မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ၏ ထိပ်တန်း Super App တစ်ခုဖြစ်သည့် Grab သည် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်လုပ်ငန်းများအတွက် အရင်းအနှီး နည်းနည်းဖြင့် နေရာအနှံ့ရှိ စားသုံးသူများထံ တိုးချဲ့ရောင်းချနိုင်ရေး ပံ့ပိုးပေးရန် ပထမဆုံးသော Yangon GrabFood Kitchen ကို များမကြာမီကာလအတွင်း အကောင်အထည်ဖော်ဖွင့်လှစ်သွားရန် အစီအ စဉ်ရှိကြောင်း မတ်လ ၆ ရက်နေ့က Fortune Plaza တွင် ကျင်းပခဲ့သည့် Myanmar Franchise Expo & Conference ဖွင့်ပွဲနေ့အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။ 
Photo source https://www.grab.com/mm/
Grab Application အနေနှင့် နေ့စဉ်သွားလာမှုအတွက် သုံးစွဲနေသည့်ခရီးသည် အမြောက်အမြား ရှိနှင့်နေပြီဖြစ်သောကြောင့် အစားအသောက်အတွက်လည်း ရှိပြီးသား သုံးစွဲသူများကို အလွယ်တကူ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ Grab နှင့်လက်တွဲလုပ်ကိုင်နေသော မိတ်ဖက်စားသောက်ဆိုင် လုပ်ငန်းတွေအတွက် အကျိုးရလာဒ်တစ်ခု ဖြစ်ပြီး စားသုံးသူအသစ်များကို တကူးတကရှာရန်မလိုတော့ဘဲ လက်ရှိသုံးစွဲနေသော user များနှင့် တိုက်ရိုက်ချိတ်ဆက်ခွင့် ရရှိသွားမည် ဖြစ်သည်။
“Grab အပါအဝင် နိုင်ငံတကာ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတွေဟာ စုပေါင်း စားဖိုဆောင် (cloud kitchens) နဲ့ မျှဝေအသုံးပြုနိုင်တဲ့ စားဖိုဆောင်နေရာတွေလိုမျိုးတွေ ဖန်တီးပြီး မိတ်ဖက်စားသောက်ဆိုင် လုပ်ငန်းတွေအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ နေရာသစ်တွေမှာ စားသုံးသူအသစ်တွေရရှိဖို့အတွက် တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ မိတ်ဖက်လုပ်ငန်းရှင်တွေဟာ အသုံးအဆောင်တွေ ပါဝင်ပြီးသား ဖြစ်တဲ့ မီးဖိုဆောင်နေရာကို စရိတ်နည်းနည်းနဲ့ လိုအပ်သလောက် ဝန်ထမ်းအနည်းငယ်နဲ့ပဲ တိုးချဲ့ ဖွင့်လှစ်နိုင်မှာဖြစ်သလို GrabFood လို အစားအသောက်ပို့ဆောင်တဲ့ဝန်ဆောင်မှုကနေ အစားအသောက် အမှာအော်ဒါတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။ Grab ဟာ အရှေ့တောင်အာရှဒေသတွင်းမှာ cloud kitchen စားဖိုဆောင်ပေါင်း ၅၀ကျော်ကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ Grab ရဲ့ စုပေါင်းစားဖိုဆောင်တွေက အင်ဒိုနီးရှားမှာ အများဆုံး ရှိနေပြီး ၂၀၂၀ ခုနှစ်မှာ GrabFood ဝန်ဆောင်မှုရှိတဲ့ နိုင်ငံတွေမှာ ဆက်ပြီး ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု GrabFood Myanmar ၏ Head ဖြစ်သူ ကိုမြတ်ကောင်းမင်းက အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ရှေ့အလားအလာကို ပြောပြသည်။ 
Photo source https://www.grab.com/mm/
ယခုအခါတွင် အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာကြပြီး အက်ပလီကေးရှင်းတွင်းမှ အစားအသောက်အမယ်မျိုးစုံကို ကြည့်ရှုရွေးချယ်မှာယူနိုင်ခြင်း၊ မှာယူသည့်အစားအ သောက်တို့ကို နာရီဝက်မှ ၄၅ မိနစ် အတွင်း မိမိအိမ်ရှေ့တံခါးဝအရောက် ပို့ဆောင်ပေးနိုင်ခြင်းတို့ဖြင့် မိသားစုတွင်း၊ လုပ်ငန်းခွင်တွင်း လိုအပ်ချက်တို့ကို လွယ်ကူအဆင်ပြေစွာ ဖြေရှင်းပေးနိုင်ခြင်းတို့ကြောင့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူများပြားလျက်ရှိသည်ကို မြင်တွေ့နေရပြီ ဖြစ်သည်။ 
Photo source https://www.grab.com/mm/
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်းပဲ ဒီဒစ်ဂျစ်တယ်ပလက်ဖောင်းမှာ မိတ်ဖက်တွေရဲ့ ဝင်ငွေအခွင့်အလမ်းကို ကျွန်တော်တို့ရဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေ အခြေခံပြီး တိုးတက်မြင့်မားလာဖို့ လုပ်ဆောင် နေပါတယ်။ ဒါကြောင့် မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေအခွင့်အလမ်းကို ထိခိုက်စေတဲ့ ကန့်သတ်မှုမျိုး လုပ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ Grab Taxi အငှားယာဉ်မောင်းတွေဆိုလည်း အလားတူပဲ. ကျွန်တော်တို့ App နဲ့ပဲ မောင်းရမယ်လို့ မကန့်သတ်ထားဘူး။ သူတို့ အဆင်ပြေတဲ့အချိန် အဆင်ပြေတဲ့ နည်းနဲ့ သူတို့ စိတ်ကြိုက် ဆွဲလို့ ရတယ်။ လမ်းပေါ်ကနေပဲ ခရီးသည်တင်သွားလို့ ရတယ်။ ဒါက သူတို့ရဲ့ဝင်ငွေဖန်တီးနိုင်တဲ့အခွင့်အလမ်းကို ဖွင့်ပေးထားတဲ့သဘောပဲ..။ ဒီလိုပဲ ကျွန်တော်တို့ မိတ်ဖက်လုပ်ငန်းတွေကို GrabFood နဲ့ပဲ လုံးလုံးလက်တွဲရမယ် ဆိုတာမျိုး လုံးဝ မကန့်သတ်ဘူး။ မိတ်ဖက်လုပ်ငန်းရှင်တွေဟာ သူတို့ ကြိုက်တဲ့ ဝန်ဆောင်မှုမှန်သမျှနဲ့ လက်တွဲပြီး လုပ်ကိုင်ခွင့်ရှိတယ် ဒါမှလည်း သူတို့တွေရဲ့ ဝင်ငွေအခွင့်အလမ်းဟာ မြင့်တက်နိုင်မှာပါ။ ဒါ့အပြင် စားသုံးသူတွေ အတွက်လည်း ဒီလို အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတွေများများရှိတာဟာ ပြိုင်ဆိုင်မှုဖြစ်စေတယ်။ လုပ်ငန်းလည်ပတ်မှု ဝန်ဆောင်မှုတွေကိုလည်း သူ့ထက်ငါ သာအောင် လုပ်ရတဲ့အတွက် စားသုံးသူတွေအတွက် အကျိုးရှိတယ်” ဟု ပြိုင်ဆိုင်မှုသည် စားသုံးသူရော လုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက်ပါ အကျိုးရှိကြောင်း ကိုမြန်ကောင်းမင်းက ပြောပြခဲ့သည်။