အင်တာနက်လိုင်းအမြန်ဆုံးအဖြစ် MPT ကို Ookla အဖွဲ့သတ်မှတ်

Image Source : https://www.facebook.com/mptofficialpage/photos

မြန်မာပြည်တွင် လက်ရှိ၀န်ဆောင်မှုပေးနေသော တယ်လီဖုန်းအော်ပရေတာ သုံးခုရှိသည့်အနက် MPT အား ၂၀၁၆ ခုနှစ်အတွက် အင်တာနက်လိုင်းအမြန်ဆုံး အော်ပရေတာအဖြစ် Ookla အဖွဲ့ကရွေးချယ်သတ်မှတ်လိုက်သည်။

တစ်ကမ္ဘာလုံးရှိ တယ်လီဖုန်းအော်ပရေတာများ၏ အင်တာနက်အမြန်နှုန်းများကို စစ်တမ်းကောက်ထုတ်ပြန်လျက်ရှိသော Ookla အဖွဲ့သည် လွတ်လပ်ပြီး ထိပ်တန်းကျသည့် နိုင်ငံတကာနည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ Ookla အဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၀န်ဆောင်မှုပေးလျက်ရှိသော တယ်လီဖုန်းအော်ပရေတာများဖြစ်သည့် MPT, Ooredoo နဲ့ Telenor တို့၏ အင်တာနက်အမြန်နှုန်းများအား လပေါင်းများစွာ အဆင့်မြင့်နည်းပညာများဖြင့် အခြေခံကျကျ စစ်ဆေးမှုမျာပြုလုပ်ခဲ့ပြီးနောက် ထိုသို့သတ်မှတ်လိုက်ခြင်းဖြစ်သည်။ Ookla အဖွဲ့မှ ဖော်ပြထားသော အော်ပရေတာသုံးခု၏ တစ်စက္ကန့်အတွင်း Download/Upload လုပ်ဆောင်နိုင်သော အင်တာနက်အမြန်နှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

MPT                            7.40 Mbps/2.71 Mbps

Ooredoo                      6.33 Mbps/1.53 Mbps

Telenor                       5.87 Mbps/2.32 Mbps

ယခုသတင်းနှင့်ပက်သက်ပြီး ကြောင်းအရာအပြည့်အစုံအား  ဤလင့်ခ် အတွင်းရေးသားထားသည့်အတိုင်း အောက်တွင်ဆက်လက်ဖော်ပြပေးသွားပါမည်။

MPT သည် မြန်မာ့အမြန်ဆုံးအင်တာနက်ကွန်ရက် အဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေငြာလိုက်သည်။ Ookla ၏ ၂၀၁၆ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း အင်တာနက်အမြန်နှုန်း စမ်းသပ်ထားသည့် ဒေတာအချက်အလက်များ အရ ခေတ်မီစမတ်ဖုန်းများပေါ်တွင် ပါရှိသော Download အမြန်နှုန်းတွင် MPT သည် ထိပ်ဆုံးမှပြေးနေ ကြောင်းတွေ့ရှိရသည်။

အင်တာနက် အမြန်နှုန်းစစ်ဆေးမှုများတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသော လွတ်လပ်သော နိုင်ငံတကာ နည်းပညာအဖွဲ့အစည်းဖြစ်သည့် Ookla မှ အဆင့်မြင့်နည်းပညာများကို အသုံးပြုကာ အော်ပရေတာ တစ်ခုချင်းစီ၏ download အမြန်နှုန်းများကို စစ်ဆေးအကဲဖြတ်ခဲ့ခြင်းဖြစ်သည်။ တိကျခိုင်မာပြီး မျှတမှုရှိသော အမြန်နှုန်းအတိုင်းအတာကို ပေးအပ်နိုင်ရန်အတွက် Ookla ၏ တိကျမှန်ကန်သော နည်းလမ်းများဖြင့် ၆ လ ကျော်ကြာ အချိန်ယူ အကဲဖြတ်စစ်ဆေးမှုမှ ထွက်ပေါ်လာသည့် အမြန်နှုန်းရလဒ်ပေါ်မှုတည်၍ ဆုကို စီစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
Ookla ၏ သုသေတနပြု လေ့လာစမ်းသပ်ခြင်းမှရရှိသည့် ရလဒ်များအရ MPTသည် Download အမြန်နှုန်းတွင် 7.4Mbps ဖြင့် ပြိုင်ဘက်များအား ယှဉ်ပြိုင်အနိုင်ယူလိုက်နိုင်ခြင်းဖြစ်သည်။

MPT သည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးသောကွန်ရက်တစ်ခု ဖြစ်သကဲ့သို့ ယခုအခါတွင် အမြန်ဆန်ဆုံး သောအင်တာနက်ကွန်ရက် အနေဖြင့်ပါ ခေါ်ဆိုနိုင်ပြီဖြစ်သည်။ MPT အနေဖြင့် ရရှိထားသော လိုင်းနှုန်းစဉ် များကို အမြင့်ဆုံးနှင့်အကောင်းဆုံးအသုံးပြု၍ ၀န်ဆောင်မှုပေးနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ စမတ်ဖုန်းပေါ်မှ တစ်ဆင့် အမျိုးမျိုးသော ၀န်ဆောင်မှုများကို ရယူနိုင်ရန် စိတ်အားထက်သန်နေကြသည့် MPT ၏ ၂၄ သန်း သောသုံးစွဲသူများအတွက် အထူးသတင်းကောင်းတစ်ရပ်ပင် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “MPT အနေနဲ့  မြန်မာ့အမြန်ဆုံးအင်တာနက်ကွန်ရက်ဆုကို ပေးအပ်ခြင်းခံရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက် ရပါတယ်။ ဒီဆုက MPT သုံးစွဲသူတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အကောင်းဆုံးမိုဘိုင်းလ်ကွန်ရက်ကို ပေးစွမ်း နိုင်ဖို့ စွမ်းစွမ်းတမံအားထုတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် MPT အနေနဲ့ အခုလို မြန်မာ့အမြန်ဆုံး အင်တာနက်ကွန်ရက် အဖြစ်အမည်တပ်ခံလိုက်ရတာဟာ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တကယ့်ကိုကြီးကျယ်တဲ့ အသိမှတ်ပြုထောက်ခံမှု တစ်ခုကို ရလိုက်တာပဲဖြစ်ပါတယ်။

အစိုးရကနေ အော်ပရေတာအားလုံးကို လှိုင်းနှုန်းစဉ်အသစ်ချပေးပြီးတာနဲ့ တစ်ပြိုင်နက် အခုတည်းက စတင်အသုံးပြုနိုင်နေပြီဖြစ်တဲ့ 4G ကွန်ရက်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ တိုးတက်မှုတွေနဲ့အတူ MPT ကို ၂၀၁၇ ခုနှစ်မှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။
အင်တာနက် အမြန်နှုန်းစမ်းသပ်မှုအဖွဲ့အစည်း Ookla မှ COO ဖြစ်သူ Jamie Steven မှလည်း “ကျွန်တော်တို့ အနေနဲ့ MPT ကို မြန်မာ့အမြန်ဆုံး အင်တာနက်ကွန်ရက်ဆုကို အခုလို ချီးမြှင့်ပေးအပ်နိုင်ခဲ့တဲ့ အတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ ဒီလို ဆုချီးမြှင့်နိုင်ခဲ့ခြင်းဟာလည်း သုံးစွဲသူတွေအနေနဲ့ ၄င်းတို့ရဲ့နေ့စဉ်ဘဝမှာ MPT ကို အသုံးပြုပြီး မိမိတို့ရဲ့ Download အမြန်နှုန်းဘယ်လောက် ရရှိလဲဆိုတာကို ပြသခဲ့တဲ့ သက်သေ အထောက်အထား တစ်ခုလို့လည်း ပြောနိုင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ သုံးစွဲသူဗဟိုပြုစမ်းသပ်မှုများကို အချိန်အတိုင်းတာတစ်ခုအတွင်း နိုင်ငံတစ်ဝှမ်းလုံးအနေအထားဖြင့် ဒေတာကောက်ယူခဲ့ခြင်းဖြစ်ပြီး သုတေသန လေ့လာချက်အရတွေ့ရှိသော ရလဒ်အပေါ်တွင်မူတည်၍ တွက်ချက်ထား ခြင်းဖြစ်ရာ တစ်ဦးချင်းရရှိသောရလဒ်များနှင့် ကွဲပြားနိုင်မည်ဖြစ်သည်။
Ookla သည် ၄င်းအသုံးပြုခဲ့သည့်နည်းစနစ်များကို အွန်လိုင်းတွင် ဝေမျှထားပြီး ဆုများနှင့်ပတ်သက်ပြီး http://www.speedtest.net/awards/mm/carrier/2016 တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။