ၊ ကလေးသူ ငယ်နှင့် တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှု၊ စော်ကားမှုများနှင့် သက်ဆိုင်သည့် ဖန်တီးမှုများ၊ အများပြည်သူကြည့်ရှုရန်မသင့်တော်သည့် ဇာတ်လမ်းဇာတ်ကွက်များကို တွေ့ရှိရပါက ပြိုင်ပွဲဝင်အား ထည့်သွင်းရွေးချယ်စဉ်း စားသွားမည်မဟုတ်ပေ။
၁၁။ ပြိုင်ပွဲဝင်ဇာတ်လမ်းတွင် အသုံးပြုထားသော ပါဝင်သရုပ်ဆောင်သူများ နှင့် ဝတ်စားဆင်ယင်မှုများ၊ ပြင်ဆင်မှုများ၊ နောက်ခံတေးဂီတ စသည်တို့သည် ပြိုင်ပွဲဝင်သူနှင့်သာ သက်ဆိုင်ရမည်ဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် ခဲ့ပါက ပြိုင်ပွဲဝင်သူ၏ တာဝန်သာဖြစ်သည်။
၁၂။ အချိန်နောက်ကျပြီးမှ ပေးပို့သူများ၊ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသူများကို ပြိုင်ပွဲအတွက် ထည့်သွင်းစဉ်းစား သွားမည် မဟုတ်ပါ။
၁၃။ မည်သည့် အကြောင်းကိစ္စနှင့်မဆို အငြင်းပွားဖွယ်တစ်စုံတစ်ရာ ဖြစ်ပါက ဒိုင်လူကြီးများနှင့် LOKA Media ၏ ဆုံးဖြတ် ချက်သာအတည်ဖြစ်သည်။
SNACK FILM FESTIVAL ပြိုင်ပွဲ၏ ဆုကြေးများအနေဖြင့်လည်း (၁) ဒိုင်လူကြီးများရွေးချယ်ပေးသောဆု – ငွေကျပ် (၁၀)သိန်း (၂) ပရိသတ်မဲအများဆုံးဆု – ငွေကျပ် (၁၀)သိန်းတို့ဖြစ်သည်။
ပြိုင်ပွဲဇာတ်လမ်းများ ပေးပို့ရန်-
၁။ မိမိရိုက်ကူးထားသော Final Video ကို မိမိ Google Drive ပေါ်တွင် တင်ပြီး snackfilmfest@gmail.com ကို Share ပေးကာ Email ပို့ရမည်ဖြစ်သည်။
၂။ ဆန်ကာတင်ရွေးချယ်ခံရသော ဇာတ်လမ်းများ၏ Raw Video များကို အထက်ပါ Email သို့ ထပ်မံပေးပို့ရမည်ဖြစ်သည်။
SNACK FILM FESTIVAL ပြိုင်ပွဲ၏ သတ်မှတ်ချက်အသေးစိတ်မှာ-
ပြိုင်ပွဲဝင်ဇာတ်လမ်းတိုပေးပို့ရမည့်ကာလ – မေလ (၁၈)ရက်နေ့မှ ဇွန်လ (၇)ရက်နေ့အထိ
ဆန်ကာတင်ရွေးချယ်ခံရသူများအားကြေညာမည့်အချိန် – ဇွန်လ (၁၀)ရက်
ဆန်ကာတင်ဇာတ်လမ်းများအားပွဲဦးထွက်Onlineပေါ်တွင်ပြသမည့်ရက် – ဇွန်လ (၁၃)ရက်
ပရိသတ်မှ မဲပေးနိုင်သည့်ကာလ – ဇွန်လ (၁၄)ရက် မှ ဇွန်လ (၁၉)ရက်
အနိုင်ရရှိသူများအား ကြေညာမည့်ရက် – ဇွန်လ (၂၁) ရက်
Snack Film Festival နှင့် လောက မီဒီယာအကြောင်း ပိုမို သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/lokamyanmar/