ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် ငွေလွှဲကဒ်

Image Source: https://www.kbzbank.com/mm/

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုဆီသို့ အလွယ်တကူ ငွေလွှဲပို့နိုင်ဖို့အတွက်  မြန်မာငွေလွှဲကဒ်(Myanmar Remit Card) ဆိုတဲ့ ငွေလွှဲကဒ်တစ်ခုကို KBZ Bank နဲ့ ထိုင်းနိုင်ငံက Kasikorn Bank တို့ပူးပေါင်းစီစဉ်လိုက်ပါတယ်။ ထိုင်းရောက် မြန်မာတွေအနေနဲ့ အဲဒီကဒ်ကိုသုံးပြီး မြန်မာပြည်က ငွေလက်ခံမယ့်အကောင့်တစ်ခုစီသို့ တစ်ရက်ကိုတစ်ကြီမ်နှုန်းနဲ့ ထိုင်းဘတ်ငွေတစ်သိန်း(ကျပ် ၃၉သိန်း၀န်းကျင်) အထိ အများဆုံး လွဲပို့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်က လက်ခံမယ့်သူတွေ အနေနဲ့လည်း တစ်ပြည်လုံးမှာရှိတဲ့ KBZ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ နေ့ချင်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ထိုင်းရောက်မြန်မာတွေအနေနဲ့ ဒီငွေလွှဲကဒ်ကို နီးစပ်ရာ Kasikorn Bank တွေမှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ဒီအစီအစဉ်က သီးသန့်အနေအထားတော့ ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံကငွေလွဲပို့ပေးမယ့် သူအတွက်တော့ အထွေအထူးဘာတစ်ခုမှတော့ မရှိပါဘူး။ သူ့ရဲ့ဒီကဒ်ထဲကနေ ရှိတဲ့ငွေကို အလွယ်တကူလွဲလိုက်ရုံပါပဲ။ ဒါပေမယ့် မြန်မာပြည်က ထုတ်မယ့်လူအတွက်ကျတော့ အခြေခံလိုအပ်ချက်တွေရှိလာပါပြီ။ ပထမဦးဆုံးအနေနဲ့ ထုတ်မယ့်လူမှာ ဘဏ်အကောင့်တစ်ခုရှိဖို့ လိုအပ်ပါမယ်။ မရှိရင်တော့ ဒီကဒ်နဲ့ငွေလွှဲဖို့ မဖြစ်နိုင်တော့ပါဘူး။ မြန်မာပြည်မှာက ဘဏ်အကောင့်တွေဖွင့်တာ၊ ကဒ်ကိုင်တယ်ဆိုတာက လူတိုင်းလိုလို လုပ်လေ့လုပ်ထမရှိကြသေးပါဘူး။ အရေအတွက်တော်တော် နည်းနေပါသေးတယ်။ ဒါ့ကြောင့် ဒီငွေလွဲမှုအစီအစဉ် အသုံးပြုတော့မယ် ဆိုရင်တော့ ထိုင်းမှာရှိတဲ့လူရော၊ မြန်မာပြည်ကမိသားစု၀င်ကော သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်စရာတွေကို ကြိုလုပ်ထားရပါလိမ့်မယ်။

နောက်တစ်ခုက KBZ Bank နဲ့ သူ့ရဲ့ ATM စက်တွေမှာပဲ ထုတ်မှရမယ့်ကိစ္စပါ။ KBZ Bank တွေကတော့ မြို့ကြီးတွေဆိုရင် နေရာတိုင်းလိုလိုမှာ ရှိတယ်ဆိုပေမယ့်လည်း ပိတ်ရက်တွေဆိုရင်တော့ အဆင်မပြေတော့ဘူး။ ပြီးတော့ နယ်မြို့ငယ်လေးတွေဆိုရင်လည်း KBZ Bank က မရှိသေးပါဘူး။ မြန်မာ့စီးပွားရေဘဏ် တစ်ခုတည်းပဲရှိပါလိမ့်မယ်။ ATM ကနေထုတ်မယ်ဆိုရင်တော့ ပိတ်ရက်ပြဿနာ မရှိပေမယ့် သူကလည်း မြို့တိုင်း နေရာတိုင်းမှာ မရှိသေးပါဘူး။ အရေအတွက် အရမ်းနည်းနေပါသေးတယ်။ ဒီ(၂)ခုမှာ အဓိကပြဿနာက KBZ Bank တစ်ခုတည်းမှာမှ ထုတ်လို့ရနိုင်မယ့်အချက်ပါပဲ။ ATM စက်ကတော့ ပိတ်ရက်တွေမှာဆို အသုံး၀င်တာ တစ်ခုတည်းပါပဲ။ လိုအပ်တဲ့အချက်တစ်ခု ထပ်ထည့်ပေးစေချင်တာက ဘာလဲဆိုတော့ မြန်မာပြည်ရဲ့မြို့တိုင်းမှာရှိတဲ့ မြန်မာ့စီးပွါးရေးဘဏ်မှာပါ ထုတ်လို့ရနိုင်အောင် စီစဉ်ပေးစေချင်တာပါပဲ။ ဒါမှလည်း KBZ Bank မရှိသေးတဲ့ နယ်မြို့ငယ်တွေကလူတွေအတွက် အဆင်ပြေနိုင်မှာမို့လို့ပါ။ လက်ရှိမြန်မာနိုင်ငံမှာက ဘဏ်တွေအချင်းချင်း ချိတ်ဆက်လုပ်ကိုင်မှုတွေ အရမ်းအားနည်းနေပါသေးတယ်။ အထူးသဖြင့် ငွေလွဲတဲ့ကိစ္စတွေမှာ  မိမိဘဏ်အချင်းချင်းပဲ ၀န်ဆောင်မှုပေးကြပါတယ်။ အခြားဘဏ်တွေနဲ့ ငွေပို့ငွေလွဲကိစ္စတွေကို ဆောင်ရွက်ပေးတာတွေက အရမ်းနည်းနေပါသေးတယ်။

ထိုင်းနိုင်ငံမှာ KBZ Bank နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်(၄)ဘဏ်ရှိပါတယ်။  Siam Commercial Bank၊ Bangkok Bank၊ Kasikorn Bank နှင့် Krung Thai Bank တို့ပါ။ ဒီဘဏ်တွေကနေ မြန်မာပြည်သို့ ငွေလွှဲမယ်ဆိုရင်  Worker Remittance နဲ့ Commercial Remittance ဆိုတဲ့ နည်းလမ်း(၂)မျိုးရှိပါတယ်။

Worker Remittance နဲ့ငွေလွဲမယ်ဆိုပါက ဘဏ်အကောင့်ရှိဖို့တော့ မလိုပါဘူး။ ငွေထုတ်ယူတဲ့အခါ မှတ်ပုံတင်မူရင်းကိုယူဆောင်လာပြီး လျှို့ဝှက်ဂဏန်းကိုပြောရုံနဲ့ အဆင်ပြေပါပြီ။ ဒီ Worker Remittance စနစ်ကိုတော့ Siam Commercial Bank၊ Bangkok Bank နဲ့ Krung Thai Bank တို့ကနေလွှဲနိုင်ပေမယ့် Kasikorn Bank ကတော့ ဒီစနစ်ကို ၀န်ဆောင်မှုပေးမှာ မဟုတ်ပါဘူး။

တကယ်လို့ Commercial Remittance နဲ့လွဲမယ်ဆိုရင်တော့ ဘဏ်(၄)ဘဏ်စလုံးမှာ အဆင်ပြေပါတယ်။ ထုတ်ယူမယ်သူအနေနဲ့ KBZ Bank မှာ အကောင့်ဖွင့်ထားဖို့လိုပါမယ်။ ထိုင်းနိုင်ငံကလွှဲလိုက်တဲ့ ငွေတွေဟာအဲဒီအကောင့်ထဲသို့ တိုက်ရိုက်ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ငွေလွှဲပို့ပေးမယ့်သူကတော့ KBZ Bank ရဲ့ SWIFT Code ဖြစ်တဲ့ KBZBMMMY ကိုတော့ မှတ်ထားရပါလိမ့်မယ်။ ပြီးတော့ငွေထုတ်ယူမယ့်လူရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာအပြည့်အစုံ၊ ကမ္ဘောဇဘဏ်အကောင့်နံပါတ်(Commercial Remittance) တို့လိုဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။

လက်ရှိမြန်မာပြည်မှာ ဘဏ်ခွဲအများဆုံး ပုဂ္ဂလိကဘဏ်ဆိုရင်တော့ KBZ Bank ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ငွေလွှဲ၊ငွေပို့ လုပ်ဆောင်မှု အများဆုံးဘဏ်လို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအနေနဲ့တော့ မိသားစုတွေဆီ ငွေလွှဲပို့ပေးမယ်ဆိုရင် ဘဏ်မှတစ်ဆင့် မဟုတ်ဘဲ ငွေလွှဲ၀န်ဆောင်မှုပေးတဲ့ အေဂျင်စီတွေလည်း များစွာရှိပါတယ်။ ဒါတွေကလည်း အတိုင်းအတာတစ်ခုထိကို ယုံကြည်မှုနဲ့ အာမခံချက်တွေ ရှိနေတာကြောင့် အောင်မြင်စွာ ရပ်တည်နေနိုင်ကြတာပဲ ဖြစ်ပါတယ်။

KBZ Bank နဲ့ Kasikorn Bank တို့ပူးပေါင်းပြီး လုပ်လိုက်တဲ့ မြန်မာငွေလွှဲကဒ် ၀န်ဆောင်မှုကတော့ အောင်မြင်မှုရှိမရှိဆိုတာ မသေချာသေးပါဘူး။ အားနည်းချက်အနေနဲ့ မြင်တာကတော့ မြန်မာပြည်ကနေ ငွေလက်ခံထုတ်ယူမှု အပိုင်းမှာ ဘဏ်အကောင့်ရှိဖို့လိုအပ်တဲ့ အချက်ပါပဲ။  မှတ်ပုံတင်ပြရုံနဲ့ ငွေထုတ်လို့ရတဲ့ လွယ်ကူတဲ့၀န်ဆောင်မှုကိုပဲ လူတွေကနှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ဒီအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။