Facebook Connectivity က 5BB Broadband နှင့် Kinetic တို့ဖြင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အများပြည်သူသုံး အင်တာနက် Express Wi-Fi မိတ်ဆက်

Facebook Connectivity က အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများဖြစ်သော 5BB Broadband နှင့် Kinetic တို့ဖြင့် မိတ်ဖက်ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အင်တာနက် ရယူအသုံးပြုနိုင်မှု ပိုမိုမြှင့်တင်ပေးနိုင်ရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကုမ္ပဏီများသည် Facebook Connectivity ၏ Express Wi-Fi ပလက်ဖောင်းကို အသုံးပြုပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အင်တာနက် Wi-Fi ရရှိနိုင်သော အများပြည်သူသုံး နေရာများ ဖန်တီးပေးမည်ဖြစ်ပြီး မြန်ဆန်၊ စိတ်ချရသော အင်တာနက် Wi-Fi ကို လူအများ အလွယ်တကူ ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ဖိုင်ဘာအင်တာနက်လိုင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများထဲက တစ်ခုအပါအဝင် ဖြစ်သော 5BB Broadband သည် လာမည့် နှစ်နှစ်အတွင်း အင်တာနက် ဝန်ဆောင်မှု ရယူနိုင်သည့် နေရာပေါင်း (၃,၀၀၀) ကျော် ဖန်တီးပေးနိုင်ရန် စီစဉ်ထားပါသည်။ 5BB Broadband သည် ဈေးဝယ်စင်တာမောလ်များ၊ ကော်ဖီဆိုင်များ စသည့် အင်တာနက် ရရှိနိုင်သော အများပြည်သူသုံး နေရာများကို ရန်ကုန်နှင့် မန္တလေးမြို့တွင် စတင် တပ်ဆင်ပေးနေပြီဖြစ်ပြီး အဆိုပါ နေရာများ အနီးတဝိုက်ရှိ အသုံးပြုသူများမှာ အင်တာနက်၏ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြပြီ ဖြစ်ပါသည်။

Photo Source https://bit.ly/2LJTdw9

“ဒစ်ဂျစ်တယ် နည်းပညာ ရယူနိုင်သူတွေနဲ့ မရနိုင်သေးတဲ့သူတွေကြား ကွာဟချက်တွေ နည်းနိုင်သမျှ နည်းလာအောင် ပေါင်းကူးပေးပြီး လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်သူတွေ အတွက် ‘စံချိန်စံနှုန်းမီ ယုံကြည်စိတ်ချရတဲ့ အင်တာနက်အမြန်နှုန်းနဲ့ Wi-Fi’ ဝန်ဆောင်မှုပေးအပ်ဖို့ ဆောင်ရွက် နေတာပါ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မျှော်မှန်းချက်နဲ့အညီ 5BB Broadband နဲ့ Facebook ရဲ့ Express Wi-Fi တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လူအများ အလွယ်တကူ အသုံးပြုနိုင်ပြီး စိတ်ချရတဲ့ အင်တာနက်ကို ရယူအသုံးပြု နိုင်တော့မှာပါ။ အခုအချိန်မှာ အခြေခံအဆောက်အအုံ ကန့်သတ်ချက်တွေကြောင့် အရည်အသွေးမြင့် အင်တာနက် မရရှိနိုင်သေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံး နေရာဒေသတွေမှာရှိတဲ့ စိန်ခေါ်မှုတွေကိုပါ အခုလို ကမ္ဘာ့အဆင့်မီ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု 5BB Broadband ၏ Co-founder နှင့် Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုး က ပြောသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်း အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် Kinetic မှာလည်း လာမည့် (၁၈) လ အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ရေရှည်အသုံးပြုနိုင်မည့် အများပြည်သူသုံး Wi-Fi အင်တာနက် ကွန်ရက်တစ်ခု ပေးအပ်နိုင်ရန် Express Wi-Fi ပလက်ဖောင်းကို အသုံးပြုမည် ဖြစ်ပါသည်။
“Facebook Connectivity နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး Express Wi-Fi ပလက်ဖောင်းကိုလည်း ကောင်းကောင်း အသုံးချသွားဖို့ကို ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် လအနည်းငယ်အတွင်းမှာ Kinetic internet အသုံးပြုသူတွေအနေနဲ့ အသက်သာဆုံး ဈေးနှုန်းနဲ့ အမြန်ဆုံး၊ အကောင်းဆုံး Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ပါပဲ” ဟု Kinetic Myanmar Technology Co., Ltd. ၏ Managing Director ဖြစ်သူ ဦးမြမိုးအောင် က ပြောသည်။
“လူတိုင်းလက်လှမ်းမီပြီး အရည်အသွေးမြင့်တဲ့ အင်တာနက်ဆိုတာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြား ကိစ္စတွေအများကြီး ဆောင်ရွက်နိုင်ဖို့ မရှိမဖြစ် အရာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ Express Wi-Fi ပလက်ဖောင်းကို အသုံးပြုပြီး 5BB Broadband နဲ့ Kinetic လိုမျိုး မိတ်ဖက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လူတွေအများကြီးအတွက် အင်တာနက် ချိတ်ဆက်မှုတွေနဲ့ သူရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရရှိနိုင်အောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်တစ်ဝန်းက လူမှုအသိုင်းအဝိုင်းတွေ အများကြီး အတွက် လူတိုင်းအသုံးပြုနိုင်ပြီး မြန်ဆန်တဲ့ အင်တာနက် Wi-Fi တွေကို ရေရှည် ရယူအသုံးပြုနိုင်အောင် မိတ်ဖက် ပူးပေါင်းမှုတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်”ဟု Facebook ၏ အရှေ့တောင်အာရှဆိုင်ရာ Head of Connectivity and Access Policy ဖြစ်သူ Tom Chottayil Varghese က ပြောသည်။

Photo Source https://bit.ly/2LJTdw9

Facebook Connectivity ၏ Express Wi-Fi ပလက်ဖောင်းတွင် ပါဝင်သော နည်းပညာ အစုံအလင်မှာ 5BB Broadband နှင့် Kinetic ကဲ့သို့ အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအတွက် ၎င်းတို့၏ အင်တာနက် Wi-Fi လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့်၊ ရေရှည်လုပ်ကိုင်နိုင်သည့် နည်းလမ်းဖြင့် တည်ဆောက်ပြီး တိုးချဲ့စီးပွားရှာနိုင်ရန် ပံ့ပိုးထားပါသည်။ တိုက်ရိုက်နှင့် သွယ်ဝိုက်စွာ စီးပွားရှာနိုင်သည့် စွမ်းရည်နှစ်မျိုးကို ထူးခြားစွာ ပေါင်းစပ်အသုံးချထားပြီး Wi-Fi အင်တာနက်ကွန်ရက်များအတွက် သီးသန့် ထည့်သွင်းပေးထားသော အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့်အတူ Express Wi-Fi ပလက်ဖောင်းသည် ဒေသတွင်း၊ နိုင်ငံနှင့် ပြည်တွင်း လိုအပ်ချက်များနှင့်အညီ ချဉ်းကပ်ပုံအမျိုးမျိုးဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ရန် ထောက်ပံ့ထားပါသည်။ ရလဒ်အနေဖြင့် Express Wi-Fi ပလက်ဖောင်းသည် ပိုမို မြန်ဆန်၊ အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသော အင်တာနက်ကို လူများများထံ ပို၍ ပေးအပ်နိုင်မည် ဖြစ်သည်။
Express Wi-Fi သည် Facebook Connectivity အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုမို မြန်ဆန်သော အင်တာနက်ဖြင့် လူများများ ပို၍ အွန်လိုင်းအသုံးပြုလာနိုင်ရန် ရည်ရွယ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုမို ကျယ်ပြန့်စွာ၊ အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ Facebook Connectivity တွင် ဆက်သွယ်ရေးနှင့် နည်းပညာ ပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သော အဖွဲ့သည် ကမ္ဘာ့နိုင်ငံအနှံ့ရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ မိုဘိုင်းကွန်ရက် အော်ပရေတာများ၊ ပရဟိတ အဖွဲ့အစည်းများ စသည်ဖြင့် မိတ်ဖက်များနှင့် စနစ်တကျ ပူးပေါင်းလုပ်ကိုင်နေပြီး ဈေးသက်သာကာ အရည်အသွေးမြင့် အင်တာနက် ရရှိမှု ပိုမို များပြားလာစေမည့် အစီအစဉ်များ၊ နည်းပညာများနှင့် စီးပွားရေးလုပ်ငန်း ပုံစံများကို ဖန်တီး အကောင်အထည်ဖော်လျက် ရှိပါသည်။ Express Wi-Fi ပလက်ဖောင်းကို နိုင်ငံပေါင်း (၂၅) နိုင်ငံကျော်တွင် အသုံးပြုနေကြပြီ ဖြစ်သည်။
အသုံးပြုပုံမှာလည်း အောက်ပါအတိုင်းဖြစ်သည်။
(၁) သင့်ရဲ့ (ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ အစရှိသော) နည်းပညာပစ္စည်းတစ်ခုမှာ Wi-Fi ကို ဖွင့်ပြီး Express Wi-Fi ရနိုင်တဲ့ ဘယ်နေရာမှာမဆို Express Wi-Fi ဆိုတဲ့ အမည်ကို ရှာပြီး ချိတ်လိုက်ပါ။
(၂) ထို့နောက် တွေ့မြင်ရတဲ့ portal နေရာကနေ သင့် မိုဘိုင်းဖုန်းနံပါတ် ရိုက်ထည့်ပြီး login ဝင်လိုက်ပါ။
(၃) အတည်ပြုဖို့အတွက် သင့်မိုဘိုင်းဖုန်းကို ပို့လိုက်တဲ့ OTP/PIN နံပါတ် ရိုက်ထည့်ပြီးရင် login ဝင်တဲ့ အဆင့် ပြီးသွားပါပြီ။
(၄) သင်သုံးနေတဲ့ ဖုန်း၊ ကွန်ပျုတာမှာ ဈေးသက်သာပြီး မြန်ဆန်၊ စိတ်ချရတဲ့ အင်တာနက်ကို ရယူနိုင်ပါသည်။
အသေးစိတ် ပိုမို သိရှိလိုပါက https://connectivity.fb.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။