မြန်မာပြည်မှာ 4G စပြီ

Image Source : https://pixabay.com/en

4G ဆိုတာ ကြိုးမဲ့တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ရဲ့ လေးဆက်မြောက်မျိုးဆက်ပဲ ဖြစ်ပါတယ်။ အရှည်ဆိုရင်တော့ Fourth Generation of cellular communications ပေါ့။ LTE(Long-Term Evolution) လို့လည်း ခေါ်ပါသေးတယ်။ လက်ရှိမှာတော့ 5G မပေါ်နိုင်သေးလို့ 4G ဟာ နောက်ဆုံးဗားရှင်းအဖြစ် ရှိနေပါသေးတယ်။ 4G က 3G, 2G တို့ထက် ဘာတွေထူးခြားလဲဆိုတော့ ရိုးရိုးတယ်လီဖုန်းပြောဆိုရာမှာ သိပ်ပြီးကွဲပြားခြားနားတာ မရှိပေမယ့် အင်တာနက် အသုံးပြုတဲ့နေရာမှာတော့ လုံး၀ကို သိသိသာသာ ကွဲပြားပြီး ထူးခြားကောင်းမွန်နေတာ တွေ့ရပါလိမ့်မယ်။ အင်တာနက်ပေါ်က ၀က်ဘ်ဆိုက်တွေ တိုက်ရိုက်၀င်ကြည့်တာတွေ၊ ဗီဒီယိုဖုန်းခေါ်ဆိုတာတွေ၊ HD ဗီဒီယိုတွေ တိုက်ရိုက်ကြည့်တာနဲ Download,Upload ပြုလုပ်တာတွေအပြင် ဆာဗာအသီးသီးနဲ့ ချိတ်ဆက်တဲ့နေရာတွေမှာ ပိုမိုလျင်မြန်၊ ကောင်းမွန်မှုတွေ ရရှိမှာပဲဖြစ်ပါတယ်။

4G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် အသုံးပြုမယ့် ဟမ်းဆက်(သို့) Device တွေအနေနဲ့ 4G စနစ်နဲ့ချိတ်ဆက်နိုင်တဲ့ Device မျိုးဖြစ်ဖို့လည်း လိုပါသေးတယ်။ အခုလက်ရှိအရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ 4G ကိုအသုံးပြုနေကြတာဆိုလို့ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့လောက်ပဲ ရှိပါသေးတယ်။ ခုတော့မြန်မာပြည်မှာ စတင်ပြီဆိုတော့ လေးနိုင်ငံမြောက် ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာကြီးမှာ 4G စနစ်စပေါ်ခဲ့တာက လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာတော့ စပေါ်ကတည်းက အသုံးပြုနေရပြီဆိုပေမယ့် ခုချိန်ထိ သုံးခွင့်မရသေးတဲ့ နိုင်ငံတွေလည်း များစွာရှိပါသေးတယ်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးနင့် ဆက်သွယ်ရေး ၀န်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆက်သွယ်ရေး ဦးစီးဌာနကနေပြီးတော့ 4G စနစ်ဖြစ်တဲ့ 1800MHz လိုင်းနှုန်းစဉ်တွင် အသုံးပြုနိုင်မယ့် 2×10 MHz သုံးစွဲခွင့်ကို လက်ရှိအော်ပရေတာ (၃)ခုဖြစ်တဲ့ MPT, Telenor နဲ့ Ooredoo တို့ကို မေလ(၁၅)ရက်နေ့က စတင်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ အခု 4G အသုံးပြုခွင့်လိုင်စင် (၁၂)နှစ်သက်တမ်းကို အမေရိကန်ဒေါ်လာ သန်း(၈၀)နဲ့ ခွင့်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်အသုံးပြုမှု မြန်ဆန်တဲ့နည်းပညာတွေကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုကိစ္စ အ၀၀တို့မှာ တိုးတက်ကောင်းမွန်စေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

မြန်မာပြည်မှာ တယ်လီဖုန်းဆက်သွယ်ရေးအတွက် MPT တစ်ခုတည်းရှိခဲ့တဲ့ လွန်ခဲတဲ့(၄-၅) နှစ်တာ ကာလတုန်းက 2G ၀န်ဆောင်မှုကိုပဲ စတင်အသုံးပြုခဲ့ကြရပါတယ်။ အဲဒီတုန်းကဆိုရင် အင်တာနက်အသုံးတဲ့ နေရာမှာတော့ တော်တော်ခက်ခဲ့တဲ့ အနေအထားနဲ့ ကြုံခဲ့ကြရပါတယ်။ Facebook, Viber သုံးတဲ့နေရာမှာတောင် လိုရင်းရောက်ဖို့ စိတ်ရှည်ရှည်နဲ့ အချိန်ပေး စောင့်ဆိုင်းခဲ့ရတာပါ။ ဒီလိုနဲ့ ပြည်ပအော်အရေတာတွေဖြစ်တဲ့ Ooredoo နဲ့ Telenor တို့ပေါ်လာတဲ့အခါမှာတော့ 3G စနစ်ကို စတင်ပေးခဲ့ပါတယ်။ အဲအချိန်မှာတော့ မြန်မာပြည်ရဲ့ အင်တာနက်ကဏ္ဍဟာ အရင်ကနဲ့မတူဘဲ ကြီးမားစွာ ပြောင်းလဲတိုးတက် သွားခဲ့ပါတယ်။ ဒီနေရာမှာ ကြီးမားစွာပြောင်လဲ တိုးတက်သွားတယ် ဆိုတာကတော့ လိုင်းဆွဲအားအမြန်နှုန်း တစ်ခုတည်းကိုပဲဆိုလိုတာပါ။ မြန်မာပြည်သူတွေ အနေနဲ့ကလည်း တသက်လုံးနှေးကွေးတဲ့ လိုင်းဆွဲအားနဲ့ပဲ နှစ်ပါးသွားခဲ့ရတာဆိုတော့ အသစ်ရလာတဲ့ မြန်ဆန်တဲ့ လိုင်းဆွဲအားနဲ့ ကြုံတွေတဲ့အချိန်မှာတော့ တကယ်ကိုအားရကျေနပ်မဆုံး ဖြစ်ရတဲ့သဘောပါ။ ဒါပေမယ့် လူတွေအတွက် မနှစ်မြို့စရာတစ်ခုကတော့ အင်တာနက် သုံးစွဲမှုတွေအပေါ် ကောက်ခံတဲ့နှုန်းတွေပါပဲ။ 1MB (၅-၆) ကျပ်ဆိုတာကတော့ အနည်းငယ်များနေတဲ့ သဘောရှိတယ်လို့ အားလုံးမှတ်ယူ ထားကြပါတယ်။

မြန်မာနိုင်ငံရဲ့ ကြိုးမဲ့ဆက်သွယ်ရေးကဏ္ဍကြီး ပိုမိုအဆင့်မြင့် ကောင်းမွန်လာစေဖို့နဲ့ ပြောင်လဲတိုးတက်မှု မြန်ဆန်နေတဲ့ ကမ္ဘာ့နည်းပညာ ရေစီးကြောင်းထဲ အမီလိုက်ပါစီးမျောနိုင်စေဖို့ ရည်ရွယ်ပြီး နိုင်ငံတော်ကနေ စီစဉ်ပေးလိုက်တဲ့ 4G စနစ်နဲ့ပက်သက်ပြီး လက်ရှိတယ်လီဖုန်း အော်ပရေတာတွေအနေနဲ့ ဘယ်လိုစတင်၀န်ဆောင်မှု ပေးသွားမလဲဆိုတာကို အောက်မှာဆက်လက် တင်ပြပေးပါ့မယ်။

MPT

မြန်မာပြည်ရဲ့ ပထမဦးဆုံးသော တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အကျယ်ပြန့်ဆုံးသော ကွန်ယက်ကြီးဖြန့်ကျက်ထားနိုင်တဲ့ MPT အနေနဲ့ အခုလို နိုင်ငံတော်ကနေပြီး 4G စနစ် စတင်အသုံးပြုဖို့ ခွင့်ပြုလိုက်ချိန်မှာ ၎င်းတို့ရဲ့သုံးစွဲသူတွေအတွက် အလျင်အမြန် ၀န်ဆောင်မှုပေးနိုင်ဖို့ စတင်လိုက်ပါပြီ။ မြန်မာပြည်ရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ယခုမေလ(၃၀)ရက်နေ့ စတင်ပြီး ၀န်ဆောင်မှုပေးသွားမယ်လို့ ကြေညာထားပါတယ်။ ကျန်တဲ့နိုင်ငံအနှံ့ကို အမြန်ဆုံး၀န်ဆောင်မှုပေးနိုင်ရန်လည်း  လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ MPT အနေနဲ့ လက်ရှိအသုံးပြုနေကြတဲ့ 3G ကွန်ရက်နှင့် လာမယ့် 4G ကွန်ရက်တို့အကြား အဆင်ပြေချောမွေ့စွာ ပြောင်းလဲအသုံးပြုနိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာတွေကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းခေါ်ဆိုမှု၊ Message ပေးပို့မှုနဲ့ အင်တာနက် သုံးစွဲမှုတွေအတွက်လည်း စျေးနှုန်းပြောင်းလဲမှုတွေ ရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

4G ကွန်ရက် စတင်အသုံးပြုနိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ MPT သုံးစွဲသူတွေအတွက် ပရိုမိုးရှင်းအစီအစဉ်တွေ အပါအ၀င် နဂိုထက်ထူးခြားတဲ့ ၀န်ဆောင်မှု ပုံစံအသစ်တွေ တင်ဆက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ 4G စနစ်သို့ပြောင်းလဲ သုံးစွဲဖို့အတွက် မိမိတို့ရဲ့ ဆင်းမ်ကဒ်တွေကို မူရင်းဖုန်းနံပါတ်အတိုင်း နီးစပ်ရာ MPT ၀န်ဆောင်မှုပေးတဲ့ ဆိုင်တွေမှာ အခမဲ့ သွားရောက်လှဲလှယ်ဖို့တော့ လိုအပ်ပါတယ်။ MPT ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ သုံးစွဲသူတွေအနေနဲ့ 4G စနစ်ရယူသုံးစွဲ နိုင်ဖို့အတွက် မိမိတို့ဖုန်း setting ထဲကနေပြီး 4G ကွန်ယက်အသုံးပြုနိုင်မှု အစီအစဉ်များကို ပြင်ဆင်ထားဖို့တော့ လိုအပ်ပါကြောင်း၊ ဒါမှလည်း MPT ရဲ့ 4G ကွန်ရက်ရရှိတဲ့ ဧရိယာအတွင်းသို့ ရောက်ရှိပါက အလွယ်တကူ ရယူသုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ooredoo

ပြည်ပအော်ပရေတာ တစ်ခုဖြစ်တဲ့ Ooredoo ကလည်း ယခုစတင်အသုံးပြုခွင့် ရရှိမယ့် 4G စနစ်နဲ့ပက်သက်ပြီး ၎င်းတို့ရဲ့ သုံးစွဲသူတွေဆီသို့ Message ပို့ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ ကွန်ရက်ချိတ်ဆက်မှုတွေကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဆက်လက်ပြီးလည်း စတင်သုံးစွဲခွင့်ရမည့် မြို့နယ်/ဧရိယာ အတွင်းမှာရှိတဲ့ သုံးစွဲသူတွေဆီသို့ အချိန်နှင့်တပြေးညီ Message ပေးပို့ပြီး အသိပေးသွားမယ်လို့ ဆိုထားပါတယ်။

Ooredoo အနေနဲ့ 4G စနစ်ကို ၀န်ဆောင်မှုပေးနေတာတော့ အခုမှမဟုတ်ပါဘူး။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစတဲ့ မြို့ကြီးတွေမှာ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက စတင်ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ နိုင်ငံတော်အစိုးရကနေပြီး 4G စနစ်ကို တယ်လီဖုန်းအော်ပရေတာ အသီးသီးသို့ ၀န်ဆောင်မှုပေးဖို့ တရား၀င် ခွင့်ပြုလိုက်ချိန်မှာတော့ ကျန်ရှိတဲ့ နိုင်ငံအနှံ့က ဒေသအသီးသီးကို အမြန်ဆုံးဆက်လက် ဖြန့်ကျက်နိုင်ဖို့အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အခုအချိန်မှစပြီး  4G စနစ် အသုံးပြုနိုင်တဲ့ ဒေသတွေကို Ooredoo Myanmar ရဲ့ တရား၀င် ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ တွစ်တာ စာမျက်နှာတွေကနေပြီး အလျင်အမြန် ကြေညာပေးသွားမှာ ဖြစ်သလို သုံးစွဲသူတွေဆီသို့လည်း တိုက်ရိုက် Message ပေးပို့သွားမယ်လို့လည်း ဆိုထားပါတယ်။ အခုအချိန်မှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစတဲ့ မြို့ကြီးတွေမှာပဲ 4G စနစ်ကို အသုံးပြုလို့ ရနေတာဖြစ်ပြီး သိပ်မကြာခင်မှာတော့ ကျန်တဲ့ဒေသတွေသို့ တဖြည်းဖြည်း ကျယ်ပြန့်စွာ ဖြန့်ကျက်သွားမှာဖြစ်ပါတယ်။

Ooredoo ဆင်းမ်ကဒ်တွေအနေနဲ့ 4G စနစ် ပြောင်းလဲသုံးစွဲဖို့အတွက် လှဲလှယ်ရန်မလိုအပ်ပါဘူး။ Ooredoo အနေနဲ့ လက်ရှိဆင်းမ်ကဒ်များကို စတင်ထုတ်လုပ်ကတည်းက 4G စနစ် အတွက်ပါ ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။ 4G စနစ် အသုံးပြုဖို့အတွက် သုံးစွဲသူတို့ရဲ့ ဟမ်းဆက်တွေအပေါ်သာမူတည်ပြီး၊ သုံး၍ရ၊မရကိုလည်း တိုက်ရိုက် Message ပေးပို့ပြီး အကြောင်းကြားသွားမယ်လို့ သိရပါတယ်။ တကယ်လို့ ကိုယ်တိုင်စစ်ဆေးလိုပါကလည်း *414# သို့ ဖုန်းခေါ်ပြီး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ 4G စနစ် မှာလည်း ဖုန်းခေါ်ဆိုမှု၊ အင်တာနက်သုံးစွဲမှု အပါအ၀င် ၀န်ဆောင်မှုအားလုံးကို ယခင်စျေးနှုန်းတွေ အတိုင်းပဲ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ Ooredoo ကွန်ရက်တွေနဲ့ ၀န်ဆောင်မှုရှိတဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်တဲ့အခါမှာလည်း ယခုဆင်းမ်ကဒ်နဲ့ပဲ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

Telenor

Telenor အနေနဲ့လည်း Ooredoo လိုပဲ လွန်ခဲတဲ့ ဆယ်လကျော်ကတည်းက မြို့ကြီး(၁၉)မြို့နယ်အတွင်း 4G စနစ်ကို စတင်၀န်ဆောင်မှု ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမေလ(၁၉) ရက်နေ့ကလည်း ရန်ကုန်တိုင်းသေဒကြီး အတွင်းက မြို့နယ်အချို့ မှာ ထပ်မံပြီး အသုံးပြုခွင့် ရရှိခဲ့ကြပါတယ်။ အခုလို နိုင်ငတော်တာ၀န်ရှိသူတွေ အနေနဲ့ 1800MHz လိုင်းနှုန်စဉ်မှာ နည်းပညာမရွေး အသုံးပြုလို့ရတဲ့ 2×10 MHz ကိုအသုံးပြုခွင့် ပေးလိုက်ခြင်းဟာ 3G ထက် ဆယ်ဆပိုမိုမြန်ဆန်မယ့် စစ်မှန်တဲ့ 4G/LTE ၀န်ဆောင်မှုကို အသုံးပြုနိုင်ဖို့ လမ်းစဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

Telenor အနေနဲ့ ရှေ့ဆက်ပြီး တစ်နိုင်ငံလုံးအနှံ့ 4G ကွန်ရက်တွေ လွှမ်းခြုံသွားနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Telenor ဟာ လက်ရှိမှာတော့ တာဝါတိုင်ပေါင်း ရ၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိတဲ့ အင်တာနက်ဒေတာကွန်ရက်ကတစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနဲ့ နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။

လက်ရှိအသုံးပြုနေကြတဲ့ 3G စနစ်၀န်ဆောင်မှုထက် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ 4G ကို အသုံးပြုခွင့်ရရှိတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကြိုးမဲ့ဆက်သွယ်ရေး ကဏ္ဍအတွက် အဆင့်တစ်ဆင့် မြင့်တက်သွားတယ်လို့ ထင်မိပါတယ်။ အော်ပရေတာတွေရဲ့ ထုတ်လွှင့်တဲ့ လိုင်းဆွဲအားအမြန်နှုန်းတွေသာ သတ်မှတ်စံအတိုင်းဖြစ်ခဲ့ရင်ပေါ့။ တာ၀န်ရှိ ဌာနဆိုင်ရာတွေကလည်း ဒီလိုကိစ္စတွေကို စည်းမျဉ်းစည်းကမ်း တိတိကျကျနဲ့ ကိုင်တွယ်ဖို့ လိုမယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ အင်တာနက်သုံးစွဲမှုတွေအပေါ် ဘေဖြတ်တောက်မှုအပိုင်းတွေမှာ သုံးစွဲသူတွေဘက်က သံသယစိတ်တွေများစွာ ရှိနေပါတယ်။ ဒါမျိုးတွေကိုလည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ နိုင်ငံတကာက အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။  အခုလိုစတင်တော့မယ့် 4G စနစ်ကြီးရဲ့ အကျိုးကျေးဇူးတွေကြောင့် မြန်မာနိုင်ငံကြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ မျှော်လင့်ပါတယ်။