မြန်မာပြည်ရဲ့ လေးခုမြောက် တယ်လီဖုန်းအော်ပရေတာ

Image Source : https://www.flickr.com

အခုလက်ရှိမြန်မာပြည်မှာ MPT, Ooredoo, Telenor စတဲ့ တယ်လီဖုန်းအော်ပရေတာ (၃)ခုက ၀န်ဆောင်မှုတွေပေးနေပြီး လာမယ့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ လေးခုမြောက် တယ်လီဖုန်းအော်ပရေတာဖြစ်တဲ့ Myanmar National Tele  & Communications Co., Ltd( MNTC ) ကလည်း Mytel ဆင်းကဒ်တွေနဲ့ ၀န်ဆောင်မှုတွေပေးလာတော့မှာဖြစ်ပါတယ်။

MNTC ဆိုတာကတော့ ပြည်တွင်းကုမ္ပဏီနှစ်ခုနဲ့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပြည်တွင်းကုမ္ပဏီတွေကတော့ ကုမ္ပဏီ(၁၁)ခုနဲ့ အများပိုင်ဖွဲ့ထားတဲ့ Myanmar National Telecom Holding Co.,Ltd နဲ့ Star High ကုမ္ပဏီတို့ပဲဖြစ်ပါတယ်။ စုပေါင်းရင်းနှီးမြှုပ်နှံမှု အနေနဲ့ကတော့ Viettel ကုမ္ပဏီက ၄၉ ရာခိုင်နှန်း၊ Star High က ၂၈ ရာခိုင်နှုန်းနဲ့  Myanmar National Telecom Holding Co.,Ltd က ၂၃ ရာခိုင်နှုန်းတို့ ပါ၀င်ထားကြပါတယ်။ MNTC အနေနဲ့ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်အစိုးရဆီမှ (၁၅) နှစ်တာလုပ်ငန်းလိုင်စင် ရရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ အခြေခံလိုအပ်ချက်များ စတင်ဆောင်ရွက်နေပြီး ဆင်းကဒ်စတင်ဖြန့်ချိမှုကိုတော့ လာမယ့်နှစ်ဆန်းပိုင်းလောက်မှသာ စတင်နိုင်မယ်လို့ ဆိုထားပါတယ်။ အစပထမရင်နှီမြှုပ်နှံမှုပိုင်းမှာ ငွေကြေးပမာဏနည်းနိုင်ပေမယ် နောက်ပိုင်းမှာတော့ ဒေါ်လာနှစ်ဘီလျံကျော်အထိ မြှုပ်နှံသွားမယ်လို့သိရပါတယ်။

လေးခုမြောက် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ MNTC  ဟာ ကျေးလက်ဒေသကို အဓိကအခြေခံထားမယ်လို့ ဆိုထားပြီး မြို့ပြနှင့် တောင်ပေါ်ဒေသများပါမကျန် နိုင်ငံ့လူဦးရေ (၉၅) ရာခိုင်နှုန်းထိ ကွန်ရက်လွှမ်းခြုံသွားမယ်လို့ သိရပါတယ်။ ဆင်းကဒ်အမည်ကို Mytel လို့ပေးထားပြီး my ဆိုတာ Myanmar ကို ရည်ညွှန်းခြင်းဖြစ်ပြီး tel ဆိုတာ Telecom ကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။

ဖုန်းခေါ်ဆိုခများကို မသတ်မှတ်ရသေးသော်လည်း မျက်နှာသစ်ကုမ္ပဏီတစ်ခုအနေနဲ့ စျေးကွက်၀င်၀င်ချင်းမှာတော့ လက်ရှိစျေးနှုန်းများထက် ပိုပြီးလျော့နည်းနိုင်ပါတယ်။ MNTC အနေနဲ့  ပြိုင်ဘက်များနဲ့ယှဉ်ပြိုင်ရာတွင် အင်တာနက်ပိုင်းကို အဓိကထားသွားမှာဖြစ်ပြီး လက်ရှိအမြန်နှုန်းတွေထက် နှစ်ဆလောက်ထိ မြန်နိုင်အောင်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ တိုက်ရိုက်ခန်းထားမှု ခြောက်ထောင်ခန့်နှင့် ဆက်စပ်ခန့်ထားမှုတွေအဖြစ် သိန်းနှင့်ချီပြီး ဖန်တီးပေးသွားမယ်လို့ဆိုထားပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့ကတော့ တယ်လီဖုန်းဆက်သွယ်ရေးဏ္ဍမှာ အရင်နှစ်တွေကထက်စာရင် အများကြီး ပြောင်းလဲတိုးတက်သွားတယ်ဆိုပေမယ့်လည်း လက်ရှိစျေးနှုန်းတွေကိုတော့ သိပ်ပြီးသဘောမကျနိုင်ကြသေးပါဘူး။ ဒါကြောင့် နေက်ထပ်ကုမ္ပဏီသစ်တစ်ခု ပေါ်ပေါက်လာမယ်ဆိုတော့ အပြိုင်အဆိုင် ရောင်းလိုအားသဘောနဲ့အညီ စျေးနှုန်းနဲ့၀န်ဆောင်မှုပိုင်းတွေမှာ ခုလက်ရှိထက် ပိုမိုကောင်းမွန်လာဖို့ မျော်လင့်နေကြပါလိမ့်မယ်။