ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် IoT ၏ အကျိုးသက်ရောက်မှု

IoT လို့ခေါ်တဲ့ Internet of Things ဟာ နှစ်အနည်းငယ်အတွင်း ကမ္ဘာ တစ်လွှားမှာ လူပြောများ ရေပန်းစားလို့ လာပါတယ်။ Sensor တွေကို လူသားတွေ နေ့စဉ် အသုံးပြုနေတဲ့ အရာတွေမှာ တပ်ဆင်ပြီး အင်တာနက်နဲ့ ချိတ်ဆက်ကာ အနီးမှဖြစ်စေ အဝေးမှ ဖြစ်စေ ထိန်းချုပ်ပြီး အသုံးပြုခြင်း အားဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပိုမို လွယ်ကူစေဖို့အတွက် ပညာရှင်များက ရည်ရွယ်ခဲ့ကြပါတယ်။
ဒီလို ရည်ရွယ်ထုတ်လုပ်တဲ့ နေရာမှာ IoT ကို အကြမ်းအားဖြင့် အပိုင်း သုံးပိုင်းခွဲပြီး လေ့လာလို့ရပါတယ်။ ဒါတွေကတော့ Physical Layer, network layer နဲ့ application layer တို့ဖြစ်ပါတယ်။ Physical Layer ကတော့ အသုံးပြုမယ့် စက်ပစ္စည်းရဲ ့အပြင်ဘက် ကိုယ်ထည်တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒုတိယ အပိုင်းဖြစ်တဲ့ network layer ကတော့ ကွန်ယက်ချိတ်ဆက်မှု ပိုင်းဆိုင်ရာတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ဆုံး တစ်ခုဖြစ်တဲ့ application layer ကတော့ ဆော့ဖ်ဝဲပိုင်း ကို ဆိုလိုတာဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ IoT ကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး သာမက ဘက်ပေါင်းစုံမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ IoT ကို နေရာပေါင်းစုံမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် လိုအပ်ချက်တွေ များစွာထဲမှာ ပညာရှင်တွေဟာ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
IoT ကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အထူးဂရုစိုက် အသုံးပြုရန် လိုအပ်နေတဲ့ နေရာတွေက အချို့ကို ယခု ဆောင်းပါးမှာ ရေးသား ဖော်ပြလိုက်ပါတယ်။

Image Source: https://kanzlei-hoffmann-kiel.de

စိုက်ပျိုးရေး

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုဟာ စိုက်ပျိုးရေးလုပ်ငန်းတွေပေါ်မှာ မှီတည်နေကြရပါတယ်။ လယ်သမား အများစုဟာလည်း လက်မှုလယ်ယာ ဖြင့်သာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြရဆဲပါ။ ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Business Insider ကတော့ ၂၀၂၀ မှာ IoT ပစ္စည်းပေါင်း ရ၅ သန်းကျော်ဟာ စိုက်ပျိုးရေး နဲ့ ဆက်နွယ်သော ပစ္စည်းတွေ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တောင်သူလယ်သမားတွေဟာ
IoT ကို အသုံးပြုခြင်းဖြင့် မြေသားတွေရဲ့ အက်ဆစ် ပမာဏ ပြင်းအား၊ မြေဆီလွှာ စိုထိုင်းဆတွေကို ကျွမ်းကျင်သူတွေရဲ့အကူအညီတွေနဲ့ တိုင်းတာ သိရှိနိုင်ပါတယ်။ ဒါမှသာ ရာသီဥတုနဲ့ရော မြေသားနဲ့ပါ သင့်တော်တဲ့ သီးနှံတွေကို အချိန်နဲ့ တပြေးညီ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး အတွက် လိုအပ်တဲ့ ရွက်ဖြန်းဆေးများ၊ ပိုးမွှားကာကွယ်ဆေးများ ကို စနစ်တကျအသုံးပြုရန်နဲ့ မျိုးစေ့များကို စိုက်ခင်းစိုက်ကွက်တွေမှာ ကောင်းမွန်စွာ ကျဲနိုင်ဖို့ လူမပါပဲ အဝေးထိန်း စက်တွေနဲ့ Drone လို့ခေါ်တဲ့ ယာဉ်ငယ်တွေကို ကျယ်ပြန့်စွာ အသုံးပြုပေးနိုင်မယ်ဆိုရင်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုမို သိသာထင်ရှားတဲ့ ရလဒ်တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

Image Source:  http://editimage.club/voip.html

ကျန်းမာရေး

ကျန်းမာရေးအပိုင်းမှာဆိုရင်လည်း IoT ကို အသုံးပြုခြင်းအားဖြင့် ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေရဲ့ရောဂါရာဇဝင်တွေကို Cloud system နဲ့ စနစ်တကျ သိမ်းဆည်းလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက ပထမဆုံး ဥပမာပါ။ ထိုမှ တဆင့် လူနာရဲ ့ကုသမှုတွေ၊ ဓာတ်မတည့်မှုတွေ၊ ရောဂါပျောက်ကင်းပုံတွေကို အဆင့်ဆင့် မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ချိတ်ဆက်ကာ ပိုမိုလျင်မြန်စွာ ကုသမှု ပေးလို့ ရလာမှာပါ။ လူနာရဲ ့မှတ်တမ်းမှာ ရောဂါဆိုင်ရာ အချက်အလက်တွေသာမက အပူချိန်၊ အောက်ဆီဂျင်အသုံးပြုမှုလို အသေးစိတ်ကျတဲ့ အချက်အလက်တွေကိုပါ IoT အကူအညီနဲ့ မှတ်သားနိုင်တော့မှာပါ။ ဒါ့အပြင် နေရာဒေသအလိုက် ဖြစ်တတ်တဲ့ ရောဂါများ၊ အထူးသဖြင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း အတတ်နိုင်ဆုံး စောင့်ကြည့်ကာကွယ်မှုတွေ ပေးနိုင်လာမှာ ဖြစ်ပြီး ရုတ်တရက် ရောဂါကျရောက်မှုများ ဖြစ်လာရင်လည်း IoT မှာထားရှိတဲ့ အချက်အလက်တွေ အကူအညီနဲ့ အမြန်ဆုံး ကုသမှုတွေ ပေးလာနိုင်ဖို့ အခွင့်အရေးတွေ ရှိလာမှာ ဖြစ်ပါတယ်။

စွမ်းအင်

လူတိုင်းသိကြတဲ့အတိုင်း ကမ္ဘာ့စွမ်းအင် အရင်းအမြစ်တွေဟာ လူဦးရေ တိုးပွားမှုကို လိုက်ပြီး ပိုမိုသုံးစွဲရမှု၊ လွဲမှားစွာ အသုံးချမှုနဲ့ ဖြုန်းတီးမှုတွေကြောင့် တဖြည်းဖြည်း လျော့ပါးလာပါတယ်။ ဒီအတွက်လည်း ပညာရှင်တွေဟာ စွမ်းအင်တွေကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေနေကြပါတယ်။ စွမ်းအင်နဲ့ပတ်သက်ပြီး လူသိများထင်ရှားတဲ့ IoT ပစ္စည်းတစ်ခုကတော့ နေစွမ်းအင်သုံးပြီး လျှပ်စစ်မီးထုတ်လုပ်တဲ့ Solar system ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်စွမ်းအားကို အတော်အတန် သက်သာစေပေမယ့် စွမ်းအင်ကို ပိုမိုအသုံးပြုမှု သို့မဟုတ် ဖြုန်းတီးမှုတို့မှ ကာကွယ်ရန် အချို့နိုင်ငံတွေမှာ အိမ်တစ်အိမ်အတွက် လိုအပ်တဲ့ လျှပ်စစ်ပမာဏ ထက်ပိုရင် ရပ်တန့်ဖြတ်ချပေးတဲ့ စနစ်မျိုးကို solar system တွေမှာ ထည့်သွင်းအသုံးပြုနေကြပါတယ်။ ပိုသုံးမိတဲ့ လျှပ်စစ်ပမာဏ တန်ဖိုးငွေကို မိုဘိုင်း စနစ်ကနေပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါက လျှပ်စစ်အသုံးပြုမှုပါ။
ရေအရင်းအမြစ်အသုံးပြုမှုမှာဆိုရင်လည်း ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံခန့်ဟာ သန့်ရှင်းတဲ့ရေကို အသုံးပြုခွင့် မရကြသေးပါဘူး။ ဒါကြောင့် သန့်ရှင်းတဲ့ရေကို လိုအပ်နေတဲ့ လူတွေဆီ ကောင်းမွန်စွာ ပို့ဆောင်နိုင်ရေးဟာလည်း အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်လာပါတယ်။ IoT စနစ်ကို ရေပိုက်လိုင်းတွေမှာ တပ်ဆင်ထားမယ်ဆိုရင် ရေမှာပါတဲ့ အက်ဆစ်ပမာဏ၊ အနည်ကျမှု၊ ထုံးဓာတ်၊ သန့်ရှင်းမှုတို့ကို တိုင်းတာနိုင်မှာ ဖြစ်ပြီး လိုအပ်တဲ့ နေရာတွေကို သန့်ရှင်းစွာ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Image Source: http://www.paryagat.com

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီငလျင် နောက်ပိုင်းမှာ ငလျင်နဲ့ ပတ်သက်တဲ့ တိုင်းတာချက်တွေကို ပိုမိုတိကျစွာ ပြုလုပ်နိုင်ဖို့ ပင်လယ်ကြမ်းပြင်တွေမှာတောင် ငလျင်လှိုင်းကို တိုင်းတာနိုင်တဲ့ စနစ်တွေကို တပ်ဆင်ခဲ့ကြပါတယ်။ ဒါဟာ ငလျင်ဖြစ်ပွားနှုန်း လုံးဝ မရှိအောင် လုပ်နိုင်တာ မဟုတ်ပေမယ့် ကြိုတင် ကာကွယ်ရေး၊ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ ့ပြောင်းရေးတွေမှာ အသုံးဝင်ခဲ့ပါတယ်။ ဒါဟာ IoT ရဲ ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပါပဲ။
ဒါ့အပြင် ရှားပါးတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အရေးပါလာပါတယ်။ ရှားပါးသတ္တဝါမျိုးစိတ်များရှိတဲ့ တောတွေထဲမှာ Drone တွေလွှတ်ထားပြီး အကောင်အရေအတွက်ကို စောင့်ကြည့်လေ့လာခြင်း၊ စနစ်တကျမွေးမြူခြင်း၊ အသေအပျောက်နှုန်းများ တတ်အားသမ ျှ နည်းစေရန် စောင့်ရှောက်ခြင်းတို့ကလည်း IoT ကပေးတဲ့ နည်းပညာ အကျိုးရလဒ်တစ်ခု ဖြစ်ပါတယ်။

နောက်ဆောင်းပါးတွေမှာလည်း IoT နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာများကို ဆက်လက်ရေးသားပါဦးမယ်။
Aurora