အမေရိကန်ဂြိုလ်တုအား ငှားသုံးရန်နှင့် လာမည့်နှစ်များတွင် ကိုယ်ပိုင်လွင့်တင်နိုင်ရန် ဆောင်ရွက်သွားမည်

Image Source : https://pixabay.com

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ဆက်သွယ်ရေးနှင့် အခြားဆက်စပ်ကဏ္ဍများအတွက် အမေရိကန်ဂြိုလ်တုအား ငှားရမ်းသုံးစွဲသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် ကိုယ်ပိုင်ဂြိုလ်တု လွှင့်တင်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။ အမေရိကန်မှလွှင့်တင်ထားသော ဂြိုလ်တုအား မြန်မာအမည်ဖြင့်(ယာယီပိုင်) ငှားရမ်းသုံးစွဲသွားရန် စီစဉ်နေခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံအနေနဲ့ ဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်မှုများအတွက် ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ဂြိုလ်တုများနှင့် Intelsat V ဂြိုလ်တုများအား အသုံးပြုနေရသည်။ ယခုသတင်းနှင့် ပက်သက်ပြီး ဒီလင့်ခ် တွင် ဖော်ပြထားသည့် အချက်အလက် အပြည့်အစုံအား အောက်တွင်ဆက်လက်ပြီး မျှ ေ၀ပေးသွားပါမည်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံက လွှင့်တင်ထားတဲ့ ဂြိုဟ်တုကို ငှားရမ်းအသုံးပြုသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး လွှတ်တော်အပြီးမှာ ဒုဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။

“လောလောဆယ်ကတော့ ကျနော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနအနေနဲ့ Satellite ငှားရမ်းပြီးတော့ Myanmar Sat အနေနဲ့ စပြီးတော့ သုံးမှာ။ ဒါက ဆက်သွယ်ရေး ဂြိုဟ်တုပေါ့။ ဒီဟာကလည်း ငှားရမ်းတဲ့ သဘော။ ကျနော်တို့ ကွန်ဒိုတခုမှာ အခန်းတခန်း ပိုင်သွားတဲ့  သဘောပေါ့။ သေချာတာကတော့ ကိုယ်နာမည်နဲ့ပေါ့။ အမေရိကန်ကနေ ငှားရမ်းသွားမှာပါ”

မြန်မာနိုင်ငံအနေနဲ့ ဆက်သွယ်ရေးကဏ္ဍအပြင် စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ မြေပြင်လေပြင်တိုင်းတာရေးကဏ္ဍတွေအတွက် ကိုယ်ပိုင်ဂြိုဟ်တုတစ်ခု လွှင့်တင်နိုင်ဖို့ လိုအပ်တဲ့အတွက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုလွှင့်တင်နိုင်ရေး ဒုတိယသမ္မတအပါအဝင် ဝန်ကြီးဌာနအားလုံးပါဝင်တဲ့ ကော်မတီ တခုဖွဲ့စည်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

“ဒါပေမယ့် ဒါကနိုင်ငံတော် ရာနှုန်းပြည့် ပိုင်တာမဟုတ်သေးဘူး။ အိမ်နီးနားချင်းနိုင်ငံ အားလုံးနီးပါးမှာ ကိုယ်ပိုင်ဂြိုလ်တု လွှင့်တင်ထားတာရှိကြတယ်။ ဂြိုလ်တုဆိုတာက ဆက်သွယ်ရေးတစ်ခုတည်းတင်မဟုတ်ဘူး။ စိုက်ပျိုးရေး၊ မြေပြင်တိုင်းတာရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် ဂြိုလ်တုအမျိုးအစားတွေ အမျိုးမျိုးရှိတယ်။ ပြည်သူတွေ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် သင့်တော်တဲ့ ဂြိုဟ်တု တစ်ချိန်ကျရင် နိုင်ငံပိုင်အနေနဲ့ လွှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်။”

လက်ရှိမြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ TV ထုတ်လွွှင့်မှုတွေအတွက် ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံပိုင် ဂြိုဟ်တုတွေနဲ့ နိုင်ငံတကာအသုံးပြုနိုင်တဲ့ Intelsat V ဂြိုဟ်တုတွေကို အသုံးပြုနေရတာဖြစ်ပါတယ်။

လာမယ့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ်ပေါ်မူတည်ကာ နိုင်ငံပိုင်ဂြိုဟ်တုလွှင့်တင်ဖို့ ဆုံးဖြတ်သွားမယ်လို့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။