E-Bagan ဆိုတဲ့ ပုဂံဘုရားသမိုင်းနဲ့လမ်းညွှန် မိုဘိုင်းလ်အပလီကေးရှင်း

Image Source: https://visualhunt.com/photo/195991/

ခုခေတ်က နည်းပညာခေတ်ဆိုတော့ တစ်ချို့ကိစ္စတွေမှာ စာအုပ်တွေနဲ့ သိပ်ပြီးမဆိုင်တော့သလို ဖြစ်လာပါပြီ။ စာရွက်ပေါ်မှာ ချရေးတဲ့ အကြောင်းအရာတွေကို ဖုန်းထဲထည့်လိုက်ရင် အသုံးပြုရတာ ပိုပြီးလွယ်ကူသွားလို့ပါပဲ။ အရင်တုန်းကဆို မှတ်စုပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် စာရွက်ကိုပဲ အခြေခံခဲ့ကြရတာဆိုပေမယ့် ခုခေတ်မှာတော့ ခေတ်ပေါ်အီလက်ထရောနစ် ပစ္စည်းတွေနဲ့ပဲ အလုပ်လုပ်နေကြရတာ အားလုံးအသိပါပဲ။ ဒါ့ကြောင့်ပဲ အမျိုးမျိုးသော ပုံနှိပ်စာအုပ်တွေ၊ သတင်းစာတွေဟာလည်း အီလက်ထရောနစ်စနစ်ကို ပြောင်းလဲလာခဲ့ကြရပါပြီ။ အသုံးပြုရတာ မြန်ဆန်လာတယ်၊ သိမ်းဆည်းရတာလည်း အလုပ်မရှုပ်စေဘူး။ အရင်ကထက်အများကြီး လွယ်ကူလာတယ်။

အခုလည်း ပုဂံကိုအလည်လာမယ့် ဧသည်တွေအတွက် လမ်းညွှန်ပေးဖို့ မိုဘိုင်းအပလီကေးရှင်းတစ်ခုကို ရေးသားနေပြီလို့ သိရပါတယ်။ ဒါအရမ်းကောင်းတဲ့ ကိစ္စတစ်ခုဆိုတာထက် တကယ်ကို လိုအပ်နေတဲ့ အရာတစ်ခုလို့ မြင်ပါတယ်။ အရင်တုန်းက ထုတ်ဝေခဲ့တဲ့ လမ်းညွှန်စာအုပ်တွေ၊ ဘုရားသမိုင်းစာအုပ်တွေလည်း များစွားရှိပါတယ်။ ဒါပေမယ့် အခုလုပ်မယ့်အစီအစဉ်က အဲဒီစာအုပ်တွေထက် အဘက်ဘက်က ပိုမိုလွယ်ကူပြီး အဆင်ပြေစေမှာပါ။ စာအုပ်ကြီးကိုင်ပြီး သွားနေရတာထက် ဖုန်းထဲကနေ ဖွင့်ကြည့်ရတာ ပိုပြီးလွယ်ကူသလို၊ ပိုပြီးလည်း အသုံး၀င်ပါတယ်။ ဉပမာ- စာအုပ်မှာဆိုရင် လမ်းညွှန်တဲ့ အပိုင်းတွေကို ထည့်ရေးပေးထားလို့ ရတယ်ဆိုပေမယ့် စမတ်ဖုန်းထဲက အင်တာနက်လိုင်းနဲ့ ညွှန်ပေးတာလောက်တော့ အဆင့်မြင့်မှာ မဟုတ်ပါဘူး။ စာအုပ်ထဲမှာဆိုရင် ဘယ်နေရာကနေ ဘယ်နေရာသို့ ဘယ်လမ်း၊ ဘယ်နည်းအတိုင်းသွား၊ အကွာအဝေး ဘယ်လောက်ရှိတယ် ဆိုရုံလောက်ပဲ ထည့်ရေးပေးထားလို့ ရနိုင်ပါမယ်။ တကယ်လို့ မိမိရောက်နေတဲ့ နေရာက အထင်ကရနေရာ တစ်ခုမဟုတ်ဘဲ လမ်းခုလတ်တစ်နေရာဆိုရင်တော့ စာအုပ်ကို အားကိုးလို့ ရမှာမဟုတ်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံခြားက လေ့လာရေးခရီးသည်တွေပေါ့။

လမ်းညွှန်စာအုပ်တွေထက် ဖုန်းအပလီကေးရှင်းနဲ့ဆိုရင် ခရီးသည်တွေအတွက် လျှောက်လည်ရတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ GPS စနစ်နဲ့ မိမိရောက်နေတဲ့ နေရာကနေ သွားလိုတဲ့နေရာကို အလွယ်တကူရှာနိုင်တာမို့  ခရီးအကွာအဝေးနဲ့  အသေအချာတွက်ချက်ပြီး တစ်နေ့တာ ခရီးကိုအဘက်ဘက်က အကောင်းဆုံးဖြစ်အောင် စီမံနိုင်ပါလိမ့်မယ်။ ပြီးတော့ ဘုရားသမိုင်းတွေပါ ထည့်ပေးထားမှာမို့ ဦးစားပေးသွားလိုတဲ့ နေရာတွေကို ရွေးချယ်လို့ ရပါမယ်။ အပလီကေးရှင်းထဲမှာ ပါ၀င်တဲ့ အကြောင်းအရာတွေနဲ့ ဖွဲ့စည်းပုံကောင်းရင် ကောင်းသလောက် အသုံး၀င်မယ်၊ အကျိုးရှိမယ်။

အခုတော့ အပလီကေးရှင်းက ရေးနေတုန်းဆိုတော့ ဘာတွေဘယ်လို စီမံထားမလဲဆိုတာ မသိနိုင်ပေမယ့် လိုအပ်တာတွေအားလုံး ပြည့်စုံမယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကွန်ပျူတာ ပညာရှင်အသင်းကလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီအပလီကေးရှင်းကို E-Bagan လို့နာမည်ပေးထားပြီး မန္တလေးမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေက နောက်ဆုံးနှစ်ကျောင်းသား (၃၆)ဦးကို မန္တလေးကွန်ပျူတာ ပညာရှင်အသင်းက သင်တန်းတွေ ပို့ချပေးနေပြီး အားလုံးပြီးစီးတဲ့အထိ ကြီးကြပ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီလိုအစိုးရပိုင်းနဲ့ ပညာရှင်တွေပါ ပါ၀င်ကူညီပေးထားတာဆိုတော့ တော်တော်ကောင်းမွန်၊အသုံး၀င်တဲ့ လမ်းညွှန်အပလီကေးရှင်းတစ်ခု ဖြစ်လာမှာ ကြိမ်းသေပါတယ်။

ပုဂံဒေသရဲ့ မြေပြင်အနေအထားတွေ၊ ဘုရားတွေရဲ့ သမိုင်းကြောင်းနဲ့ ပုံတွေ၊ လမ်းညွှန်မှုအတွက် အကွာအဝေးတွေ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အရေးပေါ်အကူအညီတွေအတွက် ဆက်သွယ်ရမယ့် ဖုန်းနံပါတယ်တွေ၊ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းတွေ စတဲ့အခြေခံ လိုအပ်ချက်တွေ ပြည့်ပြည့်စုံစုံ ပါ၀င်နေဖို့တော့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ပုဂံဒေသကို လာရောက်လည်ပတ်တဲ့သူတိုင်း သွားလာရေးတွေ အဆင်ပြေပြေဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ E-Bagan မိုဘိုင်းလ် အပလီကေးရှင်း အဆင့်မြင့်မြင့်နဲ့ အမြန်ဆုံးထွက်လာဖို့ မျှော်လင့်မိပါတယ်။