အူရီဒူးမှ မြန်မာအမျိုးသမီးငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်များ ပြည့်ဝလာစေရန် Tech Age Girls ၂၀၂၀-၂၁ အစီအစဉ်ဖြင့်ပံ့ပိုး

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှု အရည်အသွေးများ ပြည့်ဝလာစေရန် Tech Age Girls ၂၀၂၀-၂၁ အစီအစဉ်ဖြင့် အခွင့်အလမ်းများ ပေးအပ်လျက်ရှိသည်။

Myanmar Book Aid and Preservation Foundation (MBAPF) မှ စီစဉ်ဆောင်ရွက်ခဲ့သည့် Tech Age Girls (TAG) အစီအစဉ်သည် အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်လေးများအတွက် ‌ခေါင်းဆောင်မှုအရည်အသွေးနှင့် ဒစ်ဂျစ်တယ် နည်းပညာပိုင်း ဆိုင်ရာ ဗဟုသုတများပံ့ပိုးပေးရန်ရည်ရွယ်သည့် တစ်နှစ်တာကြာမြင့်မည့် အစီအစဉ်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လူမှုအဖွဲ့အစည်း အမျိုးမျိုးမှ အမျိုးသမီးငယ် အယောက် ၁၀၀ ကျော်ကို ဤအစီအစဉ်တွင် ပါဝင်ရန် ရွေးချယ်ခဲ့ပါသည်။ 

Photo source www.ooredoo.com.mm

အူရီဒူးမြန်မာက Tech Age Girls အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှစတင်၍ လိုအပ်သော ဒစ်ဂျစ်တယ်ပစ္စည်းကိရိယာများကို အင်တာနက် ချိတ်ဆက်မှုနှင့်အတူပံ့ပိုးပေးခဲ့ပါသည်။ ဤအစီအစဉ်မှ ၎င်းအမျိုးသမီးငယ်လေးများနှင့် လူမှုဝန်းကျင်အတွက် ရလဒ်ကောင်း များစွာကို ဖန်တီးပေးခဲ့ကြောင်းတွေ့ရှိရသည့်အတွက် ၂၀၁၉ ခုနှစ်တွင် အူရီဒူးသည် အဓိကပံ့ပိုးပေးသည့်အော်ပရေတာ ဖြစ်လာခဲ့ပါသည်။

၂၀၁၉ ခုနှစ်မှ အစီအစဉ်၏ အောင်မြင်မှုကိုဆက်လက်၍ ယခုနှစ်တွင် အူရီဒူးမြန်မာမှ ပါဝင်ခွင့်ရရှိမည့်သူဦးရေ ကို နှစ်ဆတိုးကာ ပိုမိုတိုးမြှင့်ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ယခု ၂၀၂၀-၂၁ ခုနှစ် Tech Age Girls အစီအစဉ်တွင် ပါဝင်ရန် အမျိုးသမီးငယ် ၂၀၀ ကျော်ကို ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာမှ တစ်ဆင့် အခွင့်အလမ်းများကိုပေးအပ်ခြင်းဖြင့် မညီမျှမှုတွေကိုလျှော့ချပြီး အမျိုးသမီးငယ် တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်မယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်။ Tech Age Girls အစီအစဉ်က ပါဝင်သူအမျိုးသမီးငယ်လေးတွေရဲ့ဘဝကို တိုးတက်စေရုံသာမက ဒီအစီအစဉ် ပြီးသွားတဲ့အခါမှာလည်း သူတို့ သင်ကြားခဲ့ရတဲ့ ခေါင်ဆောင်မှုနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အရည်အသွေးတွေကို အသုံးချပြီးတော့ သူတို့ရဲ့လူမှုပတ်ဝန်းကျင် တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မှာ  ဖြစ်ပါတယ်။ ဒီအစီအစဉ် က ကျားမဆိုင်ရာ ကွဲပြားခြားနားမှုကိုသာမက ဒစ်ဂျစ်တယ် ကွာဟချက် မရှိအောင်ပါ  ပံ့ပိုးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားပါသည်။

Tech Age Girls အစီအစဉ် ၂၀၂၀-၂၁  ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် စတင်မိတ်ဆက်သည့်အနေ ဖြင့် “Tech Age Girls အစီအစဉ်ဖြင့် မြန်မာအမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် 360ed ၏ တည်ထောင်သူနှင့် CEO ဒေါ်လှလှဝင်း၊ Myanmar Book  Aid and Preservation Foundation ၏ Executive Director ဒေါက်တာသန့်သော်ကောင်း၊ အူရီဒူးမြန်မာ၏ Head of Corporate Communications ဦးတင့်နိုင်ထွဋ်နှင့် ၂၀၁၆ခုနှစ် Tech Age Girls ကျောင်းသူဟောင်း ဒေါ်အေးသူဇာတို့က ပါဝင်ဆွေနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် အမျိုးသမီးငယ်များအားစွမ်းဆောင်ရည်မြှင့်တင်ပေးရန် အရေးကြီးပုံနှင့် နည်းပညာကဏ္ဍ မှ အမျိုးသမီးများ၏ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ပုံ တို့ကို အဓိကထားဆွေးနွေးခဲ့သည်။ 

Photo source www.ooredoo.com.mm

Myanmar Book Aid and Preservation Foundation ၏ Executive Director ဖြစ်သူ ဒေါက်တာသန့်သော်ကောင်းက “ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေအထိရောက်ရှိပြီး စဉ်ဆက်မပြတ်အကူအညီပေးနိုင်ခဲ့တဲ့ ဒီအစီအစဉ်ကို ပံ့ပိုးပေးတဲ့အတွက် အူရီဒူးမြန်မာကို ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ အူရီဒူးဟာ ကျွန်တော်တို့ ဖောင်ဒေးရှင်းအတွက် အလွန်ကောင်းတဲ့ မိတ်ဖက်ပါတနာလည်းဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အခွင့်အလမ်းတွေ ပိုမို ပေးအပ်လိုက်တဲ့ အတွက်  ဒီအမျိုးသမီးငယ်လေးတွေဟာ သူတို့ဒေသမှာရှိတဲ့ လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်ပြီး လူမှုပတ်ဝန်းကျင်တိုးတက်ရေးအတွက် ပိုမိုပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

Tech Age Girls အစီအစဉ်တွင် ICT skills၊ soft skills နှင့် leadership summit ဟူ၍ သင်ကြားရေးပုံစံ အဆင့် (၃) ဆင့် ပါဝင်မည်ဖြစ်သည်။ ၎င်းအဆင့် (၃) ဆင့်ကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။ Tech Age Girls ကျောင်းဆင်းများသည် ကမာ္ဘတစ်ဝန်းရှိ ကျောင်းသူဟောင်း ၁,၀၀၀ ကျော်နှင့် ချိတ်ဆက်ကာ အနာဂတ်အစီအစဉ်များတွင် လေ့ကျင့် ပေးသူဆရာများအဖြစ်ပါဝင်လာနိုင်ပြီး ပြည်တွင်းနှင့်နိုင်ငံတကာရှိ လူမှုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက် မှုအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။