မြန်မာနိုင်ငံမှ Visa သုံးစွဲသူများအနေဖြင့် Biometrics နည်းလမ်းများကို အသုံးပြုလိုကြကြောင်း လေ့လာဆန်းစစ်ချက်တစ်ရပ် Visa ထုတ်ပြန်

မြန်မာနိုင်ငံမှ Visa သုံးစွဲသူများအနေဖြင့် ငွေပေးချေမှုဆိုင်ရာများတွင် Biometrics နည်းလမ်းများဖြစ်သော (လက်ဗွေရာ၊ မျက်နှာသွင်ပြင်လက္ခဏာများ၊ အသံ၊ မျက်ကြည်လွှာ၊ သွေးပြန်ကြော၊ DNA စသည်တို့ဖြင့် Scan ဖတ်ခြင်း၊ အသိ အမှတ်ပြုခြင်း) စသည်တို့ကို ပြောင်းလဲအသုံးပြုလိုကြကြောင်း Visa မှ လေ့လာဆန်းစစ်ချက်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ လတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါလေ့လာဆန်းစစ်ချက်သည် သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်းလေ့လာဆန်းစစ်ချက်မှ ထပ်မံတွေ့ရှိချက်များဖြစ်ပြီး လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူအားလုံး၏ တစ်ဝက်နီးပါး (၄၀ ရာခိုင်နှုန်း) ခန့်သည် ငွေပေးချေမှုများနှင့် စိစစ်အတည်ပြုခြင်း (Authentication) တို့အတွက် Biometrics နည်းလမ်းများကို ပြောင်းလဲ အသုံးပြု ရန် စိတ်ဝင်စားမှုရှိကြသည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။
အဆိုပါလေ့လာဆန်းစစ်ချက်သည် ငွေပေးချေမှု၊ အသစ်ပေါ်ထွက်လာသော ငွေပေးချေမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံနားလည်မှု၊ သဘောထားနှင့်အမူအကျင့်များအကြောင်းကို တိကျနက်နဲစွာလေ့လာသုံးသပ် ထားသော အစီရင်ခံစာတစ်ရပ်ဖြစ်ကြောင်းလည်းသိရသည်။


Photo Source – https://usa.visa.com/visa-everywhere/blog.html
“သုံးစွဲသူတွေရဲ့ ငွေပေးချေမှုပြုလုပ်တဲ့ပုံစံကို ပြောင်းလဲပေးနေတဲ့ အသစ်အသစ်သော ငွေပေးချေမှုနည်းလမ်းတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံကသုံးစွဲသူတွေဟာ ငွေပေးချေမှုနည်းလမ်းပိုင်းရဲ့ နည်းပညာတိုးတက်မှုတွေကို သဘောကျ တယ်ဆိုတာ သိနိုင်ပါတယ်။ နည်းပညာပိုင်း နားလည်တတ်ကျွမ်းမှုရှိနေပြီဖြစ်တဲ့ မြန်မာပြည်သူတွေက ဒစ်ဂျစ်တယ် ငွေပေးချေမှုအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်လာကြတာကြောင့် ကျွန်မတို့အနေနဲ့လည်း စိတ်အားတက် မိပါတယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က ပြောကြားသည်။
အဆိုပါလေ့လာဆန်းစစ်ချက်အရ Biometric နည်းလမ်းများထဲတွင် အသုံးအများဆုံးနည်းလမ်းများမှာ လက်ဗွေ Scan ဖတ်ခြင်း (၅၂ ရာခိုင်နှုန်း)၊ မျက်နှာသွင်ပြင် လက္ခဏာများ အသိအမှတ်ပြုခြင်း (၁၇ ရာခိုင်နှုန်း) ၊ မျက်ကြည်လွှာ Scan ဖတ်ခြင်း (၉ ရာခိုင်နှုန်း) နှင့် အသံအသိအမှတ်ပြုခြင်း (၅ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်းလည်းသိရသည်။
ဆန်းစစ်ချက်အရ ဖြေဆိုသူများ၏ ၉၉ ရာခိုင်နှုန်းသည် လက်ဗွေ Scan ဖတ်ခြင်းနည်းလမ်းကို အသုံးပြုရသည်မှာ အဆင်ပြေလွယ်ကူသည်ဟု ဖြေဆိုခဲ့ကြပြီး ထိုနည်းလမ်းသည် အဆင်ပြေလွယ်ကူမှုအဆင့်၏ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိ သည်။ မျက်နှာသွင်ပြင် လက္ခဏာများ အသိအမှတ်ပြုခြင်းနည်းလမ်းသည် ၉၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေကာ၊ အသံဖြင့် အသိအမှတ်ပြုခြင်းနည်းလမ်းသည် ၉၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံမှ ဖြေဆို သူများအတွက် မျက်ကြည်လွှာ Scan ဖတ်ခြင်းနည်းလမ်းမှာ အဆင်ပြေလွယ်ကူမှု အနည်းဆုံးဖြစ်ကာ ၈၉ ရာခိုင်နှုန်းသာ ရှိထားပြီးဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ လေ့လာဆန်းစစ်ချက်တွင် မြန်မာနိုင်ငံသားများအနေဖြင့် စမတ်နာရီ (Smartwatch)၊ လက်ပတ် (Wristband) နှင့် လက်စွပ် (Ring) စသည့် အဆင်တန်ဆာပစ္စည်းများဖြင့် လုပ်ဆောင်ရသော ငွေပေးချေမှုများအကြောင်း သိရှိနားလည်မှု၊ စိတ်ဝင်စားမှုအခြေအနေကိုလည်း ထည့်သွင်းလေ့လာခဲ့ကြောင်းလည်းသိရသည်။ ထပ်မံတွေ့ရှိချက်များအရ ဖြေဆိုသူ ၁၀ ဦး တွင် ၁ ဦး (၉ ရာခိုင်နှုန်း) ကသာ ဤကဲ့သို့ အဆင်တန်ဆာပစ္စည်းများဖြင့် ငွေပေးချေမှုပြုလုပ်နိုင်ကြောင်းကို သိရှိ ထားသည်ဟု သိရသည်။ သို့ရာတွင် ထိုသို့ သတိပြုသိရှိမှု နည်းပါးနေသေးသော်လည်း ဖြေဆိုသူများ၏ တစ်ဝက်ခန့် (၄၁ ရာခိုင်နှုန်း) သည် ဤကဲ့သို့ နည်းပညာအသုံးပြု၍ ငွေပေးချေမှုများပြုလုပ်ရန် စိတ်ဝင်စားကြကြောင်းဖော်ပြခဲ့ကြဟုလည်း ထုတ်ပြန်ထားသည်။

Photo Source – https://usa.visa.com/visa-everywhere/blog.html

မြန်မာနိုင်ငံမှ သုံးစွဲသူများအနေဖြင့် ငွေပေးချေမှုများပြုလုပ်ရာတွင် ငွေပေးချေမှုပြုလုပ်ရန် အသုံးပြုချင်ဆုံးနည်းလမ်းများကို ဖြေဆိုရာတွင် စမတ်နာရီအသုံးပြုသည့်နည်းလမ်းသည် နှစ်သက်သူ ၃၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ၊ ၎င်း၏ နောက်တွင် လက်ပတ်အသုံးပြုသည့်နည်းလမ်း (၂၆ ရာခိုင်နှုန်း) ၊ လက်စွပ်အသုံးပြုသည့်နည်းလမ်း (၂၂ ရာခိုင်နှုန်း) တို့ ရှိကြောင်းသိရသည်။ အဆင်တန်ဆာပစ္စည်းများဖြင့် လုပ်ဆောင်ရသော ငွေပေးချေမှုနည်းလမ်းများ၏ အဆင်ပြေ လွယ်ကူမှုအဆင့်နှင့် စပ်လျဉ်း၍ မေးမြန်းရာ၌ မြန်မာနိုင်ငံသားဖြေဆိုသူအားလုံးနီးပါးက (၉၉ ရာခိုင်နှုန်း) လက်ပတ် အသုံးပြုသည့်နည်းလမ်းကို အသုံးပြုသည်မှာ အဆင်ပြေဆုံးဟုဖြေဆိုကြကာ ဒုတိယအနေဖြင့် စမတ်နာရီ အသုံးပြုသည့် နည်းလမ်း (၉၈ ရာခိုင်နှုန်း) ၊ တတိယအနေဖြင့် လက်စွပ်အသုံးပြုသည့်နည်းလမ်း (၉၅ ရာခိုင်နှုန်း) တို့က ရပ်တည်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံမှ ငွေကြေးသုံးစွဲသူများသည် ကြိုတင်မှာယူမှုများ၊ ငွေပေးချေခြင်း၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှာယူခြင်းတို့ကဲ့သို့သော လုပ်ငန်းဆောင်တာများအတွက် AI Chatbot များ အသုံးပြု ခြင်းကို သဘောကျကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။ ဖြေဆိုသူများ၏ ၁ ရာခိုင်နှုန်းခန့်ကသာ AI Chatbot ကို အသုံးပြုဖူးသည်ဟု ဆိုသော်လည်း စစ်တမ်းကောက်ယူခဲ့သည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က ၎င်းတို့အနေဖြင့် အဆိုပါ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး သဘောကျကြိုက်နှစ်သက်မှုရှိသည်ဟု ဖြေဆိုခဲ့ကြကြောင်းသိရသည်။